အပျိုစင်ဘ၀ကို ဘယ်လိုတန်ဖိုးထားသလဲ (၁) – ဒေါက်တာ ဖြိုးသီဟ

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မပြောခင် အပျိုစင်ဘ၀ဆိုတာ ဘာကိုခေါ်တာလဲ စဉ်းစားကြည့်ရအောင်။ တချို့ကပြောတယ်၊ အပျိုစင်ဘ၀ဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ လိင်အင်္ဂါကို သူအရွယ်ရောက်ပြီးနောက်ပိုင်း ဘယ်သူစိမ်းယောကျာ်းကမှ မမြင်ဖူးတာကို ခေါ်သတဲ့။ ဒါဆို ဗီဒီယို၊ ဓါတ်ပုံချောင်းရိုက်ခံရတာမျိုး၊ ကျန်းမာရေးအတွက် အမျိုးသားဆရာဝန်က စစ်ဆေးပေးရတာမျိုးဆို အပျိုမစစ်တော့ဘူးလား။ တချို့ကကျတော့လည်း သူ့ရဲ့လိင်အင်္ဂါထဲကို ဘာမှထိုးသွင်းခြင်း မပြုလုပ်ဖူးသူက အပျိုစင် တဲ့။ ဒါဆို လက်နဲ့ တစ်ကိုယ်ရည်အာသာဖြေတာမျိုး လုပ်ဖူးရင် အပျိုမဟုတ်တော့ဘူးပေါ့။ ဒါလည်း အဆင်မပြေသေးပြန်ဘူး။ နောက်တစ်မျိုးကျတော့ လိင်ဆက်ဆံမှု မပြုဖူးသူကို ခေါ်တာပါတဲ့။ အဲဒီလို သတ်မှတ်ပြန်ရင်လည်း သူ့စိတ်ဆန္ဒမပါဘဲ အဓမ္မပြုကျင့်ခံလုက်ရသူကို အပျိုမဟုတ်တော့ဘူးဆိုပြီး သတ်မှတ်ရမယ့်ပုံစံ ဖြစ်နေပြီ။ ဆိုတော့ကာ အပျိုစင်ဘ၀ ဆိုတဲ့ စကားလုံးကိုက တော်တော်လေး အဓိပ္ပါယ်ဖွင့်ဆိုရခက်ပါတယ်။

 

တကယ်တော့ အဓမ္မပြုကျင့်ခံလိုက်ရသူတွေ ဘာကြောင့် ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေသလဲ၊ ပြုကျင့်သူထက် ပြုကျင့်ခံရသူကို လူတွေဘာကြောင့် ပိုကဲ့ရဲ့နေကြသလဲ၊ ကောင်လေးနဲ့ ကောင်မလေး ချစ်နယ်ကျွံသွားတယ်၊ တာဝန်မယူဘဲ ထားသွားတဲ့ ယောကျာ်းလေးထက် မိန်းကလေးက ဘာလို့ပိုပြီး ရှက်နေသလဲ၊ ဘာကြောင့် ဒီလိုမိန်းကလေးမျိုးတွေကို တန်ဖိုးမရှိတော့တဲ့ လူတစ်ယောက်လို ဆက်ဆံနေကြသလဲ၊ ဒါတွေက အပျိုစင် ဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ပြီး ဘယ်လိုခံယူထားကြသလဲနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုအလိုက် အမျိုးမျိုးသော ကွဲပြားမှုတွေ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းမှာတော့ အပျိုစင်ဘ၀ကို အင်မတန် တန်ဖိုးထားကြတယ်။ “ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်တာ၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်တာ” ဆိုတဲ့ စကားပုံတွေတောင် ရှိပါသေးတယ်။ ဆိုလိုတာက မိန်းကလေးတွေရဲ့ ဘ၀က အထိခိုက်မခံဘူး၊ အပျိုစင်ဘ၀ ပျက်စီးသွားရင် တန်ဖိုးလည်း မဲ့သွားမယ်၊ ဒီလိုမျိုး အများစုက ခံယူထားကြတယ်။

 

စဉ်းစားကြည့်ရအောင်။ တကယ်ပဲ ဘာအကြောင်းနဲ့မဆို လိင်ဆက်ဆံဖူးတယ် ဆိုတာနဲ့ အပျိုစင် မဟုတ်တော့ဘူးလား၊ တန်ဖိုးကျသွားပြီလား၊ နောက်ဆုံးကုန်ကုန်ပြောရရင် သူ့သဘောတူညီမှုနဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုရင်တောင် အဲဒီမိန်းကလေးဟာ တကယ်ပဲ တန်ဖိုးမရှိတော့ဘူးလား။

ကျွန်တော် မျိုးဆက်ပွါးကျန်းမာရေးသင်တန်းတွေ ပေးရင် Value clarification exercise ဆိုတာလေး လုပ်လေ့ရှိပါတယ်။ သင်တန်းသားတွေကို ငြင်းလို့ခုန်လို့ကောင်းမယ့် စာသားတွေကို ဖတ်ပြပြီး တစ်ယောက်အမြင်တစ်ယောက် ငြင်းခုန်စေတယ်။ ဆွေးနွေးစေတယ်။ ဒီအခါမှာ သူတို့အနေနဲ့ ငါတို့ ဘာကိုတန်ဖိုးထားတာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားတယ်၊ အဲဒီလိုပဲ သူတစ်ပါးမှာလည်း ကိုယ်စီကိုယ်စီ တန်ဖိုးထားတာတွေ ရှိကြတယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း မတူနိုင်ကြဘူးဆိုတာလေး သဘောပေါက်သွားပါတယ်။

“လက်မထပ်ခင် လိင်ဆက်ဆံခြင်းဟာ ဖြစ်သင့်တဲ့ကိစ္စတစ်ခု ဖြစ်တယ်”

သင်တန်းတွေမှာ ဖတ်ပြနေကျ စာတစ်ကြောင်းဖြစ်ပါတယ်။ အင်မတန်မှလည်း ဆွေးနွေးငြင်းခုန်လို့ကောင်းတယ်။ လူတွေရဲ့ အမျိုးမျိုးသော ယူဆပုံတွေအကြောင်း ဆက်ဖတ်ကြည့်ပါ။

 

အမြင် ၁ – မဖြစ်သင့်ဘူး၊ ဘာလို့ဆိုတော့ မိန်းကလေးဆိုတာ အပျိုစင်ဘ၀ကို ထိန်းသိမ်းရမယ်။

ဒါကတော့ ကျွန်တော်တို့မြန်မာ့အသိုင်းအ၀ိုင်းမှာ ရှိနေတဲ့ အယူအဆတစ်ရပ် ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ခေတ်မီတယ်ပြောပြော၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုရဲ့ ဓလေ့ထုံးတမ်းကိုတော့ လိုက်နာရမှာပဲ၊ တကယ်တော့ ခေတ်မီတယ်ဆိုတာ သူများလုပ်သမျှ လိုက်လုပ်တာကို ခေါ်တာမဟုတ်ဘူး တဲ့။ ဒါလည်း မှန်တာပဲ။ အပျိုစင်မဟုတ်လည်း တန်ဖိုးရှိတာပဲ လို့ပြောနေတဲ့သူတွေကိုယ်တိုင် အပျိုမဟုတ်တဲ့ မိန်းကလေးကိုများ ရရင်၊ ဒါမှမဟုတ် ကိုယ့်နှမက အပျိုမဟုတ်တော့ရင် ဘယ်လိုနေကြမလဲ တဲ့။ ဒါကြောင့်မို့ ဘယ်သူတွေ ဘယ်လိုပဲပြောနေပါစေ၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ထုံးတမ်းစဉ်လာကိုတော့ အလေးထားရမှာပဲ တဲ့။ သူတို့ပြောသွားတာလေးလည်း စဉ်းစားစရာကောင်းတယ်။

 

အမြင် ၂ – “ပွဲမ၀င်ခင် အပြင်ကကျင်းပ” ဆိုတဲ့စကားတောင် ရှိသေးတာပဲ၊ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။

စကားပုံနဲ့တောင် ကိုးကားသွားသေးတယ်။ ဒီနေရာမှာ လိင်ကိစ္စကို ရှုမြင်ပုံချင်းက မတူကြဘူးဆိုတာလေး ပြောချင်ပါတယ်။ လက်ထပ်ပြီးမှ အတူနေသင့်တယ်၊ လိင်ဆက်ဆံသင့်တယ် ဆိုတာမျိုး ကျွန်တော်တို့က ထင်တယ်။ နိုင်ငံခြားမှာတော့ လိင်ဆက်ဆံတယ်ဆိုတာက သူတို့အတွက် သိပ်အထူးတဆန်းမဟုတ်ဘူး။ သာမန်ဖြစ်စဉ်ပဲ၊ လက်ထပ်တာနဲ့ သွားပြီး မချိတ်ဆက်ဘူး။ တစ်ယောက်နဲ့တစ်ယောက် လေ့လာကြမယ်၊ နားလည်မှုတည်ဆောက်ကြမယ်၊ နှစ်ကိုယ်တူဘ၀ တည်ဆောက်လို့ရပြီလို့ ယူဆတဲ့အချိန်မှာ လက်ထပ်ကြတယ်၊ အဲဒီအချိန်မှာ ကလေးတွေတောင် ရချင်ရနေပြီ၊ တကယ်လို့ အဆင်မပြေရင်လည်း လမ်းခွဲလိုက်ကြတယ်။ လက်မထပ်သေးဘဲ ကလေးမွေးလို့ ၀ိုင်းကဲ့ရဲ့တယ်တို့၊ အချိန်အကြာကြီးတွဲပြီးမှ မယူဖြစ်ရင် မိန်းကလေးသိက္ခာကျတယ်တို့ ဆိုတာတွေက သူတို့ဆီမှာ မရှိဘူး။

 

လိင်ကိစ္စဆိုတာကလည်း တော်တော်လေးတော့ ရှုပ်ထွေးတယ်။ သူတို့ဆီမှာတော့ ဒါကို အလေးလည်းထားတယ်၊ ပွင့်ပွင့်လင်းလင်းလည်း ရှိကြတယ်။ ဒီကိစ္စလေး အဆင်မပြေရင်ကို ပြတ်ကြ ဆဲကြတာမျိုးရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ မပွင့်လင်းကြဘူး။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် လိင်ဆန္ဒမပြည့်ဝရင်တောင်မှ ကြိတ်မှိတ်သည်းခံကြတယ်။ ဒါပေမယ့်လည်း ဒီလိင်စိတ်ကျေနပ်မှုဆိုတာက လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီတော့ အဆင်မပြေလို့ ကြိတ်မှိတ်သည်းခံခဲ့ရသမျှတွေ ပွင့်ထွက်လာတဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ်ကုန်တယ်။ ယောကျာ်းနဲ့ မိန်းမ အဆင်မပြေတော့ဘူး။ ဒီတော့ လိင်ကိစ္စကို လူသားတိုင်းမှာရှိတဲ့ အခြေခံလိုအပ်ချက်လို့ မြင်ပေးပြီး တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိကြဖို့ လိုတယ်၊ အိမ်ထောင်ရေး အဆင်ပြေစေဖို့မှာ ဒါကိုလည်း အချက်တစ်ချက်အနေနဲ့ ထည့်စဉ်းစားကြဖို့ လိုတယ်။

 

ဒါကြောင့် ဒီအမြင်ကို ကိုင်ထားတဲ့သူတွေက ပြောတယ်၊ ဥပမာ ယောကျာ်းရဲ့ လိင်ဆန္ဒက တအားပြင်းထန်ပြီး အဲဒီနောက်ကို မိန်းမက မလိုက်နိုင်ဘူးဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အဲဒါကို လက်ထပ်ပြီးမှ သိရင် ကွဲကြကွာကြ ဖြစ်ကုန်မှာမို့ စောစောစီးစီးကတည်းက တစ်ယောက်ကိုတစ်ယောက် သိထားတာ အကောင်းဆုံးပါပဲ တဲ့။

 

အမြင် ၃ – မဖြစ်သင့်ဘူး၊ ဘာလို့ဆိုတော့ ဒီအပေါ် အခြေခံပြီးမှ မိန်းကလေးတွေအနေနဲ့ အနိုင်ကျင့်မှုတွေ ကြုံလာရနိုင်တယ်။

အဲဒီအမြင်လေးကို ကြားတော့ ကြုံခဲ့ဖူးတာလေးတစ်ခု သွားသတိရတယ်။ တစ်ရက် ကျွန်တော် လမ်းလျှောက်သွားနေတုန်း ကောင်လေးနဲ့ကောင်မလေး ပြဿနာတက်နေကြတယ်။ ဖြတ်သွားရင်း နားစွန်နားဖျား ကြားလိုက်ရတာက နင် ငါ့ကို ဖြတ်ရဲဖြတ်ကြည့်၊ နင်နဲ့ငါနဲ့ပုံတွေကို အွန်လိုင်းပေါ်တင်ပြီး ဖြန့်ပစ်လိုက်မယ် တဲ့။

 

ဆိုလိုတာက ရှေ့ပိုင်းမှာ ပြောခဲ့သလို၊ မိန်းကလေးတစ်ယောက် အပျိုစင်မဟုတ်တော့ဘူးဆိုရင် တန်ဖိုးမရှိတော့တဲ့ လူတစ်ယောက်လို ၀ိုင်းဝန်းကဲ့ရဲ့တတ်တဲ့ အလေ့အထမျိုး ရှိနေတော့ မိန်းကလေးတွေအနေနဲ့က တစ်ပန်းရှုံးနေတယ်။ ဒါကိုနင်းပြီး ခြိမ်းခြောက်အကြပ်ကိုင်တာမျိုးတွေ လုပ်လာနိုင်တယ်။ ခုဆိုကြည့်၊ ဓါတ်ပုံတောင်မှ သူတစ်ယောက်တည်း ရိုက်ထားတဲ့ပုံ မဟုတ်ဘူး။ နှစ်ယောက်လုံး ပါဝင်ပြီး ရိုက်ထားတာ။ ဒါပေမယ့် ယောကျာ်းလေးက မရှက်ဘူး။ မိန်းကလေးကမှ ရှက်နေကြောက်နေရတယ်။ ဘာလို့ဆိုတော့ လူပျိုမဟုတ်တော့လို့ ဆိုပြီး ဘယ်သူကမှ သူ့ကို အပြစ်မတင်ဘူးလေ။ ဒီလိုပုံတွေ တက်လာလည်း (ခပ်ရှင်းရှင်းပြောရရင်) မိန်းကလေးကိုပဲ ရွလိုက်တာဆိုပြီး အပြစ်တင်တတ်ကြတာ။ ဒါကြောင့်မို့ အပျိုစင်ဘ၀ တန်ဖိုးထားတာ မထားတာတွေ ခဏထား၊ ဒီလိုလူ့အသိုင်းအ၀ိုင်းထဲမှာ ကိုယ့်ကို ခြိမ်းခြောက်အနိုင်ကျင့်စရာ အနေအထားမျိုး ဖြစ်လာနိုင်တယ်၊ ဒီအပေါ် အခြေခံပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ လုပ်လာနိုင်တယ်၊ ချစ်သူရည်းစားဆိုတာလည်း တကယ်တော့ သူစိမ်းပဲမို့ အလုံးစုံ ယုံကြည်လို့မရတာကြောင့် လက်မထပ်ခင် အတူမနေသင့်ပါဘူး တဲ့။

 

အမြင် ၄ – ဖြစ်သင့်တယ်၊ ဘာလို့ဆိုတော့ ဒီခေတ်မှာ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့က တအားခက်လာလို့ပဲ။

ခုခေတ်မှာ အရင်တုန်းကလို ယောကျာ်းတစ်ယောက်တည်း အလုပ်လုပ်ပြီး တစ်မိသားစုလုံး ထိုင်စားလို့ မရတော့ဘူး။ ဒါကြောင့် မိဘတွေကသာ မပြည့်စုံရင် အိမ်ထောင်ပြုဖို့က မလွယ်ဘူး။ တခြားဟာတွေ ခဏထားဦး၊ မင်္ဂလာဆောင်စရိတ်ကတောင် တော်တော်ထောင်းနေပြီ။ တစ်သက်မှာ တစ်မင်္ဂလာဆိုတာမျိုးလည်း ခံယူတတ်ကြသေးတော့ ဒီမင်္ဂလာပွဲလေးကို ပြီးစလွယ် မလုပ်လိုက်ချင်ဘူး။ ပြီးရင် ကိုယ့်ဆီရောက်လာမယ့် သားသမီးတွေကိုလည်း တင့်တင့်တယ်တယ် ထားချင်သေးတယ်။ ဒီတော့ စီးပွါးရေး၊ ပညာရေး အဆင်သင့်ဖြစ်မှပဲ အိမ်ထောင်ပြုကြတယ်။ အဲဒီလို အဆင်သင့်ဖြစ်အောင် ကြိုးစားဖို့ကလည်း မလွယ်ဘူး။ ဒါကြောင့် တော်တော်နဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားဖြစ်ကြဘူး။ သားသမီးယူဖို့ မတွေးကြတော့ဘူး။ ဒါပေမယ့် လိင်ဆန္ဒဆိုတာက ထိန်းချုပ်ရခက်တယ်။ အိမ်ထောင်ပြုမှပဲ ဆက်ဆံမယ်ဆိုတာမျိုးက ထင်သလောက် မလွယ်ဘူး။ ဒီအခါမှာ လက်ထပ်ဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်တောင် အတူနေကြတယ်။ ဒါကိုလည်း မှားတယ်ပြောလို့တော့ မရဘူး တဲ့။

 

အပိုင်း (၂) ဆက်ရန်

ဒေါက်တာဖြိုးသီဟ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *