ကိုယ်ဝန်ဆောင်များ

ကိုယ်ဝန်ဆောင်များ သိချင်လွန်းသည့်မေးခွန်းများ

ယောက်ျားဖောင်စီး၊ မိန်းမ မီးနေဆိုတဲ့ ဆိုရိုးစကားအတိုင်း အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ အသက်အန်္တရာယ်ရှိနိုင်တဲ့အတွက် အနေအထိုင်၊ အစားအသောက်တွေကို ဂရုစိုက်ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ဖြစ်ပေါ်လာတဲ့ သက်သောင့်သက်သာ မရှိတဲ့အရာတွေကို ဆရာဝန်တွေကို မေးချင်ပေမယ့် မေးလို့ မထွက်တာ ဒါမှမဟုတ် မေးဖို့ အခွင့်အရေးမကြုံတာကြောင့် မမေးဖြစ်လိုက်တဲ့ ကိုယ်ဝန်ဆောင်တို့ သိချင်လွန်းတဲ့အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း (၁) ကိုယ်ဝန်ဆောင်ချိန်မှာ အဖြူဆင်းတာက ဘာကြောင့်လဲ ?

ကိုယ်ဝန်ဆောင်ကာလမှာ အဖြူပိုဆင်းတာက တင်ပါးဆုံကွင်းအတွင်း သွေးစီးဆင်းမှုတွေ ပိုများလာတာကြောင့်ဖြစ်ပြီး ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ဒါပေမဲ့ အဖြူဆင်းတာက ယားယံတာ ဒါမှမဟုတ် နာကျင်တာတွေဖြစ်နေရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
…..
မေးခွန်း (၂) ကိုယ်ဝန်ဆောင်ကာလမှာ အစာမကြေလေပွတာတွေဖြစ်ရင် စိုးရိမ်ရပါသလား?

ကိုယ်ဝန်ဆောင်ကာလမှာဖြစ်ပေါ်လာတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် အစာခြေစနစ်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပျို့အန်တာနဲ့ လေပွတာတွေ ကြုံတွေ့ရ နိုင်ပါတယ်။ ပုံမှန်ဖြစ်စဉ်ပါပဲ။
…..
မေးခွန်း (၃) ကလေးမွေးအပြီး ခင်ပွန်းနဲ့အတူနေရင် နာကျင်မှုရှိနိုင်ပါသလား ?

မိမိကလေးကို မိခင်နို့တိုက်တာကြောင့် ခန္ဓာကိုယ်အတွင်း ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ခန္ဓာကိုယ်အတွင်း အီစထရိုဂျင်ပမာဏတွေ ပြောင်းလဲမှုဖြစ်ပေါ်တာကြောင့် မိန်းမကိုယ်အတွင်း ချောဆီထွက်ဖို့ အခက်အခဲဖြစ်နိုင်တဲ့အတွက် ခင်ပွန်းနဲ့ဆက်ဆံစဉ်မှာ နာကျင်မှုရှိနိုင်ပါတယ်။ ဆက်ဆံရာမှာ နာကျင်မှုသက် သာအောင် ချောဆီကို အသုံးပြုနိုင်ပါတယ်။
…..
မေးခွန်း (၄) ကိုယ်ဝန်ဆောင်ကာလမှာ ခင်ပွန်းနဲ့ အတူနေရင် သန္ဓေသားကို ထိခိုက်နိုင်ပါ သလား?

ဒီမေးခွန်းကတော့ မိခင်တွေသာမက ဖခင်တွေလည်း သိချင်ကြပါတယ်။ သန္ဓေသားကို သားအိမ်၊ သားအိမ်နံရံ၊ ရေမြွှာအိတ်၊ ရေမြွှာရည်တွေက အကာအကွယ်ပေးထားတဲ့အတွက် အလွန်လုံခြုံမှုရှိပါတယ်။ မကြာခဏ ကိုယ်ဝန်ပျက်ကျတတ်သူတွေကသာ ရှောင်သင့် မရှောင်သင့်ကို သားဖွားမီးယပ်ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ဝန်ဆောင် ဒုတိယသုံးလပတ်က မိန်းမကိုယ်တစ်ဝိုက်မှာလည်း သွေးစီးဆင်းမှုကောင်းတဲ့အချိန်ဖြစ်တဲ့အတွက် လိင်ဆက်ဆံဖို့အတွက် စိတ်အချရဆုံး အချိန်ပါ။
…..
မေးခွန်း (၅) ကလေးမွေးအပြီး မိန်းမကိုယ်က နဂိုအတိုင်း တင်းတင်းရင်းရင်းရှိနိုင်ပါသလား?

သင်ရဲ့ မိန်းမကိုယ်က နဂိုလိုမျိုး တင်းတင်းရင်းရင်း ပြန်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာက အကြောင်းရင်းများစွာအပေါ်မှာ မူတည်ပါတယ်။ ကလေးရဲ့ အရွယ်အစား၊ မိသားစု မျိုးရိုး၊ သင်မွေးထားတဲ့ ကလေးအားလုံးစုစုပေါင်းပေါ်မှာလည်း မူတည်ပါတယ်။ သင် မွေးတဲ့ကလေးက အလွန်ကြီးမားနေရင် သင်ရဲ့ မိန်းမကိုယ်က ကျုံ့နိုင်ဆန့်နိုင်အားတွေ အားလျော့သွားနိုင်ပါတယ်။ ကလေးမွေးအပြီး တင်ပါးဆုံကွင်းကြွက်သားတွေ တင်းရင်း သန်မာဖို့အတွက် Kegel လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။
…..
မေးခွန်း (၆) ကလေးမွေးနေစဉ် အီအီးထွက်ကျနိုင်ပါသလား ?

သဘာဝနည်းလမ်းအတိုင်း ကလေးမွေးတဲ့အခါမှာ ကလေးကို တွန်းထုတ်နေရတဲ့အတွက် သင့်တင်ပါးဆုံကွင်းထဲမှာ ဖိအားတွေ အများကြီးကျရောက်သွားပါတယ်။ ဒီအချိန်မှာ သင်ရဲ့ ၀မ်းအိတ်ထဲ ၀မ်းတွေ ပြည့်နေတယ်ဆိုရင် ကလေးမွေးတုန်း အီအီးထွက်ကျတတ်ပါတယ်။
…..
မေးခွန်း (၇) ကလေးမွေးပြီးနောက်ပိုင်း ဆီးထိန်းရခက်ခဲနိုင်ပါသလား ?

ကလေးမွေးထားတာကြောင့် တင်ပါးဆုံကွင်းအတွင်းက ကြွက်သားတွေ အားပျော့သွားတတ်ပါတယ်။ ဒါကြောင့် ကလေးမွေးအပြီးမှာ ဆီးထိန်းရ ခက်ခဲနိုင်ပါတယ်။ Kegel လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
…..
မေးခွန်း (၈) အစာမကြေ၊ လေပွ၊ ၀မ်းချုပ်တာတွေအတွက် ဘာလုပ်နိုင်ပါသလဲ ?

ဝမ်းချုပ်တာအတွက် အမျှင်ဓာတ်ပါဝင်မှုများတဲ့အစာတွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားသုံးပေးပြီး ရေကို လုံလုံလောက်လောက်သောက်ပေးပါ။ နွားနို့ သောက်သုံးနိုင်ပါတယ်။ အက်စစ်ပါဝင်မှုများတဲ့အစားအစာနဲ့ အစပ်စာတွေကို ရှောင်ပါ။
…..
မေးခွန်း (၉) ကိုယ်ဝန်ဆောင်ကာလမှာ ဆီးခုံမွေးတွေကို ရိတ်လို့ရပါသလား ?

သင် ရိတ်ချင်ရင် ရိတ်နိုင်ပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရမှုမရှိဖို့နဲ့ သန့်သန့်ရှင်းရှင်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။
…..
မေးခွန်း (၁၀) မိန်းမကိုယ်ထဲ လက်နှိုက်ပြီး စမ်းသပ်ခံရမှာကို ကြောက်နေပါတယ်။ မလုပ်ချင်လို့ မရဘူးလား ?

မိန်းမကိုယ်ထဲ လက်နှိုက်ပြီး စမ်းသပ်တာက ကလေးငယ်ရဲ့ ကြီးထွားမှုနဲ့ ရွေ့လျားမှုတွေကို ကိုယ်ဝန်ရင့်တဲ့အချိန်အထိ စစ်ဆေးဖို့ အကောင်းဆုံးနဲ့ အန္တရာယ် အကင်းဆုံး စမ်းသပ်မှုပါ။ မကြာခဏ အာထရာဆောင်းရိုက်လွန်းတာက ကလေးအတွက် မကောင်းလှပါဘူး။ စိတ်လျှော့ထားပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရုံပါပဲ။

#ရွှေမိုး

Good Health Journal 641

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *