အိမ်မွေးတိရစ္ဆာန် ထားရှိခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုး (၆) ချက်

တိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့သူတွေက ဒီတိရစ္ဆာန်လေးတွေက သင့်ရဲ့ စိတ်ရောလူပါ ကျန်းမာဖို့ အထောက် အကူပြုနိုင်တယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ ချစ်တဲ့တိရစ္ဆာန်တိုင်းကိုတော့ အိမ်မှာ မွေးမြူလို့ မရပါဘူး။ အိမ်မွေးတိရစ္ဆာန်လေးတွေဆိုတာက တောရိုင်းတိရစ္ဆာန်တွေနဲ့ မတူပါဘူး။ ဒါပေမဲ့ အနောက်နိုင်ငံတွေမှာတော့ တောရိုင်းတိရစ္ဆာန်တချို့ကို ယဉ်ပါးအောင်လေ့ကျင့်ထားပြီး အိမ်မှာမွေးမြူတာတွေ ရှိပါတယ်။ ရှားပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးကတော့ ကြောင်နဲ့ ခွေးတွေ ဖြစ်ပါတယ်။ 

အိမ်မွေးတိရစ္ဆာန်ထားရှိတာက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နိုင်လဲဆိုတော့ –

 သင်ဟာ မကြာခဏ တွေးတောပြီး စိုးရိမ်ပူပန်တတ်သူဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွတ်သပ်ပေးတာက စိုးရိမ်စိတ်လှုပ်ရှားမှုကို ကျစေပါတယ်။ သုတေသနတစ်ခုက လေ့လာခဲ့တာမှာ လူ ၅၈ ယောက်ကို ယုန်အစစ်နဲ့ ယုန်အရုပ်ကိုခွဲပြီး ကိုင်ထားခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီမှာ ယုန်အရုပ်ကို ကိုင်ထားသူတွေက စိတ်လှုပ်ရှားမှု ဖြစ်နေတဲ့အချိန်မှာ ယုန်အစစ်ကို ကိုင်ထားရတဲ့ လူတွေက စိတ်လှုပ်ရှားမှု သိသိသာသာ လျော့ကျနေတာကို တွေ့ရှိခဲ့ပါတယ်။

 အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန် ငါးမိနစ်လောက် အချိန်ကုန်စေမယ်ဆိုရင်တောင် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစောဟော်မုန်းကို ကျဆင်းစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို လျော့နည်းစေပြီး သင့်စိတ်ကို ကောင်းမွန်တဲ့ ခံစားချက်တွေ ပေးနိုင် ပါတယ်။

ချစ်ခင်နှစ်သက်မှု ခံစားရတဲ့အခါ ထွက်တဲ့ဟော်မုန်းဖြစ်တဲ့ အောက်စီတိုဆင်ဟော်မုန်းကိုလည်း ထုတ်ပေးနိုင်ပါတယ်။ ဒါက ခွေးသခင်တွေကို သူတို့ရဲ့ အိမ်မွေးခွေးတွေနဲ့ သုံးမိနစ်လောက် ပွတ်သပ် စကားပြောခိုင်းပြီးနောက် အောက်စီတိုဆင်ဟော်မုန်း ထွက်ရှိလာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အောက်စီတိုဆင်ဟော်မုန်းကလည်း စိတ်ခံစားမှု ကောင်းစေတဲ့ ဟော်မုန်းဖြစ်ပါတယ်။

သွေးတိုး၊ နှလုံးရှိသူတွေအတွက် အိမ်မွေးတိရစ္ဆာန်လေးတွေက ဆေးတစ်လက်လို့လည်း ပြောနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးကို ပွတ်သပ်ပေးတာက နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို လျော့ကျစေနိုင်တယ်လို့ လေ့လာချက်တစ်ခုက ဆိုထားပါတယ်။

တက္ကသိုလ်ကျောင်းသားတွေကို လေ့လာခဲ့တာမှာ ခွေးလေးတွေကို ပွတ်သပ်ပြီးနောက် တံတွေးကိုယူ စစ်ဆေးတဲ့ အခါ antibodies ပဋိဇီဝပစ္စည်းတွေ သိသိသာသာ တိုးပွားလာတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေက သင့်ကို စိတ်ခံစားမှု ကောင်းရုံတင်မကပါဘူး၊ ကိုယ်ခံအားစနစ်ကိုပါ ကောင်းမွန်စေပါတယ်။

နောက်တစ်ချက်က အိမ်မွေးတိရစ္ဆာန်လေးတွေက သခင်အတွက် လူမှုဆက်ဆံရေးကို တိုးပွားစေနိုင်ပါတယ်။ ခွေးကျောင်းရင်း လမ်းလျှောက်ထွက်တယ်ဆိုရင်ပဲ တွေ့တဲ့ သူစိမ်းတွေက ပြုံးပြတာ၊ နှုတ်ဆက်တာတွေ ခံရနိုင်တာကြောင့်ပါ။

#ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *