သားမြတ်ကင်ဆာကို တွန်းလှန်နိုင်မည့် အားဖြည့်ဆေးဝါးများ

မှန်ကန်တဲ့ အားဖြည့်ဆေးဝါးကို မှီဝဲနိုင်ရင် သားမြတ်ကင်ဆာကို ကာကွယ်နိုင်တဲ့အပြင် တခြားရောဂါတွေအတွက်ပါ အကျိုးရှိနိုင်တာကြောင့် အောက်ပါတို့ကို ဖတ်ကြည့်ပါ။

၁။ သင့်မိသားစုဝင်ထဲမှာ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်သူရှိရင် မယ်လတိုနင် မှီဝဲပါ
အိပ်စက်မှုကို ကောင်းမွန်စေတဲ့ မယ်လတိုနင်ကို ညအိပ်ရာဝင်ခါနီး နေ့စဉ် သုံးမီလီဂရမ် မှီဝဲတာက သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သက်ကြီးရွယ်အိုကျန်းမာရေးဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ မယ်လတိုနင်ဟာ ဆဲလ်ကြီးထွားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ပုံမှန်မဟုတ်တဲ့ သားမြတ်ဆဲလ်တွေ ဖြစ်ပေါ်မှုကို ရပ်တန့်ပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီပမာဏမယ်လတိုနင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်တဲ့အတွက် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။

၂။ သူငယ်ပြန်နိုင်ခြေကိုပါ လျှော့ချနိုင်အောင် နနွင်းမှီဝဲပါ
နနွင်းဟာ သွေးထဲကို ရောက်ရှိသွားတာနဲ့ တစ်ပြိုင်နက် ကင်ဆာအကြိုဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ နေ့စဉ် ၅၀၀ မီလီဂရမ် မှီဝဲတာကြောင့် သားမြတ်ကင် ဆာဖြစ်နိုင်ခြေကို ထက်ဝက်တိတိ လျှော့ချနိုင်တယ်လို့ အာရှမှ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။
ဒါ့အပြင် နနွင်းဟာ ဦးနှောက်ရောင်ရမ်းမှုကိုလည်း လျှော့ချနိုင်တဲ့အတွက် သူငယ်ပြန်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိလည်း လျော့နည်းသွားနိုင်ပါတယ်။

၃။ စိတ်ကျဝေဒနာအတွက် စိုးရိမ်နေရင်တော့ ဗီတာမင် ဒီ ၃ မှီဝဲပါ
နေ့စဉ် ဗီတာမင် ဒီ ၃ 3000 IUကို မှီဝဲတာက သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ အာဟာရဆိုင်ရာဆေးပညာဂျာနယ်မှာ ဖော်ထုတ်ထားပါတယ်။ ဗီတာမင် ဒီ ၃ က ပျက်စီးနေတဲ့ သားမြတ်တစ်သျှူးတွေ ကင်ဆာဆဲလ်မဖြစ်ခင်မှာတင် ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗီတာမင် ဒီ ၃ က ဦးနှောက်အတွင်း စိတ်ကျဝေဒနာပျောက်ဟော်မုန်း ဆီရိုတိုနင်ထုတ်လုပ်မှုကို တိုးတက်စေတာမို့ လေးပတ်အတွင်း စိတ်နေစိတ်ထား ၂၆ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်နိုင်တယ်လို့ သုတေသီတွေက အကြံပေးထားပါတယ်။

၄။ အအေးမိရောဂါဖြစ်လွယ်ရင် ကယ်ရိုတီနွိုက်မှီဝဲပါ
ကယ်ရိုတီနွိုက်အားဖြည့်ဆေးတွေက သားမြတ်ကင်ဆာဖြစ်နိုင်ခြေကို ၃၅ ရာ ခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဟားဗတ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ကယ်ရိုတီနွိုက်တွေက သားမြတ်ကို ဒုက္ခပေးတဲ့ အီစထရိုဂျင်တွေကို အသည်းမှ ဖြိုခွဲဖို့ ကူညီနိုင်တာကြောင့်လို့ ဆိုပါတယ်။
ဒါ့အပြင် ကယ်ရိုတီနွိုက်တွေက ခုခံအားစနစ် သန်မာစေတဲ့အတွက် အအေးမရောဂါဖြစ်နိုင်ခြေ သိသိသာသာ လျော့ကျသွားစေနိုင်ပါတယ်။

Tips!
နေ့စဉ် ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ်ပါဝင်တဲ့ ဗီတာမင်အားဖြည့်ဆေးတွေ မှီဝဲတာကလည်း သားမြတ်ကင်ဆာဖြစ်နိုင်ခြေကို ၂၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဟားဗတ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
မက်မွန်သီးတစ်ခွက်ကို သံလွင်ဆီ စားပွဲဇွန်း တစ်ဇွန်းနဲ့ ရောစပ်ပြီး နေ့စဉ် စားသုံးပေးတာကလည်း သားမြတ်ကင်ဆာဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ မက်မွန်သီးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ပုံမမှန်တဲ့ သားမြတ်ဆဲလ်တွေ ကြီးထွားမှုကို တားမြစ်နိုင်ပြီး သံလွင်ဆီမှာ ပါဝင်တဲ့ Oleic Acid တွေက ကင်ဆာဖြစ်စေနိုင်တဲ့ မျိုးရိုးဗီဇ Gene တွေကို ပိတ်ပင်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal