“အိုမီဂါသရီး၏ ကောင်းကျိုးများ (၁) ဒေါက်တာအေးမင်းထူး”

Omega 3ဆိုတာဘာလဲ။ 
Omega 3ဆိုတာ ငါးမှာရှိတဲ့ triglyceride အဆီဓာတ်တမျိုး ဖြစ်ပါတယ်။လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အဆီဓာတ်(essential fatty acid)တမျိုးလည်း ဖြစ်ပါတယ်။ essential ဆိုတဲ့သဘောက ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် ပြင်ပကနေ ဖြည့်စွက်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောမျိုးပါ။ အဆီတွေထဲမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ အဆီမျိုးဆိုရင်လည်း မမှားဘူး။သက်ရှိ ဆဲလ်တွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။ omega 3ကို ငါးရဲ့အဆီ(fish oil)ထဲမှာ အဓိကတွေ့ရတယ်။ဒီနေရာမှာ တချက်ပြောချင်တာက ငါးကြီးဆီ(cod-liver oil)နဲ့ ငါးအဆီ(fish oil)မတူညီပါဘူး။ ငါးကြီးဆီ(cod-liver oil)ဆိုတာ ငါးရဲ့အသည်းကနေ ထုတ်ယူထားတာပါ။ ငါးကြီးဆီမှာ omega 3အပြင် ဗီတာမင် အေနဲ့ဗီတာမင်ဒီဓာတ်တွေလည်းပါဝင်သေးတယ်။ သို့သော် ငါးကြီးဆီ(cod-liver oil)ရဲ့ အိုမီဂါသရီးပါဝင်မှုက ငါးအဆီ(fish oil)ထက် ၂ဆလောက် ပိုမိုနည်းပါးတယ်။ ဒါ့ကြောင့် အိုမီဂါ သရီးကြွယ်ဝတဲ့ အစားအစာကို ရွေးချယ်ချင်တယ်ဆိုရင် ငါးအဆီကို အဓိကစားပေးသင့်ပါတယ်။

 

Omega 3လို့ ဘာကြောင့် ခေါ်ကြလဲ
ဓာတုဖွဲ့စည်းပုံအရ omega 3ဆိုတာ long-chain fatty acid မျိုးဖြစ်ပါတယ်။ long-chainဆိုတဲ့သဘောက ကာဗွန်အက်တမ် အနည်းဆုံး ၁၈လုံးပါဝင်တဲ့ မော်လီကျုးတစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။ ကာဗွန်အက်တမ် ၃လုံးမြောက်မှာ အဆက်နှစ်ခုပါလို့ omega 3လို့ အလွယ်အမည်ပေးထားပါတယ်။ အလားတူ ကာဗွန်အက်တမ် ၆လုံးမြောက်မှာ အဆက်နှစ်ခုရှိရင် omega 6လို့ ခေါ်ပါမယ်။ ၉လုံးမြောက်မှာ ရှိရင် omega 9ဖြစ်ပါတယ်။ ကျန်းမာရေးရှုထောင့်အရ Omega 6ပမာဏဟာ Omega 3 ပမာဏရဲ့ ၄ဆထက် ပိုမများသင့်ပါဘူး။ သို့သော် အနောက်နိုင်ငံတွေရဲ့ စားသောက်မှုပုံစံအရ omega6စားသုံးမှုဟာ omega3ထက် များစွာပိုမိုနေတာတွေ့ရပါတယ်။

 

Fatty acidဆိုတာ ဘာလဲ
ဖက်တီးအက်ဆစ်ဆိုတာ အဆီဓာတ်တမျိုးဖြစ်ပါတယ်။ fatty acidထဲမှာ ပြည့်ဝဆီ(saturated fatty acid)နဲ့ မပြည့်ဝဆီ(unsaturated fatty acid)ဆိုပြီး ခွဲခြားထားတယ်။ ပြည့်ဝဆီဆိုတာ မကောင်းတဲ့အဆီမျိုးဖြစ်တယ်။ သာမန်အခန်းအပူချိန်မှာ ခဲနေတဲ့အဆီမျိုးဟာ ပြည့်ဝဆီတွေ ဖြစ်ပါတယ်။ ပြည့်ဝဆီတွေဟာ သွေးကြောနံရံမှာ ခဲပြီးပိတ်ဆို့စေတာကြောင့် ကောင်းကျိုးမပြုဘူး။ ဘဲသား၊အမဲသား၊ဝက်သား စတာတွေဟာ ပြည့်ဝဆီတွေ ဖြစ်ကြတယ်။ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတာက မပြည့်ဝဆီတွေဖြစ်ပါတယ်။ မပြည့်ဝဆီတွေထဲမှာ monounsaturated fatty acidနဲ့ polyunsaturated fatty acidဆိုပြီး ခွဲထားသေးတယ်။ monounsaturated ဆိုတာ မပြည့်တပြည့် အဆီမျိုးကို ခေါ်ပါတယ်။ ဒီလိုအဆီမျိုးဟာ အခန်းအပူချိန်မှာ အရည်ဖြစ်ပေမယ့် အအေးခံရင် ခဲသွားတယ်။ အုန်းဆီ၊သံလွင်ဆီစတာတွေဟာ monounsaturated fatတွေ ဖြစ်ကြပါတယ်။ polyunsaturated fatဆိုတာ အခန်းအပူချိန်တင်မက အအေးခံရင်လည်း အရည်အဖြစ်က ပြောင်းလဲတာမျိုး မရှိပါဘူး။ omega 3ဆိုတာ polyunsaturated fatမျိုး ဖြစ်ပါတယ်။ အဆီထဲမှာ လူတွေနဲ့ အသင့်တော်ဆုံးအဆီတမျိုးဖြစ်ပါတယ်။

 

အိုမီဂါသရီးအုပ်စုဝင် သုံးမျိုး
အိုမီဂါ သရီးမှာ ALA(alpha linolenic acid)၊EPA(Eicosapentaenoic acid)နဲ့ DHA(Docosahexaenoic acid)ဆိုပြီး ၃မျိုး ရှိတယ်။ အခြေခံကျတဲ့ အမျိုးအစားက ALAဖြစ်ပါတယ်။လူနဲ့ တိရိစ္ဆာန်တွေဟာ ALAရဲ့ ၅ ရာခိုင်နှုန်းခန့်ကို EPAနဲ့ DHAကို ပြောင်းလဲပေးနိုင်တာ တွေ့ရတယ်။ ALAဆိုတာ အပင်၊အစေ့အဆံတွေကရတဲ့ အဆီမျိုးဖြစ်တယ်။ နှမ်းကြတ်စေ့၊ပန်းနှမ်းဆီ၊သစ်ကြားသီး၊ကီဝီသီး၊ပဲအမျိုးမျိုး၊ပဲပုပ်နဲ့ အစေ့အဆံတွေမှာ အဓိက တွေ့ရှိရတယ်။ ရောင်ရမ်းခြင်းကို အဓိကသက်သာစေမယ်။ ဆေးပညာမှာ ALAထက်စာရင် EPAနဲ့ DHAက ပိုမိုအသုံးဝင်တာ တွေ့ရတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုကို အဓိက ကာကွယ်ပေးနိုင်တယ်။မကောင်းတဲ့အဆီဓာတ်ကို လျှော့နည်းစေနိုင်တယ်။ EPAနဲ့ DHAကို ငါးအမျိုးမျိုး(ဆော်လမွန်၊ဆာဒင်း၊တူနာ၊မက်ကရယ်၊ဟဲလိဗတ်၊ဟယ်ရင်း)၊ပင်လယ်စာ၊ပင်လယ်ရေမှော် စတာတွေမှာ အဓိကတွေ့ရှိရတယ်။ DHAဆိုတာ ကလေးဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးခြင်းကို ဖြစ်စေတယ်။

 

ကျန်းမာရေးအတွက် ဘယ်လိုအသုံးဝင်လဲ
အိုမီဂါသရီးအုပ်စုဝင် EPAနဲ့DHAက နှလုံးကျန်းမာရေးအတွက် အထောက်အကူပေးတယ်။နှလုံးသွေးကြောကျဉ်းစေ၊ပိတ်စေနိုင်တဲ့ မကောင်းတဲ့အဆီဓာတ်(triglyceride၊LDL)တွေကို လျှော့နည်းစေတယ်။ ကောင်းတဲ့အဆီဓာတ်(HDL)ကို များစေတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။သွေးကျဲစေတဲ့ အာနိသင်ရှိသလို သွေးခဲမှုကို တားဆီးပေးတယ်။နှလုံးသွေးကြောပိတ်တာ၊လေဖြတ်တာကို ကာကွယ်နိုင်တယ်။ သွေးကြောတွေကို ကျယ်စေတဲ့သဘောရှိလို့ ဦးနှောက် သွေးလျှောက်အား ကောင်းလာသလို မှတ်ဥာဏ်စွမ်းအား တိုးတက်လာတယ်။ စိတ်နှစ်ခွရောဂါ၊စိတ်ကစဥ့်ကလျား ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ လက္ခဏာတွေကို သက်သာစေတယ်။ စိတ်ကျရောဂါဖြစ်ပွားမှုကို တားဆီးပေးတယ်။ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်တယ်။ ကိုယ်ဝန်ဆောင် နောက်ပိုင်း ၃လမှာ စားသုံးပေးရင် မွေးဖွားလာမယ့် ကလေးငယ်ရဲ့ စိတ်ပိုင်း၊ရုပ်ပိုင်း ဖွံဖြိုးမှုသာမက မျက်စိကျန်းမာရေးကိုလည်း အထောက်အကူပြုတာ တွေ့ရတယ်။ ကလေးငယ်တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကိုပါ ထက်မြက်လာစေတယ်။ ALAက အဆစ်အမြစ်ရောင်ရမ်ခြင်းကို လျှော့ကျစေသလို နာကျင်မှုကိုပါ သက်သာစေတယ်။

 

ဆက်လက်ဖတ်ရှုရန် ….

ဒေါက်တာအေးမင်းထူး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *