“မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား (၁) – ကိုယ်ဝန်ဆောင်ကာလအတွင်း အပြောင်းအလဲ- ဒေါက်တာစိမ့်”

ကိုယ်ဝန်ဆောင်တော့မယ့် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်တကယ်ရှိလာတဲ့အခါ ပြောင်းလဲလာတဲ့ ဖြစ်စဉ်လေးတွေကြောင့် စိတ်ဖိစီးမှုတွေဖြစ်ပြီး စိုးရိမ်မှုတွေလွန်ကဲလာတတ်ပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဘယ်လိုမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတယ်၊ ဘယ်လိုတွေကတော့ ပုံမှန်မဟုတ်ဘူး စသဖြင့်ကြိုတင်သိထားရင်တော့ မလိုအပ်ဘဲ စိတ်ပူနေရတာမျိုးတွေ မဖြစ်တော့ဘဲ တကယ်အလေးပေးရမယ့် အခြေနေတွေအတွက် အချိန်မီ လုပ်ဆောင်စရာရှိတာတွေကိုပါ လုပ်နိုင်မှာဖြစ်ပါတယ်။ ကြားဖူးနားဝ ဆေးမြီးတိုးနည်းလေးတွေနဲ့ အမှားတွေမလုပ်မိအောင်အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ များသောအားဖြင့် ကြုံရလေ့ရှိတာတွေနဲ့ ဖြေရှင်းနည်းလေးတွေကိုပါ ဖော်ပြဆွေးနွေးပေးသွားပါမယ်။

 

(၁) ပျို့တာ
(၂) အလွန်အမင်းအန်တာ
(၃) ဝမ်းချုပ်တာ
(၄) ရင်ပူတာ
(၅) ခြေလက်တွေ ဖောတာ
(၆) သွေးကြောတွေထုံးတာ
(၇) မိန်းမကိုယ်ယားယံတာ နဲ့ အဖြူဆင်းတာ
(၈) ခြေလက်ထုံကျင်တာ
(၉) ခါးနာတာ တွေကြုံရတတ်ပါတယ်။

 

(၁) ပျို့တာ 

တစ်ခုခု စားသောက်တော့မယ်ဆိုရင် ပျို့လာတတ်တာဟာ ကိုယ်ဝန် ၆ ပတ်ကနေ ၁၂ ပတ်အတွင်းမှာ ကြုံရတတ်တဲ့ လက္ခဏာပါ။ အန်တာထက်စာရင် ပျို့တာ၊ လေတက်တာ ပိုဖြစ်ပါတယ်။ ဒါဘာကြောင့်ဖြစ်ရတယ်ဆိုတာ သေချာမပြောနိုင်ကြပေမယ့် ပုံမှန် ဇီဝကမ္မဖြစ်စဉ်တစ်ခု ဒါမှမဟုတ် hCG level တက်လာတာကြောင့်ဖြစ်မယ်လို့ မှန်းဆပြောဆိုကြတာပါပဲ။ တော်ရုံတန်ရုံလောက်ကတော့ နားနားနေနေ နေလိုက်ရင် သက်သာတာများပါတယ်။ တခါတလေမှ အအန်ပျောက်ဆေးတွေ သောက်ဖို့လိုတာပါ။ တကယ်လို့ ပျို့တာက အရမ်းဆိုးလာရင် အလွန်အမင်းအန်တဲ့အထိပါ ဖြစ်လာတတ်ပါတယ်။

(၂) အလွန်အမင်းအန်တာ
ဒါကို Hyperemesis Gravidarum လို့ခေါ်ပါတယ်။ H.mole လို့ခေါ်တဲ့ စပျစ်သီးသနေနဲ့ အမြွာကိုယ်ဝန်တွေမှာ ကြုံရလေ့ရှိပါတယ်။ အန်တာသိပ်ပြင်းထန်ဆိုးရွားလာရင် အစားလည်းကောင်းကောင်း မစားနိုင်တာကြောင့် အာဟာရပျက်လပ်တာ၊ အန်တာတွေများတာကြောင့် ရေဓာတ်ခန်းခြောက်ပြီး သွေးပေါင်ကျတာ၊ ဆီးမသွားတော့တာတွေ ဖြစ်လာပါလိမ့်မယ်။ Wernicke-Korsakoff syndrome လို့ခေါ်တဲ့ ဗီတာမင်ဓာတ်တွေချို့တဲ့တဲ့ရောဂါ၊ အသည်းကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် အသားဝါတာ၊ အစာရေမြိုပြွန်ရဲ့အောက်နှုတ်ခမ်းသားတွေ စုပ်ပြဲလာပြီး သွေးကြောသေးသေးလေးတွေကနေ သွေးယိုလာတာကြောင့် သွေးဝမ်းတွေ၊ ဝမ်းမည်းမည်းတွေပါ သွားလာတတ်ပါတယ်။ ဒါပေမယ့် ဒီလိုတွေ အန်တာဟာ ကိုယ်ဝန်ကြောင့်လား၊ တခြားရောဂါတွေကြောင့်လားဆိုတာတော့ သေသေချာကွဲပြားဖို့ အရေးကြီးပါတယ်။ ကျောက်ကပ်ရောဂါ၊ စပျစ်သီးသနေ၊ အူလမ်းကြောင်းပိတ်တာနဲ့ အသည်းရောင်ရောဂါတွေမှာလည်း အခုလို ဆိုးဆိုးရွားရွားအန်တတ်ပါတယ်။

ဒါကြောင့် ဒီလိုအရမ်းအန်လာရင်တော့ ဆေးရုံကို မဖြစ်မနေသွားပြသင့်ပါတယ်။ ပုံမှန်ကတော့ Metocloperamide, Prochlorperazine လို အအန်ပျောက်ဆေးတွေ တိုက်လေ့ရှိပါတယ်။ ဒါမှမဟုတ်လည်း B 6 နဲ့ Thiamine အပါအဝင်B Complex ကို အကြောဆေးသွင်းပေးတာမျိုးလည်းရှိတယ်။ ပြီးရင်တော့ ရေဘယ်လောက်သောက်တယ်၊ ဆီးဘယ်လောက်ပြန်သွားတယ်ဆိုတာ စောင့်ကြည့်ပြီး တတ်နိုင်သမျှ အစာပြန်ဝင်အောင် ကျွေးပေးရပါမယ်။ အစပိုင်းကတော့ အစာခပ်ပျော့ပျော့ကျွေးပြီး တဖြည်းဖြည်း ပုံမှန်အတိုင်းဆက်ကျွေးလို့ရပါတယ်။

(၃) ဝမ်းချုပ်တာ
ဒါကတော့ အများဆုံးလာတဲ့ complain တစ်ခုပါပဲ။ ကိုယ်ဝန်ရှိရင် မြင့်တက်လာတဲ့ ပရိုဂျက်စတုန်း ( Progesterone) ဆိုတဲ့ ဟော်မုန်းဟာ အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို နှေးကွေးစေတဲ့အပြင် တဖြည်းဖြည်းလေးလာတဲ့ သားအိမ်ဟာ မစင်အိမ် (rectum) ကို သွားဖိတဲ့အတွက်ရော၊ ကိုယ်ဝန်ဆောင်အားဆေးတွေထဲမှာ ပါတဲ့ သံဓာတ်ဆေးတွေကြောင့်ပါ ဒီလို ဝမ်းချုပ်တာဖြစ်ပါတယ်။ အဲဒီအတွက် ဝမ်းနှုတ်ဆေးတွေမသောက်ဘဲ အမျှင်ဓာတ် (Fiber) များများပါတဲ့ အစားစာတွေ၊ နို့နဲ့ ရေများများသောက်တာတွေက ပိုကောင်းပါတယ်။

(၄) ရင်ပူတာ
လှဲအိပ်ရင် ရင်ပူတာ၊ ရင်ထဲနေလို့ မကောင်းတာမျိုးက မှာ ဖြစ်လေ့ရှိပါတယ်။ ဒီထက်လည်း စောချင်စောနိုင်ပါသေးတယ်။ အစာရေမြိုပြွန်ရဲ့ အောက်ပိုင်းက ရှုံ့ကြွက်သားဟာ လျော့ထားတဲ့အတွက် အစာအိမ်ထဲကအစာတွေ၊ အက်စစ်တွေနဲ့ ထိတွေ့တာကြောင့်အခုလို ပူလောင်ပြင်းရှတဲ့ခံစားချက်မျိုး ဖြစ်ရတာပါ။ ဒီအတွက် မကြာခဏ အစာစားပေးပါ။ ပက်လက်အိပ်တာ၊ ကွေးအိပ်တာမျိုး မလုပ်ပါနဲ့။ လိုအပ်ရင် အစာအိမ်ဆေးသောက်ပေးလို့ရပါတယ်။ အရက်တွေ၊ ဆေးလိပ်တွေသောက်နေရင်တော့ လုံးဝဖျတ်ပစ်ပါ။ ရင်ပူတာအပြင် အစားသောက်ပျက်တဲ့အထိ ဆိုးရွားလာရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကုနဲ့ ပြသဖို့လိုပါလိမ့်မယ်။

(၅) ခြေလက်တွေ ဖောတာ
ကိုယ်ဝတ်ဆောင်ကာလမှာ ဆံခြည်မျှင်သွေးကြောလေးတွေရဲ့ စိမ့်ဝင်မှုအားကောင်းလာတာကြောင့် ခြေတွေ လက်တွေ ဖောရောင်လာတတ်ပါတယ်။ ဒါကို သက်သာဖို့အတွက် ခြေထောက်အောက်မှာ စောင်ခေါက်ဖြစ်ဖြစ်၊ ဖက်လုံးဖြစ်ဖြစ်ခုပြီး အိပ်ပါ။ ကိုယ်ခနာအောက်ပိုင်းကို အထက်ပိုင်းထက် မြင့်အောင်ထားတဲ့သဘောပေါ့။ လက်ချောင်းတွေ အလွန်အမင်းဖောနေရင် လက်စွပ်တွေကိုပါ ချွတ်ထားစေချင်ပါတယ်။ ဒီလိုဖောတာဟာ ကိုယ်ဝန်ဆိပ်တက်တာလား၊ ပုံမှန်ဖြစ်နေကျဆိုတာလား၊ ကျောက်ကပ်ကြောင့်လားဆိုတာ ကွဲပြားအောင် သွေးပေါင်ချိန်တိုင်းတာ၊ ဆီးချက်တာတွေ လုပ်ပြီး သိနိုင်ပါတယ်။

(၆) သွေးကြောတွေထုံးတာနဲ့ လိပ်ခေါင်း
ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်းမှာ ပိုဆိုးလာတတ်ပါတယ်။ ပရိုဂျက်စတုန်း ( Progesterone)က သွေးကြောရှုံ့ကြွက်သားတွေကို လျော့စေပါတယ်။ သားအိမ်က တဖြည်းဖြည်းလေးလံလာတာနဲ့အမျှ Inferior Vena Cava ဆိုတဲ့ သွေးပြန်ကြောကို သွားဖိမိပြီး သွေးလျှောက်နှုန်းနှေးသွားတဲ့အတွက် သွေးပြန်ကြောတွေ တွန့်ခေါက်ကုန်တာပါ။ အထူးသဖြင့် ခြေသလုံးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒီလက္ခဏာသက်သာအောင် Compression stockings ဆိုတဲ့နည်းနဲ့ ခြေထောက်က သွေးကြောတွေကို နှလုံးဆီသွေးလျှောက်အောင် ညှစ်ပေးတာမျိုး လုပ်လို့ရပါတယ်။ ဒီနည်းဟာ လူတိုင်းနဲ့တော့ မသင့်တော်ပါဘူး။ နာကျင်တာတွေကိုတော့ သက်သာစေပါတယ်။

ရှားရှားပါးပါးအနေနဲ့ မိန်းမကိုယ်အတွင်းပိုင်းမှာလည်း ဒီလိုသွေးပြန်ကြောတွေ တွန့်ခေါက်တဲ့အခါ သွေးဆင်းတာတွေ၊ မီးဖွားတဲ့အခါ သွေးပြန်ကြောကို ထိခိုက်မိတာတွေ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင် တချို့တလေမှာဖြစ်တတ်တဲ့ လိပ်ခေါင်းကတော့ ဝမ်းချုပ်တာတွေကို ညှစ်ရလွန်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဝမ်းမချုပ်အောင် ဂရုစိုက်ပေးပါ။ လိပ်ခေါင်းဖြစ်လာရင်လည်း လိမ်းဆေးခရမ်လေးတွေ လိမ်းပေးလို့ရပါတယ်။

(၇) မိန်းမကိုယ်ယားယံတာ နဲ့ အဖြူဆင်းတာ
မိန်းမကိုယ်ထဲကို Candida ဆိုတဲ့ မှိုပိုးဝင်တဲ့အခါ အဖြူအဖက်ဖက်တွေဆင်းပြီး ယားလည်းယားယံလာပါတယ်။ အဲဒါဆိုရင် Clotrimazole လိမ်းဆေးဖြစ်ဖြစ်၊ မိန်းမကိုယ်ထဲဆေးပြားထည့်တာဖြစ်ဖြစ် ကုသနိုင်ပါတယ်။ ဒီလိုအဖြူတွေဆင်းတာမဟုတ်ဘဲ စိမ်းဖန့်ဖန့်၊ ဝါကြန့်ကြန့်အရည်တွေဆင်းပြီး ယားယံတာဆိုရင်တော့ Trichomonas ဆိုတဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်ပြီး Metronidazole လိမ်းပေးရပါမယ်။

 


(၈) ခြေလက်ထုံကျင်တာ
အထူးသဖြင့် လက်ချောင်းလေးတွေ ထုံကျင်နေတတ်ပါတယ်။ လက်ကောက်ဝတ်အတွင်းထဲက Median Nerve အာရုံကြောကို ဖိမိတာကြောင့်ပါ။ ဖြစ်တဲ့လက်ကို ကျပ်စည်းပေးရင်သက်သာပါတယ်။ ဒါမှမဟုတ်လည်း မွေးပြီးမှ ကုသမှုခံယူကြတာလည်းရှိပါတယ်။ ခွဲစိတ်ရတာမျိုးကတော့ အလွန်ရှားပါးတဲ့ အနေထားမျိုးမှာမှ လုပ်ရတာပါ။

(၉) ခါးနာတာ
ကိုယ်ဝန်ကြောင့် ခါးကော့နေတဲ့အတွက်ရော အရွတ်တွေကြောင့်ပါ ခါးနာတတ်ပါတယ်။ ဒါကြောင့် နားနားနေ နေပါ။ ခါးကို ပုံသဏ္ဍာန်အမှန်အတိုင်းဖြစ်အောင် ထားပေးပါ။ ဖိနပ်အမြင့် စီးတာ၊ အလေးအပင်မတာတွေ ရှောင်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာနဲ့ အကိုက်ခဲပျောက်ဆေးလေးတွေ သောက်ပေးတာကလည်း သက်သာစေပါတယ်။
တခြားဖြစ်တတ်တာလေးတွေအနေနဲ့ကတော့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ရင်သားတင်းတာ၊ နာတာ၊ ပင်ပန်းတာ၊ နှာခေါင်းသွေးလျှံတာ၊ ခြေထောက် ကြွက်တက်တာ၊ ညဘက်အိပ်မပျော်တာ၊ ဝမ်းဗိုက်အကြောတွေ ပြတ်တာ၊ အဆီဖုလေးတွေနဲ့ အသားယားယံတာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါတွေအားလုံးဟာ စိုးရိမ်စရာမလိုဘဲ ကိုယ်ဝန်ရှိလာတာကြောင့် ပြောင်းလဲလာတဲ့ ပုံမှန်ဇီဝကမ္မဖြစ်စဉ်လေးတွေ ဖြစ်ပြီး အခုဖော်ပြထားတဲ့အတိုင်း လိုက်နာဂရုစိုက်ပေးရုံ၊ အာဟာရပြည့်အောင် စားသောက်နေထိုင်ပြီး နားနေရုံနဲ့ သက်သာနိုင်ပါတယ်။

 

မေတ္တာဖြင့်…
ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *