ပါရာစီတမော အလွန်အကျွံ သောက်သုံးမိရင် . . .

ပါရာစီတမောဆေးက လူတိုင်း ပါးစပ်ဖျားမှာ စွဲနေတဲ့ဆေးတစ်မျိုးပါ။ ပါရာစီတမော (Acetaminophen) က အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏနှုန်းအတိုင်း သောက်ရင် ဘေးဥပါဒ် အလွန် နည်းပါးပါတယ်။ ဒါပေမဲ့ ဒီဆေးကို လွဲမှားတဲ့ ရည်ရွယ်ချက်နဲ့ အလွန်အကျွံ သောက်သုံးကြတာတွေ များပြားနေပါတယ်။

အလွန်အကျွံသောက်မိရင်
ပါရာစီတမော အလွန်အကျွံ သောက်တဲ့အခါ သွေးထဲမှာ အဆိပ်သင့်ပြီး သေစေနိုင်ပါတယ်။ မသေခဲ့ရင်တောင် ဆေးပမာဏ များစွာသောက် လိုက်တဲ့အတွက် အသည်းကို ဆိုးဆိုး ရွားရွား ပျက်စီးစေပါတယ်။ အသည်းကို ဘယ်လောက်ထိ ထိခိုက်ပျက်ဆီး နိုင်လဲဆိုတာကို သွေးတွင်း ပါရာစီတမောပမာဏ၊ ဆေးသောက်ပြီးကြာချိန်တွေကနေ သိနိုင်ပါတယ်။ အချိန်မှီသိရင် ဖြေဆေးရှိပါတယ်။ သွေးတွင်းမှာ ပါရာစီတမော ပမာဏများစွာ အချိန်ကြာကြာရှိနေလေ အသည်းကိုပိုပြီး ထိခိုက်ပျက်ဆီးလေပဲ ဖြစ်ပါတယ်။ နောက်ပြီး ကျောက်ကပ်ကိုပါ ဆက်ပြီး ထိခိုက်နိုင်ပါတယ်။

ပါရာစီတမော
• အရွယ်ရောက်သူတွေအတွက် ပါရာစီတမော ဆေးပမာဏ အများဆုံးက ၁၀ဝ၀ မီလီဂရမ်ဖြစ်ပြီး တစ်နေ့ကို ၄၀ဝ၀ မီလီဂရမ် မကျော်ရပါဘူး။

• သင်ဟာ နေ့စဉ် အရက်သောက်နေကျသူဆိုရင် ပါရာစီတမောဆေး မသောက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ပါရာစီတမောက အရက်လိုပဲ အသည်းကနေ အင်ဇိုင်းထုတ်ပြီး ချေဖျက်ရတာမို့ အရက်သောက်နေကျသူတွေမှာ ပါရာစီတမောဆေး ပမာဏက တစ်နေ့ကို ၂၀ဝ၀ မီလီဂရမ် မကျော်ရပါဘူး။

• အသည်းနဲ့ ပတ်သက်တဲ့ ရောဂါရှိသူတွေမှာလည်း ပါရာစီတမောဆေး သောက်လို့ ရ မရကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

• ပါရာစီတမောနဲ့ မတည့်ရင် မျက်နှာ၊ လျှာ နဲ့ လည်ချောင်းမှာ အရေပြား ယားယံတာ၊ အနီစက်တွေထွက်တာ၊ ရောင်ရမ်းတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူကြပ်တာတွေ ဖြစ်နိုင်ပါတယ်။

• ပါရာစီတမောက နို့ကနေတစ်ဆင့် ပြန်ထွက်နိုင်တဲ့အတွက်ကြောင့် နို့တိုက် မိခင်တွေ ပါရာစီတမောဆေး သောက်သင့်၊ မသောက်သင့်ကို ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

• ဆေးသောက်ချိန်ကို ကျော်သွားရင် သတိရတဲ့အချိန်မှာ ချက်ချင်းသောက်ပါ။ နောက်ဆေးသောက်ချိန်နဲ့ နီးနေပြီဆိုရင် မသောက်မိတဲ့ဆေးကို ကျော်သွားပြီး ကျန်ဆေးတွေကို သူ့အချိန်အတိုင်း ဆက်သောက်သွားပါ။ တစ်ချိန်တည်းမှာ ဆေးနှစ်ကြိမ်စာကို မသောက်ပါနဲ့။

ဘယ်လိုသိနိုင်မလဲ
လူတစ်ယောက်က ပါရာစီတမောကို အလွန်အကျွံ သောက်ထားတယ်ဆိုတာကို သိနိုင်မယ့် အချက်တွေကတော့ –
• ခေါင်းမူးမယ်၊ အန်မယ်
• သွေးတွင်းမှာ လက်တစ်အက်ဆစ်တွေ များနေမယ်
• ပမာဏအလွန်များရင် သတိလစ်မယ်
• ဆေးအလွန်အကျွံသောက်ပြီး ၂၄ နာရီ အကြာမှ ဆေးရုံရောက်လာတယ်ဆို ရင် အသည်းမာကျွတ်တာ၊ အသားဝါတာ၊ သတိရတစ်ချက် မရတစ်ချက်ဖြစ်တာ၊ လက်တုန်တာ (Asterixis)၊ Foetor hepaticus နဲ့ သွေးယိုစီးတာတွေ ဖြစ်နိုင်ပါတယ်။

ကုသလို့ရလား
ပါရာစီတမောဆေး ဘယ်လောက် ပမာဏ သောက်ထားတယ်ဆိုတာ မသိရင်တောင် ဖြေဆေးကို အမြန်ဆုံး ပေးရပါတယ်။ ပါရာစီတမော ဆေးအဆိပ်သင့်တာအတွက် ပေးတဲ့ဖြေဆေးက အစီတိုင်းစစ်စတင်း (Acetylcysteine) ဖြစ်ပါတယ်။ သောက်ဆေးရော၊ ထိုးဆေးရော ရှိပါတယ်။ အကြောဆေးက သောက်ဆေးထက် ပိုပြီးမြန်မြန် ခန္ဓာကိုယ်အတွင်းကို ရောက်ရှိနိုင်ပြီး လူနာက အန်နေလို့ သောက်ဆေး မသောက်နိုင်ရင် လည်း အကြောဆေးသွင်းပေးလို့ ရပါတယ်။

Key Facts
• ပါရာစီတမော အဆိပ်သင့်လို့ အသက်ပါသေဆုံးရတာဟာ ဆေးအဆိပ်သင့်နေတာကို မသိလို့ ဖြစ်နိုင်သလို ဆေးရုံကို အချိန်မှီ မရောက်လာနိုင်လို့လည်း ဖြစ်နိုင်ပါတယ်။
• အစာအာဟာရ မပြည့်ဝသူ၊ အရက်ကို ပုံမှန်သောက်နေကျသူတွေ၊ အသည်းရောဂါရှိသူတွေ၊ ခုခံအားကျဆင်းမှုရောဂါရှိသူတွေမှာ ပါရာစီတမော အဆိပ်သင့်တာကနေ အသည်း ပျက်ဆီးနိုင်ခြေ ပိုမြင့်မားပါတယ်။
• ပါရာစီတမော အဆိပ်သင့်ပြီး ရှစ်နာရီအတွင်း ဆေးရုံကို အရောက်ပို့ ပေးနိုင်ဖို့ ကြိုးစားပါ။ သိသိချင်း ဆေးရုံ ပို့ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။
• ဘယ်အချိန်က ဆေးသောက်ထားမှန်း မပြောနိုင်ဘူး၊ မသိဘူးဆိုရင်တောင် ကုသမှုကို ချက်ချင်း စတင်ခံယူရမှာ ဖြစ်ပါတယ်။
• သွေးတွင်း ပါရာစီတမော ဘယ်လောက်ပျံ့နှံ့နေပြီဆိုတာသိဖို့ ဆေးသောက်ပြီး ၄ – ၁၆ နာရီအတွင်း တိုင်းရပါတယ်။
• ပါရာစီတမောဆေးပမာဏ အများအပြား သောက်ပြီးပြီးချင်း တစ်နာရီအတွင်းမှာ ချားကိုးလ် (Activated Charcoal) ကို သောက်နိုင်ရင် ပါရာစီတမောကို ခန္ဓာကိုယ်ကနေ စုပ်ယူမှုကို လျော့ကျနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *