စိတ်ကျန်းမာမှ လူကျန်းမာမည်

စိတ်၏ စွမ်းအင်သည် အနန္တစကြ ဝဠာတစ်ခုလုံးသို့ပင် ဖြန့်ကြက်လွှမ်းမိုးနိုင် သည်။ သို့ဆိုလျှင် လူသားတို့၏ ကျန်းမာ ရေးအတွက်မူကား ဆိုဖွယ်ရာ မရှိ…

ကျန်းမာရေးနှင့်
စိတ်၏ အခန်းကဏ္ဍ

ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ ကျန်းမာ ရေး၊ ရောဂါဘယကင်းရှင်းရေး၊ နုပျိုသန် စွမ်း၍ အသက်ရှင်ရေး စသည်တို့တွင် စိတ်သည် အဓိကအကျဆုံးသော အခန်း ကဏ္ဍတစ်ရပ်မှ ပါဝင်လျက်ရှိပေသည်။
လူတို့၏ အသက်များကို များသော အားဖြင့် အချိန်ကာလဖြင့် ရေတွက်သည့် အသက်အရွယ် (Chronological Age) ဖြင့် သတ်မှတ်လေ့ရှိကြသည်။ သို့သော် လည်း ဇီဝရုပ်ပိုင်းဆိုင်ရာ အသက်အရွယ် (Biological Age) နှင့် စိတ်ပိုင်းဆိုင်ရာ အသက်အရွယ် (Psychological Age) လည်း ရှိပေရာ ယင်းတို့သည် လူတစ်ဦး စီ၌ အချိန်ကာလ အသက်အရွယ်အတိုင်း ပုံသေမဟုတ်ဘဲ ကွဲပြားခြားနားနိုင်ပေ သည်။ သို့ဖြစ်၍ အသက်အရွယ်ကြီးရင့် သော်လည်း ခန္ဓာကိုယ်နုပျိုနိုင်သော သ ဘောရှိပါသည်။

ထို့ပြင် လူသားတို့၏ ရှင်သန်ဖွံ့ဖြိုးမှု များတွင်လည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Physical Growth) သည် အများဆုံး အသက် ၂၅ နှစ်အရွယ်အထိသာဖွံ့ဖြိုး လေ့ရှိပြီး စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Spiri-tual Growth) က များသောအားဖြင့် အသက်ကန့်သတ်မှုမရှိသဖြင့် စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှုမှာ ရေရှည်တွင် ပို၍အဓိ ကကျလာပေသည်။ (လူတို့သည် အ သက် ၃၀ နှစ်ကျော်လာလျှင် နှစ်စဉ် ခန္ဓာ ကိုယ်ရှိ ဆဲလ်များ၏ ၀ ဒသမ ၈ ရာခိုင် နှုန်းစီ ယုတ်လျော့လာကြောင်း သုတေသ နစစ်တမ်းတစ်ခုအရ သိရပါသည်)
စိတ်၏ လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုတို့သည် ဆက်စပ်နေကြ၏။ ကျန်းမာခြင်း၊ ခွန်အားသန်စွမ်းခြင်း၊ နုပျို လန်းဆန်းခြင်း စသည်တို့သည် စိတ်၏ လန်းဆန်းပျော်ရွှင်မှု၊ အပူအပင်သောက ကင်းမှု၊ စိတ်တည်ငြိမ်မှု စသည်တို့ပေါ် တွင် မူတည်သည်။ စိတ်ညစ်ညူးခြင်း၊ ပူ ပင်သောကရောက်ခြင်း၊ ကြောက်လန့်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုအမျိုးမျိုးပေါ်ပေါက်၍ ရောဂါ အထွေထွေကို ဖြစ်လာစေနိုင်ပေသည်။
ထို့ကြောင့်လည်း “စိတ်သာရှင်စော၊ ဘုရားဟော”၊ “စိတ်ပျိုတော့ ကိုယ်နု” (A man is as old as he feels)၊ “စိတ် ထောင်းတော့ ကိုယ်ကြေ”၊ “စိတ်နွမ်း တော့ လူပန်း”၊ “စိတ်ကြောင့်သေ၊ ရုပ် ကြောင့် ကြေ”၊ “ဥပါဒါန်ကြောင့် ဥပဒ် ရောက်”ဆိုသည့် စကားပုံများပင် ရှိသည် မဟုတ်ပါလော။

စိတ်ချမ်းသာခြင်းနှင့် ကိုယ်ကျန်းမာ ခြင်းတို့ကား ခွဲခြား၍ မရနိုင်ပေ။ လူတစ် ယောက်၏ ကိုယ်စိတ်နှစ်ပါးကျန်းမာရေး မှာ မိခင်၏သားအိမ်အတွင်း၌ ထိုလူစ တင်သန္ဓေတည်ကာ ဦးနှောက်ဖွံ့ဖြိုးလာ သည့်အချိန်ကပင်စ၍ အခြေခံပေသည်။
ကိုယ်ဝန်ဆောင်စဉ်ကာလတွင် မိ ခင်အနေဖြင့် စိတ်ပျော်ရွှင်၊ စိတ်ချမ်းသာ မှသာလျှင် စိတ်ဓာတ်ကျန်းမာ ကြံ့ခိုင် သော ကလေးကို မွေးဖွားလာနိုင်ပေသည်။ ကိုယ်ဝန်ဆောင်စဉ် စိတ်အနှောင့်အ ယှက်များ၊ အဆင်မပြေမှုများ၊ ပူပင်သော က စိုးရိမ်စိတ်များဖြင့် ပြည့်ဝနေလျှင် မွေးဖွားလာသည့် ကလေးငယ်၏ စိတ် ကျန်းမာရေးကို ထိခိုက်ပြီး ဦးနှောက်အ သိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနိုင်ပေသည်။

လူသားတို့၏ ငယ်ရွယ်စဉ် ကလေး ဘဝအတွင်း တွေ့ကြုံခံစားရမှုများသည် နောင်ကြီးပြင်းလာစဉ် ဘဝတစ်လျှောက် လုံးပြုမူဆောင်ရွက်နိုင်မှုမှန်သမျှကို လွှမ်း မိုးရိုးထုံးစံရှိသည်ဟု ဆိုရိုးရှိခဲ့သည်။
စိတ်ရောဂါအများစုသည် ကျောင်း မသွားမီကာလတွင် အစစအရာရာအဆင် မပြေမှုများ၊ စိတ်အနှောင့်အယှက်များကို စတင်အခြေခံကြောင်း စိတ်ရောဂါကုပါရ ဂူများက တညီတညွတ်တည်းမှတ်ချက် ချထားပေသည်။
သာယာသော စိတ်ခံစားမှုများကို ဖြစ်စေသည့် စိတ်တည်ငြိမ်ခြင်း၊ ဇွဲရှိခြင်း၊ ခံနိုင်ရည်သတ္တိရှိခြင်း၊ စိတ်ဓာတ်ရင့်ကျက် ခြင်း၊ ပျော်ရွှင်စွာနေတတ်ခြင်း စသည်တို့ သည် ခန္ဓာကိုယ်ရှိ ဦးနှောက်အောက်အ ကျိတ် (Pituitarty Gland)နှင့် ကျောက် ကပ်အထက်အကျိတ်(Adrenal Gland)တို့မှ မျှတသော ဟော်မုန်းဓာတ်များ (Hormones) ကို ထွက်စေသည်။

ဟော်မုန်းဓာတ်ပမာဏ ခန္ဓာကိုယ် တွင် မျှတစွာ တည်ရှိနေခြင်းဖြင့် ခန္ဓာ ကိုယ်လုပ်ငန်းအဝဝအဆင်ပြေချောမွေ့ ၍ ကျန်းမာနေစေသည်။
စိတ်ကြောင့် ခန္ဓာကိုယ်တွင် ရောဂါ အမျိုးမျိုး ရောင်ပြန်ဟပ်၍ ဖြစ်ပေါ်စေ နိုင်သကဲ့သို့ စိတ်သည်လည်း ကျန်းမာ ရေးကို များစွာ အထောက်အကူပြုနိုင် လေသည်။
လူနာတစ်ယောက်၏ ရောဂါပျောက် ကင်းမှုသည် ကုသသော ဆရာဝန်၏ ကျွမ်းကျင်မှု၊ ကုသသော နည်းစနစ် မှန် ကန်ထိရောက်မှု၊ ကုသသောဆေးဝါး၏ အစွမ်းထက်မြက်မှုတို့သာမက ဆရာဝန် နှင့် ထိုလူနာတို့၏ စိတ်တွင် ရောဂါပျောက် မည်ဟု ယုံကြည်မျှော်လင့်ချက်ပေါ်တွင် လည်း မူတည်ပေသည်။
ယခုအခါ ဆရဝန်အများအပြားသည် ရောဂါကုသရာတွင် ဆေးဝါးဖြင့်သာမက စိတ်ဖြင့် ရောဂါကုသခြင်း (Psycho Therapy) ကိုလည်း တွင်ကျယ်စွာ အ သုံးချလာကြပါသည်။

ထင်ရှားသည့် သာဓကတစ်ရပ်

အမေရိကန်ပြည်ထောင်စု မင်နီဆိုး တားပြည်နယ်ရှိ ဒေသတစ်ခု၌ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အတွင်း လူပေါင်း ၈၃၉ ဦးကို စိတ်ပညာရှင်များ လေ့လာ သုတေသနပြုလုပ်ခဲ့သည်။ ယင်းတို့အ နက် ၁၂၄ ဦးသည် အကောင်းမြင်စိတ် ထားသူများဖြစ်၍ ၁၉၇ ဦးသည် အရာရာ ကို အဆိုးမြင်တတ်သူများဖြစ်၏။
ကျန် ၅၁၈ ဦးသည် ထိုစိတ်နှစ်မျိုး ရောနှောလျက်ရှိကြောင်း တွေ့ရသည်။
၃၅ နှစ်အကြာတွင် ယင်းတို့ကို ပြန် လည်ဆန်းစစ်လေ့လာရာ၌ အဆိုးမြင်သ မားများ၏ ၁၉ ရာခိုင်နှုန်းမှာ လူ့သက်တမ်း စေ့မနေရဘဲ စောစောစီးစီး သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။ အကောင်းမြင် သမားများမှာမူ ထိုကဲ့သို့ စောစောစီးစီး သေဆုံးရခြင်းအလွန်အဖြစ်နည်းကြောင်း တွေ့ရပေသည်။
ဤအချက်မှာ ကိုယ်နှင့်စိတ်သည် ဆက်စပ်လျက်ရှိပြီး လူ့စိတ်အခြေအနေ များသည် လူတို့၏ ကျန်းမာရေးနှင့်သက် တမ်းကို အဓိကစိုးမိုးနိုင်ကြောင်း ထင်ရှား သည့် သာဓကတစ်ရပ်ပင်ဖြစ်လေသည်။
ကမ္ဘာကျော် “မေယို”ဆေးကုဌာနမှ ဒေါက်တာ တိုရှိဟီနိုမာရူတာက အ ကောင်းမြင်စိတ်ထားတတ်သူများသည် အဆိုးမြင်စိတ်ထားတတ်သူများထက် ပို မို၍ အသက်ရှည်နိုင်ကြောင်း ဖွင့်ဆိုပြော ကြားခဲ့ဖူးပါသည်။

စိတ်၏ ကျန်းမာခြင်း

စိတ်၏ကျန်းမာခြင်းသည် ကိုယ် ကျန်းမာခြင်းထက် သိသာရန် ခက်ခဲလှ ၏။ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းအဖွဲ့အ စည်းတစ်ခုခု ချို့ယွင်းလျှင် သိသာလွယ် ၏၊ မြင်လွယ်၏။ စိတ်ကျန်းမာသည် မကျန်းမာသည်ကိုကား အလွယ်တကူ မသိသာနိုင်ချေ။
စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်နောက်ကျိခြင်း၊ စိတ်ဖောက်ပြန်ခြင်း မှစ၍ သိသိသာသာရူးသွပ်ခြင်း စသည့် စိတ်ဝေဒနာအမျိုးမျိုးအထိ စိတ်ပြောင်း လဲမှု၊ မူမမှန်မှုများမှ ကင်းဝေးရုံသာမက အတွေးအခေါ်မှန်ကန်၍ ဆောင်ရွက်နေ သမျှကို ကျေနပ်နှစ်သိမ့်ပြီး ပျော်ရွှင် ချမ်း မြေ့နေမှသာ စိတ်ကျန်းမာခြင်းနှင့် ပြည့်စုံ သည်ဟု သတ်မှတ်နိုင်လေသည်။

ကိုယ်စိတ်ဆက်စပ် ဆေးပညာ

စိတ်နှင့်ခန္ဓာကိုယ်တို့သည် အကြောင်း နှင့်အကျိုး အပြန်အလှန် အစဉ်အမြဲဆက် စပ်နေကြသည်။ ကျွန်ုပ်တို့ အသက်ရှင် နေသမျှ ကာလတစ်လျှောက်လုံး စိတ်နှင့် ခန္ဓာကိုယ်မှာ ဒွန်တွဲလျက်နေလေသည်။
သို့ဖြစ်၍လည်း ခန္ဓာကိုယ်တွင် ရော ဂါတစ်ရပ်ရပ် ကပ်ငြိလာပါက စိတ်တွင် လည်း အနည်းနှင့်အများဆိုသလို ထိ ခိုက်ရတတ်၏။ ထိုနည်းတူ စိတ်တွင် မူမ မှန်ပြောင်းလဲမှုတစ်ခုခုရှိပါက ခန္ဓာကိုယ် တွင်လည်း ဖောက်ပြန်မှုများရှိလာရ၏။ စိတ်မချမ်းသာပါက ကိုယ်ကျန်းမာနိုင် မည်မဟုတ်ပေ။
ယင်းအချက်များကို ရှေးနှစ်ပေါင်း များစွာကပင် ပညာရှိများက သိမြင်နိုင်ခဲ့ ၏။ ပလေတို၊ ဆိုကရေးတီးနှင့် ဟစ်ပို ကရေးတီးစသည့် ပညာရှင်များက ဟော ပြောခဲ့ကြ၏။ “ကိုယ်ကျန်းမာမှ စိတ်ကျန်းမာမည်”၊ (A Sound Mind in A Sound Body) ဟူ၍ ဆိုရိုးစကားရှိခဲ့ပါသည်။
စိတ်အမျိုးမျိုးကြောင့် ခန္ဓာကိုယ်အတွင်း၌ လုပ်ငန်းအဝဝတွင် မည်သို့ ပြောင်းလဲသွားရသည်၊ စိတ်ကြောင့် ခန္ဓာ ကိုယ်တွင် မည်သည့်ရောဂါဝေဒနာများ ဖြစ်ပေါ်လာရသည်တို့ကို လေ့လာရန် ကိုယ်စိတ်ဆက်စပ်ဆေးပညာ (Psycho Somatic Medicine)ဟူသည့် ပညာ ရပ်တစ်ခုပင်ရှိလေသည်။
ယင်းပညာရပ်သည် ယခုနှစ်ပေါင်း ၈၀ ခန့်အတွင်း တဖြည်းဖြည်း ထင်ရှား လာခဲ့ရာ ယခုအခါ ဆရာဝန်အများအပြား ကလည်း ထိုပညာရပ်ကို လက်ခံကျင့်သုံး လာခဲ့ကြပြီဖြစ်လေသည်။

♥ ဒေါက်တာတင်ထွန်းဦး

Post Author: Good Health Journal