ဆီးချိုရောဂါရှိသူတွေ လေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်သင့်

လေ့ကျင့်ခန်းလုပ်တာက ကျန်းမာတဲ့ဘ၀အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ သူက ဆီးချိုရောဂါထိန်းချုပ်ဖို့ အတွက်လည်း အလွန်အရေးပါပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာမှာ ဆီးချိုရောဂါတွေ ရှိနေကြပါတယ်။ တချို့လူတွေကလည်း ရောဂါရှိမှန်း သိနေကြသလို ရောဂါရှိနေမှန်း မသိတဲ့သူတွေလည်း ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်မှာ ဆီးချိုရောဂါရှိနေရင် ဒါမှမဟုတ် မကြာခင်ကာလမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေများသူဖြစ်ရင် လေ့ကျင့်ခန်းပုံမှန်ပြု လုပ်တာကို ဦးစားပေးအဆင့်မှာထားရပါမယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာစားပါမှ ဆီးချိုရောဂါကို ထိန်းချုပ်ဖို့ အောင်မြင်နိုင်မှာပါ။
လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်းနိုင်တာက အောက်ပါအချက်နှစ်ချက်ကြောင့်ပါ။

♥ ၁။ အင်ဆူလင်ခံနိုင်ရည်အားပိုမိုမြင့် မားလာတာကြောင့်ပါ။ သင့်ဆဲလ်တွေက အင်ဆူလင်ကို အသုံးပြုနိုင်စွမ်း ပိုမိုကောင်းမွန်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သွေးထဲမှ သကြားဓာတ်တွေကို ဆဲလ်တွေက အင်ဆူလင်ကို အသုံးပြုပြီး စုပ်ယူကာ ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။
♥ ၂။ ခန္ဓာကိုယ်ထဲမှ ကြွက်သားတွေက အင်ဆူလင်မရှိတာတောင်မှ သကြားဓာတ်ကို ပိုမိုစုပ်ယူနိုင်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲလာနိုင်တာကြောင့်ပါ။
လေ့ကျင့်ခန်းပြုလုပ်တာက ရေတိုမှာ သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းဖို့ ကူညီနိုင်ပြီး ရေရှည်မှာ သွေးတွင်း A1C (ခန္ဓာကိုယ်ရဲ့ သုံးလအတွင်း ပျမ်းမျှသွေးတွင်းသကြားဓာတ်) အဆင့် ကို ကျဆင်းဖို့ ကူညီနိုင်ပါတယ်။ A1C အဆင့် ၇ ကျော်ရင် ဆီးချိုရှိတယ်လို့ သတ်မှတ်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်တာက ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲဆိုး ကျိုးဖြစ်တဲ့ နှလုံးသွေးကြောရောဂါမဖြစ် အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သွေးဖိအားကျဆင်းတာနဲ့၊ သွေးတွင်း မaကာင်းတဲ့ကိုလက်စထရောအဆင့်aလျာ့ ကျနိုင်ပြီး၊ ကောင်းတဲ့ကိုလက်စထရော အဆင့်တွေလည်း မြင့်တက်နိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်အတွင်းမှာ ပိုလျှံနေတဲ့အဆီပိုတွေ လောင်ကျွမ်းဖို့ကူညီနိုင်ပြီး ကြွက်သားနဲ့ အရိုးသန်မာစေကာ သွေးလှည့်ပတ်မှု ကောင်းမွန်နိုင်ပါတယ်။ စွမ်းအင်လည်း ပိုမိုရရှိပြီး စိတ်ဖိစီးမှုလည်း လျော့ကျနိုင်ပါတယ်။
အောက်ပါတို့ဟာ ဆီးချိုရောဂါရှင်တွေ ပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

 

♥ လမ်းလျှောက်ခြင်း

လမ်းလျှောက်လေ့ကျင့်ခန်းက ဆီး ချိုရောဂါရှင်အပါအ၀င် လူတိုင်းလူတိုင်း အတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံး သော လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ လမ်းမြန်မြန်လျှောက်တာကြောင့် နှလုံး ခုန်နှုန်းမြင့်တက်လာတဲ့အတွက် အေရိုး ဗစ်လေ့ကျင့်ခန်းတစ်မျိုးလည်း ဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံ ဆီးချိုအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ဆီးချိုသမားတွေအ နေနဲ့ တစ်ကြိမ်ကို မိနစ် ၃၀ နှုန်းနဲ့ အနည်းဆုံး တစ်ပတ်ငါးရက် လေ့ကျင့်ခန်း ပြုလုပ်ရမယ်လို့ သိရပါတယ်။ လေ့ကျင့် ခန်းမလုပ်ခင်မှာ ခြေထောက်မှာ အရည် ကြည်ဖုမပေါက်အောင်နဲ့ အကာအကွယ် ရစေဖို့အတွက် အရည်အသွေး ကောင်း မွန်ပြီး မိမိခြေထောက်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် ဖိနပ်မျိုးကို စီးထားပါ။

 

♥ ထိုက်ချိလေ့ကျင့်ခန်း

တရုတ်ရိုးရာအားကစားနည်းတစ်မျိုးဖြစ်ပြီး ညင်သာစွာ လှုပ်ရှားမှုနဲ့အတူ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်ပြုလုပ်ရတဲ့လေ့ကျင့်ခန်းပါ။ တစ်ကြိမ်ကို မိနစ် ၃၀ ခန့် ပြုလုပ်ရပါမယ်။ ထိုက်ချိလေ့ကျင့်ခန်းပြုလုပ်တာကြောင့် ဟန်ချက်ထိန်းနိုင်မှု ပိုမိုကောင်းမွန်ပြီး ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ အာရုံ ကြော ပျက်စီးမှုလျော့နည်းနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်လည်း လျော့ကျ နိုင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းမှု ဖြစ်စဉ်လည်း လျော့နည်းသွားနိုင်ပါတယ်။

 

♥ အလေးမ,လေ့ကျင့်ခန်း

အလေးမလေ့ကျင့်ခန်း ပြုလုပ်တာက ခန္ဓာကိုယ်မှ အင်ဆူလင်ကို တုံ့ပြန်မှု ကောင်းမွန်ပြီး ကိုယ်အလေးချိန်ကျဆင်းနိုင်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျ သွားနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကြွက်သား တည်ဆောက်မှုလည်း ကောင်းမွန်နိုင်ပါတယ်။ ဆီးချိုရောဂါဝေဒနာရှင်တွေ အနေနဲ့ ကြွက်သားထု ဆုံးရှုံးသွားတဲ့အခါမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ဖို့ ပိုမိုခက်ခဲသွားတတ်ပါတယ်။

 

♥ ရေကူးခြင်း

ရေကူးတာက အေရိုးဗစ်လေ့ကျင့် ခန်းတစ်မျိုးဖြစ်တဲ့အတွက် ဆီးချိုရောဂါရှင်တွေ ပြုလုပ်သင့်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပြီး ခန္ဓာ ကိုယ်ကြံ့ခိုင်မှု ပိုမိုကောင်းမွန်ကာ ကိုယ်တွင်းကြွက်သားအားလုံး သန်မာစေနိုင်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုလည်း မြန်ဆန်နိုင်ပါတယ်။ အဆစ်တွေပေါ်မှာ ဖိအားသက်ရောက်မှုမရှိဘဲ ခန္ဓာကိုယ် တစ်ခုလုံးပါဝင်ပတ်သက်ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

 

♥ ယောဂလေ့ကျင့်ခန်း

ယောဂလေ့ကျင့်ခန်းပြုလုပ်တာကြောင့် ကိုယ်တွင်းအဆီတွေလျော့ကျသွားတာ၊ အာရုံကြောလုပ်ဆောင်မှု ကောင်းမွန်လာတာနဲ့ အင်ဆူလင်ကို အ သုံးပြုနိုင်စွမ်း ပိုမိုထိရောက်လာနိုင်ပါ တယ်။ စိတ်ဖိစီးမှုကိုလည်း လျှော့ချနိုင်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။

 

♥ Tips
♦ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်အပြီးမှာ သင်ရဲ့ သွေးတွင်းသကြားဓာတ်နဲ့ သင်လုပ်တဲ့လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ထားပါ။
♦ လေ့ကျင့်ခန်းမပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းကို ၅-၁၀ မိနစ်ခန့်နဲ့ ဆွဲဆန့်လေ့ကျင့်ခန်းကို ၅-၁၀ မိနစ်ခန့် ပြုလုပ်ပါ။
♦ လေ၀င်လေထွက်ကောင်းမွန်ပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့အ၀တ်အစားမျိုးကို ၀တ်ဆင်ပါ။
♦ ခွန်အားသုံးလေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ အသက်ကို အောင့်မထားပါနဲ့။ အသက်အောင့်ထားတာက သွေးဖိအားပေါ်မှာ သက်ရောက်မှုရှိပြီး ခေါင်းမူးနိုင်ပါတယ်။
♦ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ အနည်းငယ် အသက်ရှူမ၀တာကတော့ ပုံမှန်ပါတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် အသက်ရှူနေရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။
♦ သင်ဟာ တစ်နာရီထက်ပိုကြာပြီး လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပါ။
♦ လေ့ကျင့်ခန်းပြုလုပ်ဖို့သွားတိုင်း အသီးအနှံလိုမျိုး အဆာပြေစာတစ်ခုခု သယ်ဆောင်သွားပါ။
♦ အခုမှ လေ့ကျင့်ခန်းစလုပ်ရမယ်ဆိုရင် ပထမဆုံးအကြိမ်မှာ ၁၀ မိနစ်နဲ့ စတင်ပြီးမှ တစ်နေ့ကို မိနစ် ၃၀ အထိ ရအောင် အချိန်ကို တဖြည်းဖြည်း တိုးပြီး လုပ်သွားပါ။
♦ သင့်မှာ ဆီးချိုရောဂါရှိမှန်းသိပြီး သွေးတွင်းသကြားဓာတ်လျော့ကျရင် ဘာလုပ်ရမလဲဆိုတာ နားလည်သူနဲ့တွဲ ပြီး လေ့ကျင့်ခန်းပြုလုပ်ဖို့ သွားပါ။
♦ ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ အားကစားဖိနပ်ကို စီးသွားပါ။
♦ သင့်ခြေထောက်ကို နေ့စဉ် သန့် ရှင်းရေးလုပ်ပြီး စစ်ဆေးပါ။ ခြေထောက်မှာဒဏ်ရာအသစ်တွေ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။
♦ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်နေစဉ်အတွင်းမှာ ရေသောက်ပေးပါ။
♦ သင်နေမကောင်းဖြစ်နေရင် လေ့ကျင့်ခန်း မပြုလုပ်ပါနဲ့။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *