“မေမေ့ဗိုက်ထဲကရေမြွှာ – ဒေါက်တာစိမ့်”

ကိုယ်ဝန်ရှိလာတဲ့အခါ ရေမြွှာအကြောင်းကိုလည်း နားလည်ထားဖို့လိုပါတယ်။ ရေမြွှာပေါက်ပြီ၊ ရေမြွှာရေနည်းနေတယ်၊ ရေမြွှာများနေတယ် စသဖြင့် ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ရေမြွှာဆိုတာဘာလဲ၊ ကိုယ့်ဗိုက်ထဲက ကလေးနဲ့ ကိုယ့်အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာ သိချင်လာကြမယ်လို့လည်း ထင်ပါတယ်။

ရေမြွှာရေတွေဘယ်ကလာ?

သားအိမ်ထဲမှာ ရေမြွာအိတ်ကလေးတစ်ခုရှိပါတယ်။ အဲဒီရေမြွှာအိတ်လေးထဲမှာမှ သနေသားလေးဟာ ရေမြွှာရေတွေနဲအတူ ရှိနေတာပါ။ ကိုယ့်သားအိမ်ထဲကို အလိုလိုနေရင်း ဘယ်ကအရည်တွေရောက်လာလဲ ဆိုတာ စဉ်းစားကြည့်ရင် အံ့သြစရာပါပဲ။ ဒီရေမြွှာအရည်တွေဟာ မျိုးအောင်ပြီး တစ်ပတ်အကြာလောက်က တည်းက ရေမြွှာအမြှေးပါးလေးကနေ စစ်ထုတ်ပေးထားတာပါ။ ၁၀ ပတ်လောက်အကြာမှာတော့ သနေသားလေးရဲ့ သွေးရည်ကြည်တွေဟာ အရေပြားနဲ့ ချက်ကြိုးကနေ စိမ့်ထွက်လာပြီး ရေမြွှာရေတွေအဖြစ်စုမိလာပါတယ်။ ၁၆ ပတ်ကနေစပြီးတော့မှ သနေသားလေးရဲ့ အရေပြားဟာ ရေစိမ့်မထွက်နိုင်တော့ဘဲ ကျောက်ကပ်နဲ့ အဆုတ်ကအရည်တွေထုတ်ပြီး ဒီအရည်တွေကို သနေသားက ပါးစပ်ကနေ ပြန်မြိုချပါတယ်။

 

ဗိုက်ထဲမှာ ရေမြွှာရည်တွေ ဘယ်လောက်ထိရှိလဲ?

ရေမြွှာရည်တွေဟာ ကိုယ်ဝန်ဆောင်လ ရင့်လာတာနဲ့အမျှ တဖြည်းဖြည်းများလာပါတယ်။

(၁၀) ပတ် – ၃၀ မီလီလီတာ

(၂၀) ပတ် – ၃၀၀ မီလီလီတာ

(၃၀) ပတ် – ၆၀၀ မီလီလီတာ

(၃၈) ပတ် – ၁၀၀၀ မီလီလီတာ

ဒါကတော့ သက်တမ်းအလိုက်ရှိတဲ့ ရေမြွှာရည်ပမာဏပေါ့။ ပုံမှန်အားဖြင့်တော့ (၄၀၀) ကနေ (၁၅၀၀) မီလီလီတာကြားမှာ ရှိပါတယ်။

ရေမြွှာရည်ဆိုတာ ဘယ်လိုမျိုးလဲ ?

ရေမြွှာရည်က ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာတော့ အမေ့သွေးရည်ကြည်မှာပါဝင်တာတွေအတိုင်းပါပဲ။ ဝါဖြော့ဖြော့အရောင်ရှိပြီး အယ်ကာလီဓာတ်တွေများပါတယ်။ နောက်ပိုင်းမှာတော့ သနေသားရဲ့ဆီးက ဓာတ်ဆားဓာတ်တွေနည်းတာကြောင့် အော့စမိုးတစ်ပရက်ရှာ (Osmotic Pressure) နည်းသွားပါတယ်။

 

ရေမြွှာရည်က ဘာလုပ်ပေးလဲ?

တော်ရုံတန်ရုံ ထိမိခိုက်မိတာလောက်က ဒီရေမြွှာရည်တွေခံနေတဲ့အတွက် သနေသားကို မထိခိုက်တော့ပါဘူး။ ဒီအရည်တွေရှိနေတာကြောင့် သနေသားရဲ့လှုပ်ရှားမှုအတွက် အဆင်ပြေချောမွေ့စေတာမို့ ခြေလက်တွေ ကွေးကောက်တာ၊ ပုံပျက်တာတွေ မဖြစ်တော့ဘူးပေါ့။ ပြီးတော့လည်း အရည်တွေရှိနေတာကြောင့် အရေမြွှာအမြှေးပါးက သနေသားကို လာမကပ်တော့ပါဘူး။ သနေသားရဲ့ လေပြွန်လမ်းကြောင်းထဲကို အရည်တွေဝင်စေပြီး အဆုတ်ကိုကောင်းမွန်စွာ ဖွံ့ဖြိုးလာစေပါတယ်။ ဖိအားကို ထိန်းပေးထားတဲ့အပြင် ပြင်ပမှာ အရမ်းပူ၊ အရမ်းအေးတဲ့ဒဏ်တွေက သနေသားအပေါ် တိုက်ရိုက်မရောက်အောင်လည်း အပူချိန်ကို ထိန်းညှိပေးထားနိုင်ပါတယ်။

 

ရေမြွှာရည်မှာ ပြဿနာတစ်ခုခုရှိလာနိုင်လား?

ရှိလာနိုင်တယ်ပဲ ပြောရမယ်။ ရေမြွှာရည်နည်းတာ၊ များတာတွေဖြစ်တတ်ပါတယ်။

(၁) ရေမြွှာရည်နည်းတာ (Oligohydramnios)

ရေမြွှာရည်အရမ်းနည်းတာကို (Oligohydramnios) လို့ခေါ်ပါတယ်။ ၃၀၀ မီလီလီတာအောက်လျော့နည်းရင် ရေမြွှာရည် နည်းတယ်လို့ သတ်မှတ်ပါတယ်။

ဘာကြောင့်ရေမြွှာရည်နည်းရတာလဲ?

  • ကျောက်ကပ်မကောင်းတာ
  • ကျောက်ကပ်မှာရေအိတ်တွေတည်တာ
  • သနေသားကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတာနဲ့ အချင်းကောင်းကောင်း မဖွံ့ဖြိုးတာ
  • မိခင်မှာ ဗိုင်းရပ်စ်ရောဂါတစ်ခုခုဖြစ်နေတာ၊ အကိုက်ခဲပျောက်ဆေးလို ဆေးတွေသောက်နေတာ
  • မွေးရက်ကျော်နေတာ၊ ကိုယ်ဝန်ဆိပ်တက်နေတာ
  • ဗိုက်မနာခင်မှာ ရေမြွှအမြှေးပေါက်တာ

ရေမြွှာရည်နည်းရင်ဘာတွေဖြစ်နိုင်သလဲ?

  • သနေသားအနေအထားပုံမမှန်တာ
  • လမစေ့ဘဲ ကလေးစောမွေးတာ
  • အဆုတ်နဲ့ လေပြွန်လမ်းကြောင်းကောင်းကောင်းမဖွံ့ဖြိုးတာ
  • ခြေလက်အင်္ဂါတွေ ချို့ယွင်းတာ
  • တွေ ဖြစ်လာပါလိမ့်မယ်။

ရေမြွှာရေနည်းတာကို ကုလို့ရလား?

အကြောင်းရင်းကို သိနေတဲ့အတွက် ကုလို့ရပါတယ်။  ကိုယ်ဝန်ဆိပ်တက်နေတာကြောင့်ဆို ဒါကိုကုသမှုခံယူရင် ရေမြွှာနည်းတာလည်း ပြန်ကောင်းသွားပါတယ်။ ဒါ့အပြင် မွေးနေတုန်းမှာ ရေမြွှာရည်သွင်းပေးလို့လည်းရသေးတယ်။

(၂) ရေမြွှာရည်များတာ (Polyhydramnios)

ရေမြွှာရည်အရမ်းများတာကို (Polyhydramnios) လို့ခေါ်ပါတယ်။ ၂၀၀၀ မီလီလီတာထက်များနေရင် ရေမြွှာရည် များတယ်လို့ သတ်မှတ်ပါတယ်။ ရေမြွှာရည်များနေတာကိုမှ အမျိုးအစားထပ်ခွဲထားပါသေးတယ်။ ကိုယ်ဝန် (၂၄) ပတ်အောက်ဆိုရင် Acute လို့သတ်မှတ်ပြီး (၂၄) ပတ်ကျော်မှ ဖြစ်ရင် Chronic လို့သတ်မှတ်ပါတယ်။ (၂၄) ပတ်အောက်မှာဖြစ်တဲ့ Acute Type ကတော့ ဗိုက်အရမ်းဖောင်းနေပြီး နေရတာ မသက်သာတ၊ အသက်ရှူမဝတာမျိုးဖြစ်တတ်ပါတယ်။ Chronic Type ကတော့ ဆီးချိုဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်လေ့ရှိပါတယ်။

 

ဘာတွေကရေမြွှာရေများစေတာလဲ?

  • မိခင်မှာဆီးချိုရောဂါရှိနေတာ
  • အချင်းမှာအလုံးအကျိတ်ဖြစ်နေတာ
  • သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောနှစ်ခုကြားမှာ ပုံမမှန်တဲ့လမ်းကြောင်းပေါ်နေတာ
  • အမြွှာကိုယ်ဝန်ရှိနေတာ
  • အမြွှာတွေမှာ သွေးလုံလောက်စွာမရတာကြောင့်ဖြစ်တဲ့ Twin-to-twin transfusion syndrome (TTT $)
  • သနေသားရဲ့လေပြွန်နဲ့ အစာပြွန်ကြားမှာလမ်းကြောင်းပေါ်လာတာ
  • Hydrop Fetalis ဆိုတဲ့ သနေသားရဲ့ကိုယ်တွင်းခေါင်းအခန်းတွေမှာ အရည်တွေစုနေတဲ့ရောဂါ
  • သနေသားမှာ အာရုံကြောနဲ့ ကြွက်သားရောဂါရှိနေတာ
  • သနေသားရဲ့ကျောရိုးနဲ့ အာရုံကြောမကြီး ကောင်းမွန်စွာမပိတ်ဘဲ လမ်းကြောင်းပွင့်နေတာ
  • သနေသားခေါင်းသေးနေတာတွေပဲဖြစ်ပါတယ်။

ဒါပေမယ့် များသာအားဖြင့်ကတော့ အကြောင်းရင်းရှာမရတာများပါတယ်။ ဘာကြောင့်ရေမြွှာရည်များနေရလဲ ဆိုတာကို အကြောင်းရင်းစစ်ထုတ်လို့မရကြပါဘူး။

 

ရေမြွှာရည်များရင်ဘာတွေဖြစ်နိုင်သလဲ?

  • နေ့လမစေ့ဘဲမွေးတာ (၂၄ ပတ်နဲ့ ၃၇ ပတ်ကြား)
  • အချိန်မတန်ဘဲရေမြွှာပေါက်တာ (၂၄ ပတ်နဲ့ ၃၇ ပတ်ကြား)
  • ကလေးအနေအထား ပုံမှန်မဖြစ်တာ
  • အချင်းကွာတာ
  • မွေးပြီးသွေးသွန်တာ ဆိုတဲ့စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါတယ်။

 

ရေမြွှာများတာကို ဘယ်လိုကုသမလဲ?

ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းကို အရင်ရှာရမှာပါ။

  • သနေသားနဲ့ အချင်းမှာ ပုံမမှန်တာတစ်ခုခုများရှိနေလားဆိုတာ သိရအောင် အာထရာစောင်းရိုက်ရတယ်
  • ဒါမှမဟုတ် အမေမှာများ ဆီးချိုသွေးချိုဖြစ်နေလို့လားဆိုတာ သိအောင် စစ်ကြည့်ရပါမယ်။
  • Hydrop Fetalis ရှိနေလားသိရအောင် သွေးအုပ်စုစစ်တာ
  • ခရိုမိုဇုန်းခေါ် မျိုးဗီဇပဋိပစ္စည်းတွေမှာ ပုံမမှန်တာတစ်ခုခုရှိ၊ မရှိ စစ်ဆေးတာ
  • Infection (TORCH) ခေါ် ရောဂါပိုးတွေများဝင်နေလားဆိုတာစစ်ကြည့်ရပါမယ်။

ပြီးရင်တော့ ခံစားနေရတဲ့လက္ခဏာတွေ သက်သာအောင်ကုသမှုပေးပါတယ်။ ရေမြွှာရည်လျော့ချတာမျိုး၊ စောမွေးမှာစိုးလို့ သားအိမ်ညှစ်အားနည်းအောင် ဆေးပေးတာမျိုးတွေ လုပ်ပေးလေ့ရှိပါတယ်။ ပြီးမှ ဖြစ်ရတဲ့ အကြောင်းရင်းကို ကုတာပါ။ မိခင်မှာဆီးချိုရှိနေရင် ဆီးချိုထိန်းပေးပေမယ့် ခရိုမိုဇုန်းခေါ် မျိုးဗီဇပဋိပစ္စည်းတွေမှာ ပုံမမှန်တာဖြစ်နေရင်တော့ ကလေးလည်း အသက်ရှင်နိုင်မှာမဟုတ်တဲ့အတွက် ကိုယ်ဝန်ကိုဖျတ်ချရပါတယ်။ ဘာကြောင့်ဖြစ်မှန်းလည်းမသိဘူး၊ သိပ်လည်းမဆိုးဘူးဆိုရင်တော့ ဘယ်အချိန်မွေးမယ်၊ ဘယ်လိုမွေးမယ်ဆိုဆာ ဆုံးဖြတ်ပြီး ရေမြွှာရည်ဖောက်ထုတ်ပြီးမွေးလို့ရပါတယ်။

ဒါပေမယ့် မွေးပြီးသွေးမသွန်အောင်တော့ ဂရုတစိုက်လုပ်ဖို့လိုပါတယ်။ တကယ်လို့ လမစေ့ဘဲ ကလေးစောမွေးနိုင်ခြေရှိရင်ဖြစ်ဖြစ်၊ အာထရာဆောင်းအရ သားအိမ်ခေါင်းအလျားက ၂၅ မီလီမီတာအောက်ရှိနေရင်ဖြစ်ဖြစ် Cervical cerclage ခေါ် သားအိမ်ခေါင်းမှာ ချုပ်ရိုးထည့်ပြီး စိတ်ချရတဲ့အနေထားမှ ပြန်ထုတ်တာမျိုးလုပ်လို့ရပါတယ်။ ဒါကလည်း ၁၂ ပတ်ကနေ ၁၄ ပတ်အတွင်းမှာပဲ လုပ်လေ့ရှိတာပါ။ စောမွေးတော့မယ်ဆိုရင် ကလေးအဆုတ်အားကောင်းအောင် Dexamethasone ထိုးဆေးကြိုထိုးပေးထားလေ့ရှိပါတယ်။

မေတ္တာဖြင့်…

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *