Natural Room Scents

ဒီတစ်ပတ်မှာတော့ သင့်အိမ်အတွင်း ဒါမှမဟုတ် ရုံးခန်းအတွင်းမှာ စိတ်လက်ကြည်ရွှင်စေမယ့်၊ လန်းဆန်းတက်ကြွစေမယ့် ရနံ့ပုလင်းငယ်လေးတွေ ပြုလုပ်နည်းကို ဖော်ပြပေးချင်ပါတယ်။

လိုအပ်တာတွေက …

♦ သံပရာသီး၊ သံပရိုသီး၊ လိမ္မော်သီး
♦ Rosemary၊ ကလျာဏီရွက် သို့မဟုတ် စမုန်ဖြူရွက်၊ ထင်းရှူးရွက် သို့မဟုတ် သစ်ကတိုး သို့မဟုတ် ရနံ့မွှေးသော အခက်အလက်များ
♦ ကရဝေးရွက်၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊ နာနတ်ပွင့်၊ ဖာလာစေ့၊ ဇာတိပ္ဖိုလ်သီး
♦ သံပရာရနံ့ဆီ၊ ဗနီလာရနံ့ဆီ၊ လိမ္မော်ရနံ့ဆီ၊ ဗာဒံစေ့ရနံ့ဆီ၊ ပူရှိမ်းရနံ့ဆီ
♦ သစ်ကြံပိုးခေါက်မှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ချင်း(ဂျင်း)မှုန့်၊ ဇာတိပ္ဖိုလ်သီးမှုန့်၊ လေးညှင်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်ရွက်များ

ပြုလုပ်နည်း

♥ Scent 1

သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊ နာနတ်ပွင့်နဲ့ အကွင်းလိုက် အခြမ်းလိုက် လှီးထားတဲ့ လိမ္မော်သီးတွေကို ပထမပုလင်းငယ်ထဲ ထည့်ပြီးနောက် ရေထည့်ပါ။ ပြီးရင် လိမ္မော်ရနံ့ဆီ နှစ်စက်သုံးစက်ခန့်၊ သစ်ကြံပိုးခေါက်မှုန့်၊ ဇာတိပ္ဖိုလ်သီးမှုန့်၊ လေးညှင်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့် အနည်းငယ်စီ ထည့်ပါ။ ခေါင်းကိုက်၊ ခေါင်းမူးဝေဒနာခံစားနေရသူတွေအတွက် ဒီပုလင်းထဲက အံ့ဖွယ်ရနံ့က ကူညီပေးနိုင်ပါလိမ့်မယ်။

♥ Scent 2


Rosemary ရွက်၊ အကွင်းလိုက် အခြမ်းလိုက်လှီးထည့်ထားတဲ့ သံပရိုသီးတွေကို ဒုတိယပုလင်းငယ်ထဲထည့်ပါ။ ပြီးနောက် ရေနဲ့ ဗနီလာဆီထည့်ပါ။ ဒီပုလင်းလေးထဲကနေ ချစ်စဖွယ် လန်းဆန်းတဲ့ရနံ့ကို ရရှိမှာဖြစ်ပါတယ်။

♥ Scent 3


ဒီပုလင်းငယ်အတွက်တော့ သံပရာသီး၊ စမုန်ဖြူရွက် ဒါမှမဟုတ် ကလျာဏီရွက်၊ သံပရာဆီ၊ ပူရှိမ်းဆီနဲ့ ဗနီလာဆီတို့ လိုအပ်ပါတယ်။ သံပရာသီးကို အကွင်းလေးတွေ လှီးထည့်ပါ။ အဲဒီနောက် စမုန်ဖြူရွက်နဲ့ ရေထည့်ပါ။ ပြီးရင် ပူရှိမ်းဆီနဲ့ ဗနီလာဆီကို အစက်အနည်းငယ်ခန့် ထည့်လိုက်ပါ။ ဒီပုလင်းငယ်ထဲကရတဲ့ ရနံ့ဟာ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပါလိမ့်မယ်။

♥ Scent 4


လိမ္မော်သီးလေးတွေကို အကွင်းလိုက် အခြမ်းလိုက်လှီးပြီး ချင်းလေးတွေကို အကွင်းလိုက် လှီးကာ ပုလင်းငယ်ထဲ ထည့်ပါ။ ပြီးရင် ချင်းမှုန့်၊ ရေနဲ့ ဗာဒံစေ့ဆီ ထည့်ပါ။ ဒီပုလင်းလေးထဲကနေ ချိုမြလတ်ဆတ်တဲ့ရနံ့ ရရှိပါလိမ့်မယ်။

♥ Scent 5


ထင်းရှူးရွက် ဒါမှမဟုတ် သစ်ကတိုးရွက် ဒါမှမဟုတ် ရနံ့မွှေးအခက်အလက်တွေ၊ လေးညှင်းပွင့်၊ ဇာတိပ္ဇိုလ်သီးအမှုန့်နဲ့ အသီးတွေနဲ့ ကရဝေးရွက်တွေကို ပုလင်းငယ်ထဲ ထည့်ပါ။ အဲဒီနောက် ရေနဲ့ ဟင်းခတ်အမွှေးအကြိုင်ဆီရောထည့်ပါ။ ဒီပုလင်းငယ်ကတော့ စိုးရိမ်ကြောင့်ကြမှုကြောင့် စိတ်ရှုပ်ထွေးနေတာတွေအတွက် ရနံ့ကုထုံးအဖြစ် အသုံးဝင်ပါလိမ့်မယ်။

♥ Scent 6


Scent 1 (ပထမပုလင်းငယ်)ထဲက ပါဝင်ပစ္စည်းတွေကို ရောစပ်ပြီး မီးနဲ့ ဆူအောင်တည်ကာ ရနံ့တွေကို ပေါင်းစပ်ပါ။ ပြီးနောက် ပန်းကန်လုံးလှလှလေးတစ်ခုထဲ ထည့်ပြီး သင့်ဧည့်ခန်းရဲ့ စားပွဲပေါ်မှာ တင်ထားလိုက်ပါ။ သင့်ဆီလာတဲ့ ဧည့်သည်တွေအတွက်တော့ ရောက်ရောက်ချင်းမှာတင် စိတ်လန်းဆန်းကြည်လင်သွားစေနိုင်ပါလိမ့်မယ်။

Tips!

♦ ပုလင်းတွေကို အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာ အေးခဲသွားအောင် တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ခန့် သိမ်းဆည်းပါ။
♦ ပြီးနောက် သင့်ရုံးခန်း၊ အိပ်ခန်း၊ ဧည့်ခန်း ဒါမှမဟုတ် သင် အလိုရှိရာ နေရာတွေ (အခန်းအပူချိန်အတွင်း)မှာ ထားနိုင်ပါပြီ။


♥   ဆူးမြာ  ♥

Good Health Journal 681

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *