သင်နေမကောင်းဖြစ်နေကြောင်း ခန္ဓာကိုယ်ကဖော်ပြနေသည့် လက္ခဏာများ

ရေခဲစားချင်နေတာ၊ ငါးခြောက်လိုမျိုး အငန်စာတွေကို တစ်ချိန်လုံးစားချင်နေတာ က သင့်ခန္ဓာကိုယ်အတွင်းမှာ ကျန်းမာရေးချို့တဲ့နေတဲ့လက္ခဏာ ဒါမှမဟုတ် ဗီတာမင် နဲ့ သတ္တုဓာတ်ချို့တဲ့နေတဲ့လက္ခဏာတွေကြောင့် ဖြစ်တာလို့ ကျွမ်းကျင်သူတွေက ဆို ထားပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အမူအကျင့်အသစ်တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာ တိုင်း သင့်ခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေပြီလားဆိုတာကို သိနိုင်ဖို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

♦ ခြေဖဝါးတွင် ရွစိရွစိတက်နေသကဲ့သို့ ခံစားနေရခြင်း
သင့်ခြေထောက်နဲ့ ခြေဖဝါးမှာ ပုရွက်ဆိတ်တွေ ပြေးလွှားနေသလိုမျိုး ရွစိတက် နေတာ ဒါမှမဟုတ် ခြေထောက်ကို ဆတ်ခနဲ ရွေ့လျားချင်တာမျိုး ဖြစ်ပေါ်နေတာက ခြေထောက်အငြိမ်မနေနိုင်တဲ့ရောဂါ (Restless Leg Syndrome) ဖြစ်နေတာပါ။ ဒီ ပြဿနာက ရေရှည်ဖြစ်တတ်ပြီး အထူးသဖြင့် ညဘက်အနားယူချိန်မှာ ပိုမိုဖြစ်တတ်ပါ တယ်။

♦ အသားအရေထူအမ်းအမ်းဖြစ်လာခြင်း
သင့်အရေပြားက ထူထပ်လာပြီး ယားယံနေတယ်ဆိုရင် ဟော်မုန်းပြဿနာ၊ နှင်းခူ ဒါမှမဟုတ် ဓာတ်မတည့်တာလိုမျိုး ခန္ဓာကိုယ်တွင်းမှာ ပြဿနာဖြစ်နေတဲ့ လက္ခဏာပါ။ ရောဂါလက္ခဏာ မသက်သာရင် ဒါမှမဟုတ် ပိုမိုဆိုးရွားလာရင် သွေးစစ် ဆေးမှုပြုလုပ်ရပါမယ်။

♦ လက်ရေးလက်သားပြောင်းလဲလာခြင်း၊ အနံ့အသက် မရတော့ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း
လက်ရေးလက်သားပြောင်းလဲတာ၊ အနံ့အသက်မရတော့တာ၊ အိပ်မက်ဆိုးမက် တာတွေက ပါကင်ဆန်ရောဂါရဲ့ လက္ခဏာပါ။ ဒီရောဂါဖြစ်ရင် လက်တုန်တာ၊ ရွေ့ လျားမှုနှေးကွေးတာ၊ အိပ်မရတာ၊ အိပ်မက်ဆိုးမက်တာတွေအပြင် အသံနဲ့ လက်ရေး လက်သားအနေအထားတွေပါ ပြောင်းလဲသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်ထားပါတယ်။

♦ စိတ်တိုစိတ်ဆတ်လွယ်လာခြင်း
ဒေါသကြီးလွန်းတာက လူတစ်ယောက်ရဲ့ အမူအကျင့်တစ်မျိုးတည်းကြောင့် မဟုတ်ပါဘူး။ စိတ်ကျရောဂါနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ သုတေသီတွေက ဆိုပါ တယ်။ စိတ်ကျရောဂါရှိသူတွေအနေနဲ့ အလွန်အမင်းဝမ်းနည်းနိုင်သလို အလွန်အမင်း လည်း ဒေါသထွက်လွယ်နိုင်ပါတယ်။

♦ အိပ်စက်မှုများလွန်းခြင်း
ဒီရောဂါကိုတော့ Hypersomnia လို့ ခေါ်ပါတယ်။ ပင်ပန်းလွန်းတာကြောင့် ဖြစ်နိုင်သလို မိမိခန္ဓာကိုယ်တွင်းက ဆဲလ်ကို ပြန်လည်တိုက်ခိုက်တဲ့ auto immune ရောဂါကြောင့် အချိန်ပြည့် အိပ်ငိုက်နေပြီး နေရာမရွေးအိပ်ပျော်သွားနိုင်ပါတယ်။ ဒါ့ အပြင် အိပ်ချိန်မတိုင်ခင်မှာ အရက်သောက်ထားတာကြောင့်လည်း အိပ်စက်ချိန်များ လွန်းနိုင်ပါတယ်။

♦ မျက်လုံးအရောင်ပြောင်းလဲခြင်း
မျက်ကြည်လွှာတစ်ဝိုက်မှာ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင်စက်ဝိုင်းသဏ္ဌာန် ဖြစ်နေရင် သွေးတွင်းကိုလက်စထရောများနေတဲ့လက္ခဏာပါလို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

♦ အငန်စားချင်စိတ်လွန်ကဲခြင်း
အငန်ကို ထိန်းမရနိုင်အောင် အလွန်အမင်းစားသုံးချင်နေတာက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ၊ ရေဓာတ်ချို့တဲ့တာ ဒါမှမဟုတ် ဓမ္မတာအကြိုဝေဒနာကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ထုတ်ဖော်ထားပါတယ်။

♦ သတိမေ့လွယ်ခြင်း၊ မောပန်းခြင်း၊ လိင်မှုကိစ္စစိတ်မဝင်စားခြင်း
ဒီလက္ခဏာတွေက တစ်ခါတလေ စိတ်ကျဝေဒနာနဲ့ ဆက်စပ်နေသလို သိုင်း ရွိုက်ဟော်မုန်းပြဿနာကြောင့် လည်း ဒီလိုပြဿနာတွေဖြစ်နိုင်ပါတယ်။ အဝလွန်တာ နဲ့ ချမ်းစိမ့်စိမ့်ဝေဒနာတွေလည်း ခံစားရနိုင်ပါတယ်။

♦ အမြဲလိုလိုရေငတ်နေခြင်း
နွေရာသီမဟုတ်ဘဲ တစ်ချိန်လုံးရေငတ်နေတာက ပုံမှန်အခြေအနေမဟုတ်ဘူး လို့ လေ့လာသူတွေက ထုတ်ဖော်ထားပါတယ်။ အစပ်စာ၊ အငန်စာတွေ စားသုံးမှု မများဘဲ ဒါမှမဟုတ် ရာသီဥတုပူပြင်းတာမဟုတ်ဘဲ တစ်ချိန်လုံးရေငတ်နေတာက ဆီးချိုရောဂါ ဒါမှမဟုတ် ကိုယ်ဝန်ရှိနေတဲ့လက္ခဏာပါ။

♦ ရေခဲကို ချင်ခြင်းတပ်နေခြင်း
ရေခဲကို တကြွပ်ကြွပ်ဝါးစားချင်နေတာက သံဓာတ်ချို့တဲ့တာ ဒါမှမဟုတ် သွေး အားနည်းရောဂါရဲ့ လက္ခဏာပါ။ သွေးစစ်ဆေးဖို့ လိုအပ်ပြီး သံဓာတ်ပါဝင်တဲ့ အား ဖြည့်ဆေးတွေ မှီဝဲရပါမယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal