မိမိ မိသားစု အသက်တွေကို တန်ဖိုးထားရင် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းပါ

ကျွန်မတို့နိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်လို့ WHO က အသိအမှတ်မပြုဘူး၊ အခုပျံ့နှံ့နေတဲ့ ကိုဗစ်မျိုးစိတ်သစ်တွေကို မကာကွယ်နိုင်ဘူးလို့ fb ပေါ်မှာ မြင်သိနေရလို့ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြီး website အမျိုးမျိုးပေါ်က ရေးသားထားချက်တွေမှ ကောက်ယူကာ ဖော်ပြပေးလိုက်ပါတယ်။

ဒီကာကွယ်ဆေးကို WHO က ယခုနှစ် မေလအတွင်းက သုံးစွဲဖို့ ခွင့်ပြုထားခဲ့ပါတယ်။ လက်ရှိနိုင်ငံပေါင်း ၈၀ ကျော်မှာ အသုံးပြုနေကြပါတယ်။ ကိုဗက် အစီအစဉ် နဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ဖြန့်ဝေပေးသွားမယ်လို့လည်း သိရပါတယ်။

Sinopharm ရဲ့ကိုဗစ်ရောဂါအပေါ် ကာကွယ်နိုင်စွမ်းက ၂ ကြိမ်ထိုးပြီးရင် ၇၈.၁ % ရှိပါတယ်။ ပြင်းထန်ရောဂါ ဖြစ်နိုင်ခြေကိုတော့ ၉၀% ထိ လျှော့ချနိုင်ပါတယ်။ Pfizer နဲ့ modena က ရောဂါကိုကာကွယ်နိုင်စွမ်း ၉၀% ကျော်ရှိပြီး Covishield က ၂ ကြိမ်ထိုးပြီးရင် ကာကွယ်နိုင်စွမ်း ၈၂.၄% ရှိပါတယ်။

Sinopharm ရဲ့ Delta မျိုးစိတ်ပေါ် ကာကွယ်နိုင်စွမ်းက တခြား ကာကွယ်ဆေးတွေထက် ထိရောက်မှု နည်းပါးတယ်ဆိုပေမဲ့ အထိုက်အလျောက်တော့ ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒီကာကွယ်ဆေးထိုးထားသူတွေက ဆေးမထိုးထားသူတွေထက် ပြင်းထန်တဲ့ ဝေဒနာ ခံစားရနိုင်ခြေ နည်းပါးပါတယ်။ ကိုဗစ်ရဲ့ ပြင်းထန်တဲ့ ဝေဒနာကို ခံစားရသူတိုင်း ကာကွယ်ဆေး မထိုးထားကြသူတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံမှာ Delta မျိုးစိတ်ကို ပထမဆုံးကူးစက်ခံရတဲ့ တောင်ပိုင်းဂွမ်ထောင်းပြည်နယ်က တွေ့ရှိချက်အရ သိရပါတယ်။ ဒီကာကွယ်ဆေးက Delta မျိုးစိတ်ကြောင့် ရောဂါလက္ခဏာပြတာနဲ့ ရောဂါပြင်းထန်မှုကိုတော့ လျှော့ချနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

Covishield ကာကွယ်ဆေးကို နှစ်ကြိမ်ရရှိထားသူတွေက Delta မျိုးစိတ်အတွက် ထိရောက်မှု ၆၀% နဲ့ Alpha မျိုးစိတ်အတွက် ထိရောက်မှု ၆၆% ရှိပါတယ်။ Pfizer ကတော့ နှစ်ကြိမ်ထိုးပြီးရင် Delta ကို ကာကွယ်နိုင်စွမ်း ၈၈ % ရှိပါတယ်။

ကာကွယ်ဆေး နှစ်ကြိမ်ရရှိထားသူတွေမှာ ကိုဗစ်ကူးစက်ခံရနိုင်သေးပါတယ်။ ကာကွယ်ဆေးအမျိုးအစားအားလုံးက ၁၀၀% ထိရောက်မှု မပေးနိုင်တာရယ်၊ မျိုးစိတ်အသစ်တွေ ထပ်ပြောင်းနေကြတာရယ်ကြောင့်ပါ။ ရောဂါကို ကာကွယ်နိုင်စွမ်းရဖို့ကလည်း ဆေးထိုးပြီး ရက်သတ္တပတ်အနည်းငယ်လောက်စောင့်ရပါတယ်။ တချို့တွေက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးပြီးချင်းမှာ ရောဂါကူးစက်ခံရတာကြောင့်ပါ။

ကာကွယ်ဆေးထိုးထားသူတွေက မထိုးထားသူတွေထက်တော့ ရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်ပြီး မိမိမှတစ်ဆင့် တခြားသူတွေကို ရောဂါ ပျံ့နှံ့နှုန်း လျှော့ချနိုင်ပါတယ်။

UAE နဲ့ Bahrain နိုင်ငံတွေမှာတော့ Sinopharm ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသူတွေကို ၆ လ အကြာမှာ Pfizer ကို တစ်ကြိမ်ထပ်ထိုးဖို့ အကြံပေးထားပါတယ်။

အခုလက်ရှိမှာ ရနေတဲ့ ကာကွယ်ဆေးကို ၂ ကြိမ်ထိုးထားပြီး အခွင့်အရေးရရင် နောက်ခြောက်လအကြာမှာ မိမိထိုးထားတာနဲ့ အမျိုးအစားမတူတဲ့ ကာကွယ်ဆေးနောက် တစ်မျိုးကို တစ်ကြိမ်ထပ်ထိုးနိုင်ရင်တော့ အကောင်းဆုံးပါ။

လောလောဆယ်မှာတော့ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးကို အခွင့်အရေးရတာနဲ့ ထိုးဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Something is better than nothing မဟုတ်ပါလား။

အားလုံး ကိုဗစ်အန္တရာယ်မှ လွတ်မြောက်နိုင်ကြပါစေ။

မေတ္တာဖြင့်
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal