မိမိထိုင်ခုံမှာပင် ဗိုက်ချပ်အောင် ပြုလုပ်နိုင်သည့် လေ့ကျင့်ခန်းများ

►  ရုံးထဲမှာ ထိုင်ပြီး အလုပ်လုပ်ရတာက နေပူထဲထွက်ပြီး အလုပ်လုပ်ရသူ ဒါမှမဟုတ် မတ်တတ်ရပ်ပြီး အလုပ်လုပ်သူတွေထက်စာရင် သိပ်မပင်ပန်းလှပါဘူး။ ဒါပေမဲ့ ထိုင်ပြီး အလုပ်လုပ်ရတာကြောင့် ရေရှည်မှာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြော ရောဂါနဲ့ အ၀လွန်ရောဂါတွေ ရရှိနိုင်ပါတယ်။
►  ဖော်ပြပါ လေ့ကျင့်ခန်းတွေဟာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေအတွက် ကုလားထိုင်တစ်လုံးရှိရုံနဲ့ ဘာကိရိယာမှ မလိုအပ်ဘဲ ၀မ်းဗိုက်ချပ်ရပ်အောင် ပြုလုပ်နိုင်တဲ့နည်းလမ်းတွေပါ။

Knee-to-Chest Lift

ဘယ်လိုအကျိုးရှိနိုင်သလဲ
ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေပြီး အစာခြေစနစ် ကောင်းမွန်စေနိုင်ကာ အဆီလောင်ကျွမ်းမှုကို ကူညီနိုင်ပါတယ်။
ပြုလုပ်နည်း
ခါးမတ်မတ်ထားပြီး ထိုင်ခုံတစ်ခုမှာ ထိုင်ပါ။
ခြေဖ၀ါးနှစ်ဖက်ကို အနည်းငယ်ကားပြီး ကြမ်းပြင်နဲ့ ထိပါ။
ခါးမတ်မတ်ထားပြီး ၀မ်းဗိုက်ကို ရှပ်ကာ ညာဘက်ဒူးခေါင်းကို ပုံမှာပြထားတဲ့ အတိုင်း ရင်ဘတ်အထိ မ,တင်ထားပါ။
သင့်လက်ကို ပေါင်ပေါ်တင်ပြီး ဒူးခေါင်းကို ရင်ဘတ်နဲ့ ကပ်နိုင်သမျှကပ်အောင် ဆွဲထိပါ။
အကြိမ် ၂၀-၃၀ ပြုလုပ်ပြီး နောက်တစ်ဖက်ပြောင်းလုပ်ပါ။

Double Knee Lift

ဘယ်လိုအကျိုးရှိနိုင်သလဲ
ဝမ်းဗိုက်ကြွက်သားတွေပေါ်မှာ တစ်ပြိုင်နက် ထိရောက်တဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။
ပြုလုပ်နည်း
ထိုင်ခုံပေါ်မှာ ထိုင်ပါ။
ခြေထောက်နှစ်ဖက်ကို ပူးထားပါ။
သင့်လက်နှစ်ဖက်နဲ့ ထိုင်ခုံရဲ့ဘေး တစ်ဖက်တစ်ချက်ကို ကိုင်ထားပါ။
ခါးမတ်မတ်ထားပြီး ဒူးခေါင်းနှစ် ဖက်ကို မ,တင်ကာ ရင်ဘတ်နေရာအထိ ရောက်အောင် ဆွဲယူပါ။ ၀မ်းဗိုက်ကြွက်သားတွေကို ရှပ်ထားရပါမယ်။
ခြေထောက်တွေကို အောက်ပြန်ချပါ။ ဒါပေမဲ့ ကြမ်းပြင်နဲ့ ထိမထားပါနဲ့။
၁၀-၂၀ ကြိမ် ပြုလုပ်ပါ။

သင်ဟာ အချိန်အကြာကြီးထိုင်နေရတာ ဒါမှမဟုတ် သင် နေ့စဉ်လုပ်ငန်းထဲ ၀မ်းဗိုက်ညှစ်တဲ့လေ့ကျင့်ခန်းပြုလုပ်လိုတယ်ဆိုရင် ဒီထိုင်ခုံအသုံးပြုရတဲ့လေ့ကျင့်ခန်းတွေက သင့်အတွက် အသုံးဝင်မှာပါ။

Toe Touches

ဘယ်လိုအကျိုးရှိနိုင်သလဲ
သင့်ခါးရဲ့ ဘေးဘက်နေရာနဲ့ ပေါင်နေရာက အဆီတွေ အကုန်လုံးကို လောင်ကျွမ်းနိုင်ပါတယ်။
ပြုလုပ်နည်း
ကြမ်းပြင်ပေါ်ကို သင့်ခြေဖ၀ါးနှစ်ဖက်က ထိုင်ခုံအကွာအဝေးလောက် ကားပြီး ထိထားပါ။
သင့်လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်ထားပါ။
သင့်ခန္ဓာကိုယ်ကို ညာဘက်လှည့်ပြီး အောက်ကို ကွေးချကာ ဘယ်ဘက်ခြေ ထောက်ကို ညာဘက်လက်နဲ့ ပုံပါအတိုင်း ထိပါ။
အသက်ရှူအောင့်ထားပြီး ခေတ္တနားနေပါ။
မူလအစအနေအထားသို့ ပြန်လည်ပြုလုပ်ပါ။
ခန္ဓာကိုယ်ကို ဘယ်ဘက်လှည့်ပြီး အောက်ကို ကွေးချကာ ညာဘက်ခြေထောက်ကို ဘယ်ဘက်လက်နဲ့ ပုံပါအတိုင်း ထိပါ။
တစ်ဖက်ကို အကြိမ် ၂၀-၃၀ ပြုလုပ်ပါ။

Full Body Lift

ဘယ်လိုအကျိုးရှိနိုင်သလဲ
ဒီလေ့ကျင့်ခန်းက အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေနိုင်ပါတယ်။ ၀မ်းဗိုက်ကြွက်သား၊ ခါးနောက်ကြွက်သားနဲ့ ပခုံးကြွက်သားတွေ တောင့်တင်းသန်မာစေနိုင်ပါတယ်။
ပြုလုပ်နည်း
ထိုင်ခုံကို လက်နှစ်ဖက်နဲ့ ပုံပါအတိုင်း ကိုင်ထားပါ။
လက်ကို ဖိပြီး သင့်ခန္ဓာကိုယ်ကို ခုံပေါ်မှ ကြွလိုက်ပါ။ သင့်တင်ပါးနဲ့ ခြေထောက်တွေက လေမှာ ၀ဲနေရပါမယ်။
ဝမ်းဗိုက်ကြွက်သားကို အသုံးပြုပြီး ဒူးခေါင်းကို ရင်ဘတ်အထိရောက်အောင် ဆွဲတင်ပါ။
ဒီအခြေအနေအတိုင်း ၁၅-၂၀ စက္ကန့်ထားပြီး ပုံမှန်အနေအထား ပြန်လုပ်ပါ။
လေးကြိမ် ပြုလုပ်ရပါမယ်။
သတိပြုရန် ► ဒီလေ့ကျင့်ခန်းလုပ်ဖို့ သင် အသုံးပြုမယ့်ထိုင်ခုံက တောင့်တောင့်တင်းတင်းရှိနေပါရမယ်။

Oblique Stretches

ဘယ်လိုအကျိုးရှိနိုင်သလဲ
တင်ပါးကြွက်သားတွေ သန်မာစေနိုင်ပြီး ၀မ်းဗိုက်နဲ့ ခါးမှအဆီတွေကို လောင်ကျွမ်းဖို့ ကူညီနိုင်ပါတယ်။
ပြုလုပ်နည်း
ထိုင်ခုံဘေးမှာ မတ်တတ်ရပ်ပြီး သင်ရဲ့ ဘယ်ဘက်လက်ကို ခုံနောက်မှီပေါ် တင်ထားပါ။
ညာဘက်လက်နဲ့ သင်ရဲ့ ညာဘက် ခြေထောက်ကို တင်ပါးအထိ ရောက်အောင် ဆွဲယူလာပါ။
နဂိုအနေအထားအတိုင်း ပြန်ထား ပါ။
၁၀-၁၅ ကြိမ် ပြုလုပ်ပါ။
နောက်တစ်ဖက်ပြောင်းပြီး ၁၀-၁၅ ကြိမ် ပြုလုပ်ပါ။

Knee to Elbow Lift

ဘယ်လိုအကျိုးရှိနိုင်သလဲ
ခါးသေးဖို့ အလွန်အသုံးဝင်တဲ့ လေ့ကျင့်ခန်းပါ။
ပြုလုပ်နည်း
ထိုင်ခုံတစ်ခုပေါ်မှာ မတ်မတ်ထိုင်ပါ။
သင့်လက်နှစ်ဖက်ကို ဦးခေါင်းနောက်မှာ ပုံပါအတိုင်း ထားပါ။
ညာဘက်ဒူးခေါင်းကို ရင်ဘတ်အထိရောက်အောင် မ,တင်ပါ။
ဘယ်ဘက်တံတောင်ဆစ်နဲ့ ညာဘက်ဒူးခေါင်း ထိအောင် သင့်ခါးကို ဘယ်ဘက်သို့ လှည့်ပါ။
မူလအနေအထားအတိုင်း ပြန်ထားပြီး ၁၅ ကြိမ် ထပ်မံပြုလုပ်ပါ။
ဘက်ဘက်ဒူးခေါင်းကို ရင်ဘတ်အထိ ရောက်အောင် မ,တင်ပါ။
ညာဘက်တံတောင်ဆစ်နဲ့ ဘယ်ဘက်ဒူးခေါင်း ထိအောင် သင့်ခါးကို ညာဘက်သို့ လှည့်ပါ။
မူလအနေအထားအတိုင်း ပြန်ထားပြီး ၁၅ ကြိမ် ထပ်မံပြုလုပ်ပါ။

♥ ဒေါက်တာခင်မိုးမိုး ♥

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *