ယနေ့ခေတ်မှာ အပေါ်ယံ အရေပြားပေါ်မှာ မိတ်ကပ်လိမ်းခြယ်တာတွေအပြင် ပြုပြင် ခွဲစိတ်တာတွေကိုလည်း တွင်တွင် ကျယ်ကျယ်လုပ်ဆောင်လာကြပါတယ်။ အလှအပဆိုင်ရာ နည်းလမ်းအသွယ်သွယ်ထဲကမှ တက်တူးမိတ်ကပ်တွေအကြောင်း သိထားသင့်တာတွေကို ရေးပေးလိုက်ပါတယ်။
တက်တူးမိတ်ကပ်ဆိုတာ –
တက်တူးမိတ်ကပ်ဆိုတာ သေးငယ်တဲ့ ရောင်ခြယ်မင်တွေကို အပ်နဲ့ အရေပြားရဲ့ အပေါ်ယံလွှာကို ဖောက်ပြီး ဒုတိယ အလွှာ ဒါးမစ်စ် (Dermis) ထဲကို ထိုးသွင်း ပေးရတာ ဖြစ်ပါတယ်။ သူတို့ဟာ တက်တူးထိုးသလိုမျိုးပါပဲ။ သတိထားသင့်တာကတော့ FDA က အရေပြားထဲ ထိုးသွင်းတဲ့ တက်တူးရောင်ခြယ်မင်တွေကို တရားဝင် လက်ခံအတည်ပြုထားတာ မရှိသေးပါဘူး။
တက်တူးမိတ်ကပ် လုပ်ဖို့ စဉ်းစားထားရင် ဒါတွေကိုသိထားသင့်ပါတယ် . . .
♥ သင်လုပ်ချင်တဲ့ တက်တူးမိတ်ကပ်ကို မလုပ်ခင်မှာ ဝါရင့်ကျွမ်းကျင်တဲ့ အရေပြား ဆရာဝန်တွေနဲ့ အရင် တိုင်ပင်ပါ။
♥ အသားထဲ ထိုးသွင်းမယ့် တက်တူးရောင်ခြယ်မင် အမျိုးအစား၊ စနစ်တကျ သိုလှောင်ထားတာရှိ မရှိ လေ့လာပါ။ တက်တူးမိတ်ကပ် ထိုးဖူးသူ လူအများတွင် အန္တရာယ်မပေးတဲ့ ဆေးမျိုးဖြစ်ဖို့ လိုပါတယ်။
♥ ကိုယ်လုပ်ထားတဲ့ တက်တူးမိတ်ကပ်က တစ်ချိန်ချိန်မှာ ခေတ်ရေစီးကြောင်းနဲ့ မကိုက်ညီတော့တာမျိုး ဖြစ်လာနိုင်တာကို လည်း ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။
♥ တက်တူးမင်ဖြစ်တာကြောင့် အလွယ်တကူ ပြန်ဖျက်လို့ မရပါဘူး။ ဒီနေ့ခေတ်မှာ လေဆာနဲ့ ပြန်ဖျက်လို့ ရပေမယ့် တစ်ကြိမ်တည်းနဲ့ ဖျက်နိုင်တာ ရှားပါတယ်။ အကြိမ်များစွာ လေဆာနဲ့ ပစ်ရမှာပါ။ နဂိုအသားအရေအတိုင်း ပြန်ရဖို့ကလည်း အာမခံချက် မရှိပါဘူး။
♥ တက်တူးရောင်ခြယ်မင်က အရေပြားနဲ့ ဓာတ်မတည့်တာ၊ ရောင်ရမ်းတာ၊ အသားနုမြင်းထွက်တာ စတာတွေ ဖြစ်တတ်ပါတယ်။
♥ MRI ဓာတ်မှန် ရိုက်တဲ့အခါ တက်တူးရောင်ခြယ်မင် ထိုးထားတဲ့ နေရာတွေက ရောင်ရမ်းတာနဲ့ အပူလောင်တာမျိုး ဖြစ်ဖူးတဲ့သူတွေ ရှိတာမို့ ဓာတ်မှန်ပညာရှင်ကို သင် တက်တူးရောင်ခြယ်မင် ထိုးထားတယ်ဆိုရင် ကြိုတင် အသိပေးသင့်ပါတယ်။
♥ Darliko ♥