မိဘတို့နားလည်သင့်သည့် နို့စို့ကလေးတို့၏ အမူအရာများ

မွေးကင်းစကလေးငယ်တွေဟာ နုနယ်လွန်းပြီး ဘာမှမပြောတတ်၊ မဆိုတတ်သေးတဲ့အတွက် သူတို့တွေ နေထိုင်မကောင်းဖြစ်မှာကို မိဘတွေက စိုးရိမ်လေ့ရှိကြပါတယ်။ ကလေးတွေက စကားမပြောနိုင်ပေမယ့် သူတို့လိုချင်တဲ့အရာတွေကို အမူအရာနဲ့ ပြတတ်တဲ့အတွက်မိဘတွေ နားလည်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

♦ ကလေးငယ်၏ ငိုသည့်ပုံစံဖြင့် သိနိုင်ခြင်း

ကလေးတွေဟာ လေးလအရွယ်အထိ သူတို့လို ချင်တာကို ငိုပြီးတော့ပဲ ဖော်ပြတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ငိုရင် ဗိုက်ဆာလို့လား၊ နာ ကျင်လို့လား၊ တစ်ခုခုလိုချင်လို့လားဆိုတာကို မိဘ တွေ နားလည်ဖို့ ငိုတဲ့ပုံစံကို ခွဲခြားလေ့လာကြည့်ပါ။

☺ သူတို့ကို ချီစေချင်လို့ ငိုတဲ့ပုံစံ

နို့စို့ကလေးငယ်တွေက အိပ်ရာထဲမှာ နေရ တာကြာလာလို့ သူ့ကို ချီစေချင်ရင် အောက်ပါအတိုင်း ငိုတတ်ပါတယ်။
၅-၆ စက္ကန့်လောက် ဆက်တိုက်ငိုပြီး စက္ကန့် ၂၀ လောက်နားပြီး အခြေအနေကို စောင့်ကြည့်ပါ တယ်။ ဒီအချိန်မှာ သူ့ကိုမချီရင် ဒီပုံစံနဲ့ ထပ်ကာထပ် ကာ ပြုလုပ်ရင်းနဲ့ ဆက်တိုက်ငိုတတ်ပါတယ်။

☺ ဗိုက်ဆာလို့ ငိုတဲ့ပုံစံ
ချီစေချင်လို့ ငိုတဲ့ပုံစံအတိုင်းပဲ ငိုပြပါတယ်။ သူ့ကိုချီပြီးတော့ နို့မတိုက်ဘူးဆိုရင်တော့ ကလေးက ဦးခေါင်းလှည့်ပြီး နို့ရှာသလို လျှာသပ်တဲ့အသံထွက် အောင်လည်း ပြုလုပ်တတ်ပါတယ်။

☺ နာကျင်လို့ ငိုတဲ့ပုံစံ
ကလေးက အသံကျယ်ကျယ်နဲ့ ဆက်တိုက် အော်ငိုပါတယ်။ ဒါပေမဲ့ ကလေးငယ်က ဖျားနေတယ် ဆိုရင် ဆက်တိုက်ငိုပေမယ့် အသံသိပ်မကျယ်လှပါ ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အသံကျယ် နိုင်ဖို့အတွက် အားမရှိလို့ပါ။

☺ ရှူးပေါက်/အီးပါချင်လို့ ငိုတဲ့ပုံစံ
လေထိုးတာ၊ ရှူးပေါက်ချင်တာ၊ ဒါမှမဟုတ် ဝမ်းသွားချင်တာကြောင့် ကလေးငယ်က နေရခက်ပါ တယ်။ ဒီအခါမှာ သူတို့က တအီအီအသံပေးပြီး ငိုတတ်ပါတယ်။

☺ အိပ်မပျော်လို့ ငိုတဲ့ပုံစံ
ကလေးငယ်က အိပ်ချင်နေပေမယ့် အိပ်လို့မရ ဖြစ်နေရင် တအီအီငိုနေပြီး သမ်းဝေပြပါလိမ့်မယ်။ ဒါ့အပြင် သူတို့မျက်စိတွေ၊ နားတွေကိုလည်း လက်နဲ့ ပွတ်နေတတ်ပါတယ်။

☺ အနှီးသေးစိုလို့ ငိုတဲ့ပုံစံ
ကလေးငယ်က ငိုလိုက်၊ ရပ်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေတဲ့ပုံစံပါ။ ခါးကော့ပြီး ယက်ကန်ယက်ကန် လည်း ဖြစ်နေတတ်ပါတယ်။ အနှီးထဲမှာ သေးစိုနေ တဲ့အတွက် အေးလို့ အနှီးလဲခိုင်းနေတာပါ။

♦ ကလေးငယ်၏ အသံထွက်ပုံစံဖြင့် သိနိုင်ခြင်း

မွေးကင်းစကလေးငယ်တွေရဲ့ ထွက်တဲ့အသံ တွေကို သြစတြေးလျနိုင်ငံမှ ကလေးအထူးကုဆရာဝန် ပရီဆီလာက နှစ်ပေါင်း ၂၀ ကျော်ကြာအောင် လေ့လာမှုပြုလုပ်ခဲ့ရာမှာ အောက်ပါတို့ကို တွေ့ရှိခဲ့ပါတယ်။
ကလေးငယ်တွေက အသက်လေးလကျော် ကြာတဲ့အခါမှာ သူတို့လိုအပ်တဲ့ အရာတွေကို တခြား သူ သိရှိဖို့အတွက် အသံပေးတတ်ကြပါတယ်။ သူတို့ ရဲ့ အသံထွက်ကို နားထောင်ပြီး သူတို့ရဲ့လိုအပ် ချက်ကို အောက်ပါအတိုင်း သိရှိနိုင်ပါတယ်။

☺ Neh (နေးလ်) သူ ဗိုက်ဆာနေပါပြီ
နို့သက်ခံဖို့ ကလေးငယ်ရဲ့ လျှာကအာခေါင် ထိပ်ကို တွန်းတဲ့အခါမှာ ထွက်လာတဲ့အသံပါ။

☺ Eh (အယ်) သူ့ကို လေထုတ်ပေးပါ


ကလေးငယ်တွေရဲ့ ဗိုက်ထဲမှာ လေအများကြီး ရှိနေတာကြောင့် အစာမျိုပြွန်ကနေတစ်ဆင့် ပါးစပ်ထဲကနေ လေထွက်အောင် ကြိုးစားရာမှ ထွက် လာတဲ့ အသံပါ။

☺Owh (အိုး..) အိပ်ချင်နေပါပြီ
သူတို့ပင်ပန်းလာတဲ့အခါ သမ်းဝေဖို့ ပါးစပ်ဟ လိုက်တဲ့အချိန်မှာ ထွက်လာတဲ့အသံပါ။

☺Heh (ဟန့်) ကသိကအောက်ဖြစ်နေလို့ပါ
ကလေးတွေ နေရထိုင်ရတာ သက်သောင့်သက် သာမရှိတဲ့အခါမှာ ခန္ဓာကိုယ်ကို ရွေ့လျားတာ၊ ခြေ တွေလက်တွေ ယက်ကန်ယက်ကန်နဲ့ ဂနာမငြိမ် ပြုလုပ်ရင်း ထွက်လာတဲ့အသံပါ။

☺Eairh (အိယား) ဗိုက်နာလို့ပါ
ဗိုက်ထဲမှာ လေများပြီး ဗိုက်နာလာတဲ့အခါမှာ နာကျင်တဲ့ဝေဒနာ သက်သာဖို့အတွက် အသက်ရှူ ထုတ်ရင်း ဝမ်းဗိုက်ကိုညှစ်လိုက်တာကြောင့် ထွက် လာတဲ့အသံပါ။

♦ ကလေးငယ်၏ လှုပ်ရှားမှုပုံစံဖြင့် သိနိုင်ခြင်း

ကလေးငယ်ရဲ့ ခန္ဓာကိုယ်လှုပ်ရှားတဲ့အမူအရာ ကနေလည်း သူတို့လိုအပ်ချက်ကို သိရှိနိုင်ပါတယ်။

☺ ခါးကော့ခြင်း
နှစ်လအောက်ငယ်တဲ့ကလေးငယ်တွေက လေ ထိုးတဲ့ဝေဒနာသက်သာဖို့အတွက် ခါးကော့တတ်ပါတယ်။ နို့စို့အပြီးမှာ ကလေးငယ်ခါးကော့နေတယ် ဆိုရင် ဗိုက်ပြည့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ နို့စို့ နေချိန်မှာ ခါးကော့နေတယ်ဆိုရင် လေထုတ်ပေးရ ပါမယ်။ အကယ်၍ နှစ်လထက်ကျော်တဲ့ ကလေး ငယ်တွေမှာဆိုရင် သူတို့ခါးကော့ပြတာက ပင်ပန်း နွမ်းနယ်နေတာနဲ့ စိတ်အလိုမကျဖြစ်နေတဲ့ လက္ခဏာပါ။

☺ ဦးခေါင်းလှည့်ခြင်း
မအိပ်ခင်မှာ ပြုလုပ်တတ်တဲ့အမူအရာပါ။ ဒါမှမဟုတ် လူစိမ်းတွေနဲ့ တွေ့တဲ့အခါမှာလည်း ခေါင်းကို လှည့်လိုက်တတ်ကြပါတယ်။

☺ လက်သီးဆုပ်ခြင်း

ဗိုက်ဆာတဲ့အမူအရာပါ။ ဒီအချိန်မှာ သူတို့ကို နို့မတိုက်ခဲ့ရင် ငိုကြွေးမှာပါ။

☺ ခြေထောက်မြှောက်ခြင်း
လေထိုးပြီး ဗိုက်နာနေတဲ့လက္ခဏာပါ။

☺ လက်တုန်သွားခြင်း


ကလေးငယ်ကြောက်ရွံ့တဲ့ လက္ခဏာပါ။ အသံ ကျယ်ကျယ်ကြားရတာ၊ တောက်ပတဲ့အလင်းရောင် မြင်ရတာ ဒါမှမဟုတ် ရုတ်တရက်နိုးလာတာကြောင့် လန့်ဖျပ်ပြီး လက်တုန်သွားတာပါ။
တတ်နိုင်ရင် ကလေးငယ်တွေနဲ့ စကားပြော ပေးပါ။ သူတို့ဘာမှနားမလည်သေးရင်တောင်မှ သင့်ပတ်ဝန်းကျင်မှာ မြင်မြင်သမျှအရာအားလုံးကို ပြောပြပါ။ ဒီလိုလုပ်တာက အသံနေအသံထားနဲ့ အမူ အရာတွေကို ရင်းနှီးသွားပြီး သူတို့ကြီးထွားဖို့အတွက် ကူညီနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal