“အိုမီဂါသရီး၏ ကောင်းကျိုးများ (၂) – ဒေါက်တာအေးမင်းထူး”

တခြားဘယ်လို အကျိုးတွေရှိနိုင်သေးလဲ
မိုက်ဂရိန်းခေါင်းကိုက်ဝေဒနာ သက်သာစေတယ်။ ဆီးချိုရောဂါကို ထိန်းပေးနိုင်တယ်။ ပန်းနာရင်ကျပ်မှာလည်း လက္ခဏာကို သက်သာစေနိုင်တယ်။ နာတာရှည် အရေပြားရောဂါတွေမှာလဲ အသုံးဝင်နိုင်တယ်။အမျိုးသမီးတွေ ရာသီကြောင့် နာကျင်ကိုက်ခဲမှုအတွက် အသုံးပြုနိုင်သေးတယ်။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သလို ၆လအတွင်း ဝိတ်ကျသွားမယ်လို့ ဆိုသူလည်းရှိတယ်။ ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လည်း ပြောကြတယ်။ အမျိုးသမီး ရင်သားကင်ဆာ၊ အမျိုးသား ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သေးတယ်။

အခုနောက်ဆုံး ၂၀၁၃မှာ ထွက်လာတဲ့ ဂျပန်နိုင်ငံ လေ့လာတစ်ခုမှုမှာ ပြင်းထန်တဲ့တုပ်ကွေးဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အာရှနိုင်ငံတွေမှာ အဖြစ်များတဲ့ ကြက်ငှက်တုပ်ကွေးအပါအဝင် တုပ်ကွေးဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သလို ပြင်းထန်တဲ့တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို တားမြစ်ပေးနိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။ ဒါတင်မကသေးဘူး။မန်ချက်စတာ တက္ကသိုလ်က လေ့လာမှုတခုအရ အရေပြားကင်ဆာဖြစ်ပွားမှုကိုပါ တားဆီးပေးနိုင်ဦးမတဲ့။

သို့သော် လေ့လာမှုအမျိုးမျိုးဆက်လုပ်တဲ့အခါ မတူညီတဲ့ ရလာဒ်တွေကို အောက်ပါအတိုင်းတွေ့ရပြန်တယ်။ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်တွေအရ ကိုယ်ဝန်ဆောင်စဉ် အိုမီဂါသရီး အလွန်အကျွံသောက်ခြင်းဟာ ကလေးငယ်ရဲ့ ကြီးထွားမှုကိုနှေးကွေးစေရုံမက အကြားအာရုံကိုပါ ဒုက္ခပေးနိုင်တာ တွေ့ရတယ်။ လေဖြတ်တာ ကာကွယ်နိုင်ပေမယ့် တဖက်မှာလည်း ဦးနှောက်သွေးယိုတတ်ပြန်တယ်။ ဆီးချိုထိန်းနိုင်တယ်ဆိုပေမယ့် ဆီးချိုသမားတွေမှာ အဆာခံပြီး တိုင်းကြည့်တဲ့အခါ သွေးတွင်းသကြားဓာတ် ယာယီ များနေတာ တွေ့ရတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်၄၀ကျော်အတွင်း လေ့လာမှုတွေကို ပြန်လည်သုံးသပ်ရရင် ကင်ဆာရောဂါအချို့ကာကွယ်နိုင်တဲ့ အချက်အလက်မျိုး မတွေ့ရပါဘူးတဲ့။ ဒါ့ကြောင့် အဆိုပါအချက်တွေကို ခြုံကြည့်ရရင် သီအိုရီအရ ကောင်းကျိုးတွေများတယ်ဆိုပေမယ့် သေချာပေါက်အကျိုးရှိပါမယ့်လို့ မဆိုနိုင်တာ တွေ့ရပါတယ်။

 

လူတယောက် နေ့စဉ် omega3ပမာဏဘယ်လောက် လိုအပ်လဲ
တယောက်နဲ့ တယောက် နေ့စဉ်လိုအပ်တဲ့ပမာဏ မတူညီကြပါဘူး။ အသက် ၅-၁၄နှစ်အတွင်း 500mg၊အသက် ၄၀အောက် ဖြစ်ရင် 1000mg၊အသက် ၄၀အထက်ဖြစ်ရင် 2000mgအသီးသီးလိုအပ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် နေ့စဉ် အိုမီဂါ သရီး ပမာဏ 1 g စားပေးသင့်တယ်။ တပတ် အနည်းဆုံး 2g စားပေးနိုင်ရင် လေဖြတ်နိုင်ချေကို ၅၀ရာခိုင်နှုန်းထိ လျှော့ချပေးတယ်။ သွေးတိုးရှိသူ၊ ကိုလက်စတောများသူ၊အဆစ်ရောင်သူတွေမှာ အိုမီဂါသရီးပမာဏ 3g ပေးတဲ့အခါ အကျိုးရှိတာတွေ့ရတယ်။ ပုံမှန်အားဖြင့် ဖြည့်စွက်ဆေးထက် အစားအသောက်ထဲမှာ ပါနေနိုင်ရင် ပိုကောင်းပါတယ်။ယေဘုယျအားဖြင့် ငါးအဆီ 1gမှာ အိုမီဂါသရီးပမာဏ 300mgပါဝင်ပါတယ်။ နေ့စဉ်လိုအပ်ချက်အရ စားသုံးသင့်တဲ့ omega3ပမာဏဟာ 500mgနဲ့ 3g အတွင်းသာ ဖြစ်သင့်တယ်။

 

ဆေးမသောက်ခင်ဘာတွေ သိထားသင့်လဲ

ဆေးသောက်တဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှောတာ၊လေထိုး၊လေအောင့်၊ရင်ပြည့်ရင်ကယ် ရှိနိုင်တယ်။ သေချာသန့်စင်မထားရင် ငါးညှီနံ့ကြောင့် ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။ သတိပြုသင့်တဲ့အချက်က marine fish ငါးတွေမှာ မာကျူရီ၊ခဲ၊နီကယ်၊အာဆင်းနစ်၊ကဒ်မီယမ် စတဲ့ဓာတုပစ္စည်းတွေပါနေတတ်တယ်။ ဆေးသောက်တဲ့အခါ ဒီလိုဓာတ်တွေ သန့်စင်ဖို့က အရေးကြီးပါတယ်။ သောက်မယ့်ဆေးက ဓာတုပစ္စည်းကင်းစင်ဖို့လိုသလို ကွာလတီအာမခံချက် ရှိဖို့လိုအပ်ပါမယ်။ပုံမှန်သောက်သင့်တဲ့ပမာဏ ပိုသောက်မိရင် သွေးယိုတာ၊သွေးခြေဥတာ ဖြစ်နိုင်တယ်။ သွေးကျဲစေတဲ့အာနိသင် ရှိတာကြောင့် သွေးကျဲဆေးအချို့နဲ့ တွဲမသောက်သင့်ဘူး။ နှလုံးရောဂါသည်တွေမှာ သွေးကျဲဆေးသောက်နေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်။ ဆေးသောက်တဲ့အခါ ဒီလိုဆေးတွေနဲ့ ခြားသောက်ပေးသင့်တယ်။

အားလုံးကိုခြုံကြည့်ရရင် အိုမီဂါသရီးကို ငါးရဲ့အဆီကနေ အဓိကရရှိတယ်။နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေတယ်။ မကောင်းတဲ့အဆီဓာတ်ကို လျှော့ချပေးနိုင်တယ်။ ဦးနှောက်၊အာရုံကြောရောဂါတွေမှာလည်း အသုံးပြုနိုင်တယ်။အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတယ်။ကလေးငယ်တွေ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးဖို့၊အမြင်အာရုံကောင်းစေဖို့ အိုမီဂါ သရီးလိုအပ်တယ်။ လေ့လာသုံးသပ်ချက်တွေအရ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်တာ မသေချာသေးဘူး။ ပုံမှန်သောက်သင့်တဲ့ ပမာဏထက် ပိုလာရင် ကောင်းကျိုးထက် ဆိုးကျိုးသာ များပါလိမ့်မယ်။ ဒါ့ကြောင့် ဆေးသောက်တဲ့အခါ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသောက်သင့်တယ်။အကောင်းဆုံးက ကျန်းမာရေးအတွက် omega3ကြွယ်ဝတဲ့ ငါးအဆီကို တပတ်မှာ ၂ကြိမ်စားပေးသင့်ကြောင်း အကြံပြုပါရစေ။

 

ဒေါက်တာအေးမင်းထူး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *