စိတ်နှင့်လူ့ခန္ဓာကိုယ်

ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ တွေ့ကြုံ ခံစားနေကြရသော စိတ်လှုပ်ရှားမှုအမျိုး မျိုးကိုလိုက်၍ ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အတွင်းရှိ အင်္ဂါအစိတ်အပိုင်းအသီးသီး တို့တွင် အမျိုးမျိုးသော ပြောင်းလဲချက် များဖြစ်ပေါ်နေကြ၏။

စိတ်လှုပ်ရှားမှုသည် အာရုံကြော အဖွဲ့နှင့် မည်ကဲ့သို့ ဆက်စပ်နေသည်ကို ကနေဒါပြည် မွန်ထရီယယ်မြို့မှ သုတေ သနဆရာဝန်ကြီး ဒေါက်တာဟန်းစ်ဆီ လိုင်း (Dr.Hans Selye)က ၁၉၃၆ ခု နှစ်မှအစပြု၍ သုတေသနပြုပြီး တင်ပြ ခဲ့လေသည်။

ယေဘုယျစိတ်ခံစားမှုနှစ်ရပ်

စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုအမျိုးမျိုး တို့သည် ကိုယ်ခန္ဓာအတွင်း ပြောင်းလဲ လှုပ်ရှားမှုများနှင့် ဆက်သွယ်နေကြ သည်။ ယေဘုယျအားဖြင့် စိတ်ခံစားမှု နှစ်မျိုးရှိသည်ဟု သတ်မှတ်နိုင်လေသည်။

ပထမအမျိုးအစားမှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်း များစွာကို လှုံ့ဆော်မှုလွန်ကဲစေသော စိတ် လှုပ်ရှားမှုမျိုးပင်ဖြစ်၏။ ယင်းလှုံ့ဆော်မှု များသည် အာရုံကြောအဖွဲ့အစည်းမှတစ် ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီး ကို သာမန်ထက် ပိုမိုလှုပ်ရှားရစေသည်။

ဤကဲ့သို့ လွန်ကဲစွာလှုံ့ဆော်မှုခံရ သောအခါ ခန္ဓာကိုယ်တွင် ထိုင်းမှိုင်းလေး လံခြင်း၊ စိတ်အခန့်မသင့်ဖြစ်ခြင်း၊ စိတ် ရှုပ်ထွေးနောက်ကျိခြင်း စသည့် မသာ ယာသော ခံစားမှုများကို ဖြစ်ပေါ်စေ သည်။ ဤကဲ့သို့ဖြစ်စေသည့် စိတ်လှုပ် ရှားမှုများမှာ စိုးရိမ်လွန်ခြင်း၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ပျက် အားငယ်ခြင်း၊ ဝမ်းနည်းပူဆွေးနေခြင်း၊ တစ်စုံတစ်ခုကို မကျေနပ်ခြင်း စသည်တို့ ပင်ဖြစ်လေသည်။

ဒုတိယတစ်မျိုးမှာ ခန္ဓာကိုယ်တွင်း ရှိ အင်္ဂါအစိတ်အပိုင်းများကို ပုံမှန်လှုပ် ရှားစေသော စိတ်လှုပ်ရှားမှုပင်ဖြစ်၏။ ယင်းတို့ကြောင့် ခန္ဓာကိုယ်တွင် အနေ တော် လှုံ့ဆော်မှုကို ခံရ၍ ကောင်းသော အာရုံများ ခံစားရပြီး စိတ်တွင် သာယာမှု ကို ဖြစ်စေသည်။ ဤကဲ့သို့သော စိတ်ခံ စားမှုများမှာ ဝမ်းသာပျော်ရွှင်ခြင်း၊ ကျေ နပ်နှစ်သိမ့်ခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ ရဲရင့် ခြင်း၊ မျှော်လင့်ချက်ထားခြင်း၊ နှစ်သက် မြတ်နိုးခြင်း၊ ခင်မင်ကြင်နာယုယခြင်း စသည်တို့ပင်ဖြစ်လေသည်။

စိတ်ဆိုးနေသည့်အခါ

စိတ်လှုပ်ရှားခံစားမှုနှင့် ခန္ဓာကိုယ် တွင်း ပြောင်းလဲမှုတို့ ဆက်သွယ်နေပုံ၏ သာဓကတစ်ရပ်အဖြစ် စိတ်ဆိုးနေသည့် အခါ ဖြစ်ပေါ်လာတတ်သည့် လက္ခဏာ များကို တင်ပြပါမည်။

စိတ်ခံစားမှု၏ ဖြစ်စဉ်များကိုသိပ္ပံ နည်းကျစွာဖြင့် ဟားဗတ်တက္ကသိုလ်မှ သုတေသီ ဒေါက်တာကင်နွန်က လေ့လာ မှတ်တမ်းတင်နိုင်ခဲ့လေသည်။

စိတ်ဆိုးနေသည့်အခါ သိသာလွယ် သော ပြင်ပလက္ခဏာများမှာ မျက်နှာနီ မြန်းလာခြင်း၊ မျက်ထောင့်နီလာခြင်း၊ မျက်လုံးပြူးကျယ်လာခြင်း၊ နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားခြင်း၊ မေးရိုး ကြွက်သားများ တောင့်တင်းလာခြင်း၊ အသံတုန်လာခြင်း၊ လက်သီးဆုပ်ခြင်း၊ လက်များတုန်လာခြင်း စသည်တို့ ဖြစ် တတ်လေသည်။ ၎င်းတို့မှာ ပြင်ပ ဗဟိဒ္ဓ သဏ္ဌာန်များတွင် ဖြစ်ပေါ်လေ့ရှိသော လက္ခဏာများပင်ဖြစ်ပေ၏။

ပြင်ပမှ မမြင်ရဘဲ ကိုယ်ခန္ဓာအတွင်း ၌ ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကား ပိုမို၍ပင် ထူးခြားဆန်းကြယ်လေသည်။

ဥပမာအားဖြင့် စိတ်ဆိုးနေသည့်အ ခါ Stress ဟော်မုန်းဟု ခေါ်သည့် Adrenaline ဟော်မုန်းကို ကျောက်ကပ် အထက်အကျိတ်က ပိုမိုထုတ်လုပ်လိုက် ၍ သင်၏ သွေးသည် သာမန်ထက်ပို၍ ခဲလွယ်သွားလေသည်။ စိတ်ဆိုးလာလျှင် သင့်တွင် အန္တရာယ်နှင့် နီးကပ်လာစေ သည်။ ခိုက်ရန်ဖြစ်ပွား၍ အနာတရဖြစ် လျှင် ဒဏ်ရာမှ သွေးထွက်ပေတော့မည်။ သွေးမြန်မြန်တိတ်ရန်မှာ သွေးခဲခြင်းလျင် မြန်မှဖြစ်ပေမည်။ ဤကား သဘာဝကျ သော ပြောင်းလဲမှုတစ်ရပ်ပင်ဖြစ်၏။

ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် ဓာတ် ပိုမိုရရှိစေရန် အသက်ပိုရှူရသဖြင့် အသက်ရှူလည်း မြန်လာရသည်။
ထို့ပြင် စိတ်ဆိုးနေသည့်အခါ သွေး လှည့်ပတ်မှုများစေရန် နှလုံးခုန်နှုန်းသည် ပုံမှန်တစ်မိနစ်လျှင် ၇၀-၈၀ ကြိမ်မှ အ ကြိမ် ၁၈၀-၂၀၀ ခန့်အထိ အလွန်မြင့် တက်သွားတတ်သည်။ အပေါ်သွေးဖိအား သည်လည်း သာမန် ၁၂၀-၁၃၀ ခန့်မှ ၂၃၀ အထိပင် တိုး၍ သွားတတ်လေ သည်။ သို့ဖြစ်၍ အလွန်အမင်း စိတ်ဆိုး နေစဉ် ဦးနှောက်သွေးကြောပြတ်၍ အ သက်အန္တရာယ်ပင်ဖြစ်စေနိုင်ပေသည်။

ထို့ပြင်အစာလမ်းကြောင်းရှိ သွေး များကလည်း စွမ်းအင်ပိုမိုရရှိရန် ခြေ လက်များရှိ ကြွက်သားများသို့ ပိုမိုရောက် ရှိသွားသဖြင့် အစာချေဖျက်ခြင်း နှေးကွေး လာရသည်။ အစာအိမ်အူကျဉ်းထွက် ပေါက်ဝရှိ ကြွက်သားများက တင်းကျပ်စွာ ညှပ်ထားကြလေ့ရှိသဖြင့် အစာအိမ်မှ မည်သည့်အစာမျှ မဆင်းနိုင်အောင် ရှိ နေတတ်သည်။ အူသိမ်၊ အူမတစ်လျှောက် လုံးရှိ ကြွက်သားများက တင်းကျပ်စွာ ရှိ နေကြ၏။ ထို့ကြောင့် စိတ်ဆိုးနေစဉ်ဖြစ် စေ၊ စိတ်ဆိုးပြီးစတွင်ဖြစ်စေ ဗိုက်နာလာ တတ်ကြသည်မှာ မထူးဆန်းလှပေ။

စိတ်ဆိုးဒေါသဖြစ်လာသောအခါ အသည်းတွင်လည်း သိုလှောင်ထားသော Glycogen များကို သကြားဓာတ်များအ ဖြစ် ပိုမိုများပြားစွာ ထုတ်လုပ်ရလေသည်။ ထိုအခါ၌ မိမိခန္ဓာကိုယ်တွင်းမှ အင်အား များကို အလဟဿဖြုန်းတီးပစ်နေရပြီး သွေးအတွင်း၌လည်း သကြားဓာတ်များ ပိုများလာစေသည်။

ယင်းဖြစ်စဉ်များမှာ သဘာဝ၏ ထူး ခြားသော စီစဉ်ဖန်တီးပေးထားမှုဖြစ်၍ Fight or Flight Response ဟု ခေါ် ၏။ လူအပါအဝင် သက်ရှိတိရစ္ဆာန်များ တွင် ကြောက်ရွံ့စရာ၊ ဒေါသထွက်စရာ များနှင့် ကြုံတွေ့ရသောအခါ ပြန်လည် ခုခံနိုင်ရန် သို့မဟုတ် အမြန်ရှောင်တိမ်း ထွက်ပြေးနိုင်ရန် သဘာဝ၏ အကာအ ကွယ်ပင်ဖြစ်၏။

စိတ်ခံစားမှုနှင့် အာရုံကြောအဖွဲ့

စိတ်ခံစားမှုနှင့် အာရုံကြောအဖွဲ့အ စည်းသည် အပြန်အလှန်ဆက်စပ်နေ ကြ၏။ အဓိကအားဖြင့် အလိုအလျောက် အာရုံကြောအဖွဲ့ (Autonomic Nervous System) နှင့် သက်ဆိုင်၍ ယင်း အဖွဲ့သည် အသိစိတ်၏ ထိန်းချုပ်မှုမှ ကင်းလွတ်လေသည်။

ဦးနှောက်တွင် မိမိ၏ စိတ်ဆန္ဒအ တိုင်း တုံ့ပြန်ဆောင်ရွက်နိုင်စေသော အာ ရုံကြောအဖွဲ့ (Voluntary Nervous System)ဟူ၍ အာရုံကြောအဖွဲ့နှစ်မျိုးရှိ၏။

တစ်ဖန် Autonomic Nervous System တွင် Sympahtetic Nervous System နှင့် Parasympathetic Nervous System ဟူ၍ နှစ်မျိုးရှိပြန်ပါ သည်။ ယင်းနှစ်မျိုးသည် ခန္ဓာကိုယ်တွင် မတူညီသော ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေ၏။

ခန္ဓာကိုယ်၏ အလွန်အရေးပါလှ သော လုပ်ငန်းအ၀၀ကို အလိုအလျောက် အာရုံကြောအဖွဲ့က ထိန်းချုပ်ပေးလေ သည်။

အလိုအလျောက်အာရုံကြောအဖွဲ့ ၏ ဗဟိုဌာနချုပ်မှာ ဦးနှောက်အတွင်းရှိ ဟိုက်ပိုသားလမတ်စ် (Hypothalamus) အင်္ဂါဖြစ်၏။ ၎င်းသည် ဦးနှောက် အောက်အကျိတ် (Pituitary Gland)ကို လှုံ့ဆော်သော အဓိကအင်္ဂါဖြစ်၏။ ဦး နှောက်အောက်အကျိတ်သည် စိတ်လှုပ်ရှား မှုနှင့်ပတ်သက်၍ အလွန်အရေးပါလေ သည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် အလို အလျောက်အာရုံကြောအဖွဲ့မှတစ်ဆင့် စိတ်ကြောင့်ဖြစ်ပေါ်လာသော ခန္ဓာကိုယ် တွင်း ပြောင်းလဲမှုများမှာ ပြွန်မဲ့အကျိတ် များမှတစ်ဆင့် ဖြစ်သော ပြောင်းလဲမှုများ လောက် မပြင်းထန်ချေ။

အာရုံကြောအဖွဲ့ကြောင့် ခန္ဓာကိုယ် နေရာအနှံ့မှ ကြွက်သားများ တောင့်တင်း လာပြီး ဝေဒနာအမျိုးမျိုးကို ခံစားရတတ် စေလေသည်။

စိတ်ခံစားမှုနှင့် ပြွန်မဲ့အကျိတ်များ

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်း၌ ပြွန်မဲ့အကျိတ်များ (Endocrine Glands) ရှိ၏။ ၎င်းတို့မှထွက်သော ဟော်မုန်းဓာတ်များသည် သွေးနှင့် အတူပါသွားပြီး ခန္ဓာကိုယ်အနှံ့ရှိ အင်္ဂါအ သီးသီးအပေါ် အာနိသင်သက်ရောက် လေသည်။

စိတ်ကြောင့် ခန္ဓာကိုယ်ပြောင်းလဲမှု များမှာ ပြွန်မဲ့အကျိတ်များမှတစ်ဆင့်ဖြစ် ခြင်းသည် အာရုံကြောအဖွဲ့မှတစ်ဆင့်ဖြစ် ခြင်းထက် ပိုမိုများပြားထိရောက်လေ သည်။

ဦးနှောက်အောက်အကျိတ်သည် ခန္ဓာကိုယ်တစ်ခုလုံး၏ လုပ်ငန်းသဘာ၀ များကို ထိန်းချုပ်ကွပ်ကဲရာ ဌာနချုပ်ကြီး သဖွယ် ဖြစ်၍ ယင်းမှ ဟော်မုန်းဓာတ်အမျိုးမျိုးထွက်လေသည်။ ထိုအကျိတ်သည် ခန္ဓာကိုယ်တွင် ထူးခြားသော အန္တရာယ် များနှင့် တွေ့ကြုံသည့်အခါများတွင်လည်း ကာကွယ်ခုခံနိုင်မှုအားကောင်းစေရန် ပြင်ဆင်လုပ်ဆောင်ပေးနိုင်လေသည်။

ခန္ဓာကိုယ်တွင် ပြင်ပမှဖြစ်စေ၊ အ တွင်းမှဖြစ်စေ သာမန်သဘာဝကျန်းမာ သောအခြေအနေများကို ပျက်စီးချို့ယွင်း စေသည့် လှုံ့ဆော်မှုများဖြစ်ပေါ်ခြင်းကို စိတ် ဖိစီးမှု (Stress)ဟု သတ်မှတ်ထား၏။

စိတ်ဖိစီးမှုများမှာ ပူလွန်း၊ အေးလွန်း၊ စွတ်စိုလွန်း၊ ခြောက်သွေ့လွန်းသော အ ခြေအနေများနှင့် ကြုံတွေ့ရခြင်း၊ လွန်ကဲ စွာ ပင်ပင်ပန်းပန်း လှုပ်ရှားမှုပြုရခြင်း၊ ရော ဂါပိုးမွှားများ ကပ်ရောက်ခြင်း၊ ဒဏ်ရာရခြင်း၊ ခွဲစိတ်ခံရခြင်း၊ အလွန်အမင်း စိတ်လှုပ် ရှားခြင်း စသည်တို့ပင်ဖြစ်လေသည်။

သုတေသနပြုချက်များအရ လူသား တို့၌ ဖိစီးမှုဒဏ်အခံရဆုံးဖြစ်စေသော လှုံ့ဆော်မှုမှာ မသာယာသော စိတ်ခံစားမှု များပင် ဖြစ်၏။

ဖိစီးမှုတစ်ရပ်ရပ်နှင့် ကြုံတွေ့ရ သည့်အခါ ဦးနှောက်အောက်အကျိတ် က သာမန်အနေအထားမျိုးပြန်လည်ရရှိ စေရန် လိုအပ်သည့်ဟော်မုန်းဓာတ်များ ကို ထုတ်၍ စီစဉ်ပေးလေသည်။

အနိဋ္ဌာရုံဖြစ်သော မကောင်းသည့် စိတ်လှုပ်ရှားမှုမျိုးကြောင့် ကိုယ်တွင်းအင်္ဂါ များ အပြောင်းအလဲဖြစ်၍ ရောဂါလက္ခ ဏာများ ပေါ်ပေါက်လာတတ်၏။

ဣဋ္ဌာရုံဖြစ်သော ကောင်းမွန်သည့် စိတ်လှုပ်ရှားမှုများကြောင့် ခန္ဓာကိုယ်အ တွင်း၌ အကျိုးရှိသော ပြောင်းလဲမှုမျိုး ဖြစ်ကာ ကျန်းမာရေးကို အထောက်အ ကူပြုနိုင်လေသည်။

ရွှင်လန်းချမ်းမြေ့ခြင်း၊ ဝမ်းမြောက် ဝမ်းသာဖြစ်ခြင်း၊ အေးဆေးတည်ငြိမ် ခြင်း၊ စိတ်ဓာတ်ရင့်ကျက်ခြင်း၊ မျှော်လင့် ချက်ထားခြင်း စသည့် ကောင်းမွန်သည့် စိတ်လှုပ်ရှားမှုများသည် ခန္ဓာကိုယ်အတွင်း ရှိ ဟော်မုန်းဓာတ်များနှင့် အာရုံကြောအ ဖွဲ့အစည်း၏ လုပ်ငန်းအ၀၀ကို အဆင် ပြေချောမွေ့၍ ကျန်းမာစေသည်။

ဒေါက်တာတင်ထွန်းဦး

Post Author: Good Health Journal