သူငယ်ပြန်ခြင်းမဖြစ်စေရန် စားသင့်သောအစားအစာများ

သင့်ပန်းကန်ထဲမှာ ထည့်စားတဲ့အစားအစာက သင့်ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ သက်ရောက်မှုရှိပါတယ်။ သူငယ်ပြန်နိုင်ခြေ လျော့ကျလေအောင် စိုးရိမ်စိတ်တွေ ဖယ်ရှားနိုင်ဖို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့အစာ စားသုံးမှသာ စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်မှာပါ။ လေ့လာမှုတွေအရ အစားအသောက်ပုံစံတစ်မျိုးတည်းပြောင်းလဲရုံနဲ့တင် သူငယ်ပြန်နိုင်ခြေ ၅၃ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ သိရပါတယ်။

ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ ကောက်နှံတစ်ခုလုံးအပါအဝင် သဘာဝထုတ်ကုန် ပစ္စည်းတွေကို စားသုံးပြီး ပြုပြင်ထားတဲ့အစားအစာနဲ့ အဆင်သင့်စားလို့ရတဲ့အစား အစာလိုမျိုး ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကို ရှောင်ရှားရမှာဖြစ်ပေမယ့် သူငယ်ပြန်တာနဲ့ပတ်သက်လာရင် စိတ်ကျန်းမာရေးကောင်းမွန်နေအောင် နည်းမှန်လမ်းမှန် စားသုံးနိုင်ဖို့ ဂရုစိုက်ရပါမယ်။

အောက်ပါတို့ဟာ သူငယ်ပြန်နိုင်ခြေ နည်းပါးအောင် စားသုံးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာနှင့်ပဲအမျိုးမျိုး
လူအများစုက အဝလွန်တာနဲ့ပတ်သက်ရင် ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ရှောင်ရှားတတ်ကြပါတယ်။ အမှန်မှာတော့ ကာဗိုဟိုက်ဒရိတ်တွေက ပရိုတင်းနဲ့ တခြားဗီတာ မင်လိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အစားအစာဖြစ်ပါတယ်။ ဦးနှောက်ကျန်းမာရေးကောင်းမွန်ဖို့အတွက် ကာဗိုဟိုက်ဒရိတ် အဓိကရရှိဖို့ အုတ်စပါး၊ ဘာလီနဲ့ ဆန်လို မျိုး ကောက်နှံတစ်ခုလုံးပါဝင်စာတွေကို စားသုံးရပါမယ်။ ဒီအစားအစာတွေမှာ ဗီတာမင် ဘီတွေ ပေါကြွယ်ဝစွာပါဝင်တဲ့အတွက် ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး မှတ်ဉာဏ်ထက်သန်နိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာတွေကို တစ်နေ့ သုံးကြိမ် စားသုံးပြီး ပဲအမျိုးမျိုးကို တစ်ပတ်တစ်ကြိမ် စားသုံးပါ။

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။ သူတို့မှာ ဦးနှောက်ကျန်းမာရေးကောင်းမွန်စေတဲ့ ဗီတာမင် ကေ၊ သံဓာတ်၊ ဗီတာမင် စီ နဲ့ တချို့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင်ပန်းဂေါ်ဖီတွေက အကောင်းဆုံးသော ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ သူငယ်ပြန်နိုင်ခြေကို လျှော့ချဖို့အတွက် တစ်ပတ် အနည်းဆုံးခြောက် ကြိမ် အစိမ်းရောင်ဟင်းသီးဟင်းရွက်ကို စားသုံးပေးပါ။

ဘယ်ရီသီးများ
သစ်သီးတွေက ကျန်းမာရေးအတွက် ကောင်းမွန်နိုင်ပေမယ့် ဘယ်ရီသီးတွေက (အထူးသဖြင့်) စိတ်ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။ ဖလေဗို နွိုက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်တဲ့ စတော်ဘယ်ရီသီးမျိုးကို တစ်ပတ်နှစ် ကြိမ် စားသုံးပေးရင် ရောင်ရမ်းမှုလျော့ကျနိုင်ပြီး ဓာတ်တိုးပစ္စည်းတွေလည်း ကင်း စင်နိုင်ပါတယ်။ ဒါ့ပြင် သူတို့က ဦးနှောက်ဆဲလ်တစ်ခုနဲ့တစ်ခုဆက်သွယ်မှုလည်း ကောင်းမွန်နိုင်ပါတယ်။

ငါး၊ ကြက်သားနှင့် ဥအမျိုးမျိုး
သက်သတ်လွတ်စားသုံးသူမဟုတ်ရင် ငါး၊ ကြက်သားနဲ့ ကြက်ဥကို အပတ်စဉ် စားသုံးသင့်ပါတယ်။ ငါးမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေက ဦးနှောက်ဆဲလ် ကျန်းမာရေးကောင်းမွန်ဖို့ ကူညီနိုင်ပြီး ကြက်သားမှာပါဝင်တဲ့ ဗီတာမင် ဘီ တွေက ဦးနှောက်အတွင်းရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။ သူငယ်ပြန်နိုင်ခြေ လျော့ကျနိုင်အောင် ငါးဟင်း တစ်ပတ်တစ်ကြိမ်နဲ့ ကြက်သားဟင်း တစ်ပတ် နှစ်ကြိမ် စားသုံးပေးပါ။

အခွံမာသီးများ
အခွံမာသီးတွေကလည်း အိုမီဂါ ၃ ဖက်တီးအက်စစ်ပေါကြွယ်ဝတဲ့ အစားအ စာဖြစ်ပါတယ်။ တစ်ပတ်ကို အစေ့အဆန် ငါးကြိမ်စားသုံးပေးတာက ဓာတ်တိုးပစ္စည်း ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါ့ပြင် သူတို့မှာ ဗီ တာမင် အီး ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အသက်ကြီးသူတွေရဲ့ ဦးနှောက်ကျန်း မာရေးကို အထောက်အကူပြုပါတယ်။

ဘာတွေရှောင်သင့်လဲ
တချို့အစားအစာတွေက ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်စေပေမယ့် တချို့အစားအစာတွေကတော့ စိတ်နဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေ ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုအစားအစာတွေ စားသုံးမိရင် သူငယ်ပြန်တာ၊ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေ ဖြစ်နိုင်တာမို့ တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။ ဒါကြောင့် အမဲသား၊ ဆိတ်သား၊ ဝက်သားလိုမျိုး အနီရောင်အသားတွေကို တစ်ပတ် လေးကြိမ် အောက် လျှော့စားပါ။ ဆီကြော်စာ ဒါမှမဟုတ် အဆင်သင့်စားလို့ရတဲ့ အစားအစာ တွေကို တစ်ပတ်တစ်ကြိမ်ထက် ပိုမစားပါနဲ့။ ဒိန်ခဲကို တစ်ပတ်တစ်ကြိမ် သာစားပါ။ ကိတ်မုန့် ဒါမှမဟုတ် အချိုမုန့်တွေကို တစ်ပတ် ငါးခုထက် ပိုမစားပါနဲ့။ အရက်ကိုတော့ တစ်နေ့ တစ်ယူနစ်ထက် ပိုမသောက်ပါနဲ့။

#ဒေါက်တာခင်မိုးမိုး
#GeneralHealth
#GoodHealthJournal_848

Post Author: Good Health Journal