Presenter ကောင်းတစ်ယောက် ဖြစ်ဖို့ …

Presenter ကောင်းတစ်ယောက် ဖြစ်ဖို့ …

ကျောင်းမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်၊ သင်တန်းနဲ့ အလုပ်ခွင်မှာဖြစ်ဖြစ် လူအများရှေ့မှာ presentation ထွက်လုပ်ရတာကို လူတိုင်းနီးပါးကြုံဖူးပါတယ်။ လူအများရှေ့မှာ စကားထွက်ပြောတဲ့အလုပ်က လူတိုင်းအတွက်မလွယ်သလို၊ ပြောနိုင်ဆိုနိုင်တဲ့ လူအတော်များများကလည်း လေ့ကျင့်ယူထားကြတာများပါတယ်။ မွေးကတည်းက စကားပြောကောင်းတဲ့သူက ခပ်ရှားရှားပဲကိုး။ Presentation Skill ဆိုတာကလည်း ဒီနေ့ခေတ်မှာ အရေးပါတဲ့ ကဏ္ဍတစ်ခုအနေနဲ့ ရှိနေပါတယ်။ Professional Presenter အနေနဲ့ ရပ်တည်နေကြသူတွေလည်း ဒီနေ့ခေတ်မှာ အများကြီးရှိလာပါတယ်။ 

Professional Presenter အလုပ် လုပ်နေသူတွေမှ Presentation Skill တတ်ဖို့ လိုတာမဟုတ်ပါဘူး။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ကျောင်းမှာ ဘာသာရပ်ဆိုင်ရာ Presentation လုပ်ရတာ၊ လုပ်ငန်းခွင်မှာ Presentation လုပ်ရတာတွေရှိပါတယ်။ ဒီအတွက် Presentation Skill တိုးတက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ စကားပြောနိုင်ဖို့ အထောက်အကူ ပြုနိုင်မယ့် အချက်တွေကို ရေးပေးလိုက်ပါတယ်။

စိတ်ပါဝင်စားမှုပြပါ
သင်ပြောမယ့်အကြောင်းအရာအတွက် သင်ဟာ တက်ကြွနေပြီး စိတ်ပါဝင်စားနေမှ နားထောင်သူတွေလည်း စိတ်ပါလာမှာ ဖြစ်ပါတယ်။ နားထောင်နေတဲ့ ပရိသတ်တွေနဲ့ သင့်ကြားက tension တစ်ခုကို ချိုးဖျက်ပြီး connect လုပ်ဖို့ ကြိုးစားပါ။

ပရိသတ်ကိုအလေးထားပါ
ပရိသတ်က သိချင်တဲ့၊ သိဖို့လိုအပ်တဲ့ အကြောင်းအရာဖြစ်ဖို့လိုပါတယ်။ လာနားထောင်တဲ့ ပရိသတ်တွေထဲက သင်ပြောမယ့်အကြောင်းအရာကို စိတ်ပါဝင်စားလာအောင် ပရိသတ်ကို အာရုံစိုက်ပြီး သူတို့ရဲ့ တုံ့ပြန်မှုကို ပြန်ပြီး react လုပ်ပါ။

ယုံကြည်မှုရှိရှိနဲ့ စတင်ပါ
Presentation အစပိုင်းဟာ အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစချင်းမှာ သင်ဟာ ပရိသတ်ရဲ့ attention ကို ရာနှုန်းပြည့်နီးပါး ရနေမှာဖြစ်ပြီး သင်ရဲ့ အပြောအဆို၊ ကိုယ်ဟန်အမူအရာ၊ သင်ရဲ့အသံနေအသံထားတွေပေါ်မူတည်ပြီး ပရိသတ်ရဲ့ အာရုံစိုက်မှု တိုးလာနိုင်သလို၊ လုံးဝ မရှိတော့တာလည်း ဖြစ်သွားနိုင်ပါတယ်။ Presentation စချိန် စက္ကန့်သုံးဆယ် အတွင်းမှာ ပရိသတ်ရဲ့ အာရုံကို ဖမ်းနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

♥ အဓိကအကြောင်းအရာကို အာရုံစိုက်ပါ
သင်ပြောမယ့်အကြောင်းအရာရဲ့ အဓိက ဆိုလိုရင်းကဘာလဲ၊ ဘာကို အဓိက သိစေချင်တာလဲ၊ ပေးချင်တဲ့ message ကဘာလဲ ဆိုတာကို ပြတ်ပြတ်သားသား သိအောင်လုပ်ပါ။ အဓိက အကြောင်းအရာကို အကျဉ်းချုပ်ပြီး စာတိုလေးရေးထားပါ။ သင်ပြောတဲ့အခါ ဒီအကြောင်းအရာကနေ သွေဖယ်သွားမယ့် စကားတွေကို မပြောပါနဲ့။

 ပြုံးရယ်ပါ
ဒီအချက်က လွယ်ကူတယ်လို့ ထင်ရပေမယ့် အတော်များများ presenters တွေ ကိုယ်တိုင်ကြုံတဲ့အခါ လုပ်ဖို့ ခဲယဉ်းခဲ့တာတွေရှိပါတယ်။ ပြုံးရယ်မယ်၊ ပရိသတ်နဲ့ မျက်လုံးချင်းဆုံစေမယ်ဆိုရင် ဒါဟာ ပရိသတ်နဲ့ ဆက်နွယ်မှုရစေပြီး သင်ပြောတဲ့ အကြောင်းအရာအပေါ် ပိုမို အာရုံစိုက်စေပါတယ်။ တစ်ခန်းလုံး အမှောင်ချပြီး presentation slides တွေပဲ လင်းလင်းထင်းထင်း မြင်ရအောင် မလုပ်ပါနဲ့။ ပရိသတ်က သင့်ကိုလည်း မြင်ဖို့လိုပါတယ်။

♥ သက်သောင့်သက်သာဖြစ်အောင်နေပါ
သင်ဝတ်တဲ့အဝတ်အစား၊ သင်ရဲ့ ပြင်ဆင်ပုံကလည်း သက်သောင့်သက်သာရှိနေဖို့ လိုပါတယ်။ အရင်ဆုံး အသက်ရှူဖို့ မမေ့ပါနဲ့။ သင်ကိုယ်တိုင်က သက်သောင့်သက်သာဖြစ်နေမှ သင်ရဲ့ Presentation Skill ကလည်း ကောင်းလာပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အချိန်ကြာကြာ ဖမ်းစားထားနိုင်မှာပါ။ အသံနေ အသံထားကို အတိုးအလျှော့လုပ်ပါ။ ကိုယ်ဟန်အမူအရာကိုလည်း သက်သောင့်သက်သာဖြစ်တဲ့ပုံစံနေပါ။ အတောင့်လိုက်ကြီးရပ်နေတာ၊ ထိုင်ရာက မထတာမျိုး မလုပ်ပါနဲ့။

 ပုံပြောပါ
ပုံပြောတာက လူတွေရဲ့ မှတ်ဥာဏ်ထဲမှာ ပိုပြီး စွဲနေစေပါတယ်။ သင်ပြောတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး ပုံပြောတာက ပရိသတ်ကို ပိုပြီး မှတ်မိနေစေပါတယ်။ အကြောင်းအရာ၊ အချက်အလက်တွေကို စာဖတ်ပြနေသလို၊ စာရှင်းပြနေသလို မလုပ်ပါနဲ့။ ဒီအကြောင်းအရာ၊ အချက်အလက်တွေကို ဘယ်လိုပုံစံမျိုး ဆက်စပ်ပြီး ပုံပြောမလဲဆိုတာ အစောကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

♥ #Darliko (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *