တစ်မှေးအိပ်ချိန် ဘယ်လောက်လိုအပ်ပါသလဲ

နေ့လယ်နေ့ခင်း တစ်မှေးအိပ်တတ်သူတွေဟာ တစ်မှေးအိပ်လိုက်မှ လန်း ဆန်းသွားတယ်လို့ ထင်မှတ်ကြပါတယ်။ အဲဒီသူတွေအနေနဲ့ မိမိဦးနှောက်အတွက် အကောင်းဆုံး ရလဒ်ရရှိနိုင်ဖို့ တစ်မှေး အိပ်ချိန် ဘယ်လောက်လိုအပ်သလဲဆိုတာ ကိုတော့ သိရှိဖို့ လိုအပ်ပါလိမ့်မယ်။ များသောအားဖြင့် တစ်မှေးအိပ်ချိန် ၁၀-၂၀ မိနစ်ခန့်ဆိုရင် ပြန်လည်လန်းဆန်းဖို့ လုံလောက်တယ်လို့ဆိုပေမယ့် သင်ရဲ့ တစ်မှေး အိပ်ချိန်ပေါ်မူတည်ပြီး ဦးနှောက်ပေါ်မှာ ရရှိနိုင်တဲ့ အကျိုးရလဒ်ဟာ အမျိုးမျိုးကွဲပြား သွားနိုင်တဲ့တာကြောင့် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

တစ်မှေးအိပ်ချိန် ၁၀-၂၀ မိနစ်
တစ်မှေးအိပ်ချိန်က အနည်းဆုံး ၁၀ မိနစ်ကနေ မိနစ် ၂၀ ခန့်တော့ ရှိသင့်ပါ တယ်။ သင့်မှာ အလုပ်အများကြီးရှိနေပေမယ့် သင့်မျက်လုံးက လုံးဝမဖွင့်နိုင်ဘူး ဖြစ် နေရင် ၁၀-၂၀ မိနစ်လောက် အိပ်လိုက်တာက သင်ရဲ့ စွမ်းအင်ကို ပြန်လည်ပြည့် ၀စေနိုင်ပါတယ်။ ဒီအိပ်ချိန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အဆင့်ကို မရောက်ရှိ သေးတဲ့အတွက် အိပ်ရာက ပြန်လည်နိုးထလာတာနဲ့ ပုံမှန်အခြေအနေကို အလွယ် တကူ ပြန်လည်ရရှိသွားနိုင်ပါတယ်။

တစ်မှေးအိပ်ချိန် ၃၀ မိနစ်
တစ်မှေးအိပ်ချိန် မိနစ် ၃၀ ယူတာက အိပ်ရာနိုးလာတဲ့အခါမှာ အိပ်ရေးမ၀သလိုဖြစ်ပြီး ပြန်လည်အိပ်ချင်စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ အထူးသဖြင့် ညက အိပ်ရေးပျက် ထားသူတွေမှာပါ။ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာဂျာနယ်က လေ့လာမှုအရ ဒီအိပ်ချိန်မှာ တစ်မှေး အိပ်တတ်သူတွေက ယခင်ညက အိပ်ပျက်တဲ့ဒဏ်ကြောင့် ကမောက်ကမဖြစ်သွားတဲ့ ဟော်မုန်းတွေကို ပြန်လည်ပြုပြင်ပေးတယ်လို့ သိရပါတယ်။ တစ်မှေးအိပ်ချိန် မိနစ် ၃၀ ယူသူတွေက ခုခံအားစနစ်တွေ မြင့်တက်လာပြီး စိတ်ဖိစီးမှုတွေ လျော့နည်းသွားနိုင် ပါတယ်။ ဒါပေမဲ့ မိနစ် ၃၀ လောက်အိပ်ပျော်သွားတဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အခြေ အနေဖြစ်သွားတာကြောင့် ပြန်လည်နိုးထဖို့ ခက်ခဲသွားနိုင်ပါတယ်။ ယခင်ညက အိပ် ရေးပျက်သူတွေအတွက်သာ တစ်မှေးအိပ်ချိန် မိနစ် ၃၀ လောက်ယူဖို့ သင့်တော်ပါတယ်။

တစ်မှေးအိပ်ချိန် ၆၀ မိနစ်
ဒီလိုတစ်မှေးအိပ်ချိန်ကတော့ မေ့လွယ်တတ်သူတွေအတွက် အသုံးဝင်ပါတယ်။ တစ်နာရီလောက် တစ်မှေးအိပ်လိုက်တာကြောင့် နာမည်၊ မျက်နှာနဲ့ အရေးကြီးတဲ့ အကြောင်းအချက်အလက်တွေကို ပြန်လည်မှတ်မိသွားနိုင်ပါတယ်။

တစ်မှေးအိပ်ချိန် ၉၀ မိနစ်
အိပ်ချိန် တစ်နာရီခွဲက အိပ်စက်မှုအပြည့်အ၀ရရှိသွားတဲ့အတွက် ပြန်လည်နိုး ထချိန်မှာ အလွန်လန်းဆန်းသွားနိုင်ပါတယ်။ အိပ်စက်မှုစက်ဝန်းအဆင့်ဆင့်ကို ကျော် ဖြတ်သွားရတဲ့အတွက် အိပ်မက်လှလှလေးတောင် မက်နိုင်ပါသေးတယ်။ ဒီလောက် အိပ်ချိန်ယူထားတဲ့အတွက် ဦးနှောက်က အကောင်းဆုံးအကျိုးကျေးဇူးတွေ ရရှိနိုင်ပါ တယ်။ စိတ်ခံစားမှုကောင်းမွန်နိုင်တဲ့အပြင် သင်ကြားမှုအပိုင်းမှာလည်း တတ်မြောက် လွယ်ပြီး မှတ်ဉာဏ်နဲ့ ဖန်တီးနိုင်စွမ်းတွေလည်း မြင့်တက်လာနိုင်ပါတယ်။ အိပ်ရေး ၀သွားတဲ့အတွက် အလွယ်တကူ ပြန်လည်နိုးထလာနိုင်ပါတယ်။
ဒါကြောင့် တစ်မှေးအိပ်ချိန်ဟာ သင်ရဲ့ လိုအပ်ချက်ပေါ်မှာ မူတည်ပြီး မိနစ် ၂၀ ကနေ တစ်နာရီခွဲအထိ အိပ်စက်နိုင်ပါတယ်။ ဒါပေမဲ့ ညအိပ်ချိန်နဲ့ နီးကပ်တဲ့အချိန် (ဥပမာ ညနေ ၃-၄ နာရီ)မှာတော့ မအိပ်သင့်တော့ပါဘူး။ အဲဒီအချိန်မှာ တစ်မှေးအိပ်လိုက် ရင် ညဘက် အိပ်ပျော်ဖို့ ခဲယဉ်းသွားနိုင်တာကြောင့်ပါ။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *