မိမိကလေးကို ကျန်းမာစေချင်သည့် မေမေတို့ သတိထားသင့်သည့်အရာများ

မွေးကင်းစနဲ့ နို့စို့ကလေးငယ်တွေက ပန်းလေးလိုပဲ နုနယ်လှပါတယ်။ သူတို့ကို ရှုထောင့်အစုံကနေ မျက်ခြည်မပြတ် စောင့်ကြည့် ဂရုစိုက်နိုင်မှ အန္တရာယ်ကင်းကင်းနဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် မိခင်တွေအနေနဲ့ မိမိကလေးကို ကျန်းကျန်းမာမာကြီးပြင်းလာဖို့အတွက် သတိထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

နို့စို့ကလေးတွင် ဦးခေါင်းမညီမညာဖြစ်ခြင်း

မိခင်အများစုကတော့ မိမိရဲ့ မွေး ကင်းစကလေးငယ်တွေရဲ့ ဦးခေါင်းမညီ မညာဖြစ်တာကို သတိထားမိကြမှာပါ။ ဦးခေါင်းတစ်ခြမ်းပြားနေတာက အလှအ ပပြဿနာတစ်ခုတည်းဖြစ်မှာ မဟုတ်ပါ ဘူး၊ ဦးခေါင်းခွံရိုးတွေရဲ့ အနေအထား မမှန်ကန်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု ကိုပါ ထိခိုက်နိုင်ပါတယ်။
ဒီလိုမဖြစ်ရအောင် ကလေးကို သိပ်တဲ့အခါမှာ အနေအထားမျိုးစုံပြောင်း လဲပြီးသိပ်ပေးပါ။ ကလေးမအိပ်ဘူးဆိုရင် လည်း ကလေးကို လှဲမထားဘဲ ချီထားပါ။ ကလေးခြောက်လအရွယ်မှာ ဦးခေါင်းပုံ သဏ္ဌာန်မှန်သွားပါလိမ့်မယ်။

လည်ပင်းစောင်းခြင်း

မွေးကင်းစကလေးငယ်တွေမှာ တွေ့ရတတ်တဲ့အတွက် မိခင်တွေက စိုး ရိမ်ကြောက်ရွံ့တတ်ကြပါတယ်။ ဆရာ ဝန်အများစုကတော့ လည်ပင်းစောင်းတာ ဟာ မိခင်ဝမ်းကြာတိုက်အတွင်း သန္ဓေ သားအနေအထား မမှန်ကန်ခဲ့တာကြောင့် ဒါမှမဟုတ် မွေးဖွားစဉ် လေစုပ်စက်နဲ့ မွေးရတာကြောင့်လို့ ဆိုပါတယ်။ ကလေး ငယ်က ခေါင်းတစ်ဖက်တည်းကိုသာ စောင်းပြီးနေတဲ့အတွက်ကြောင့် မိခင်တွေ က သတိထားမိတတ်ကြပါတယ်။ ဆရာ ဝန်နဲ့ပြသဖို့ မလိုအပ်ပါဘူး။ ကလေးကို မှောက်လျက်ထားပြီး ခေါင်းမစောင်းတဲ့ ဘက်ကို အသာအယာလှည့်ပေးပါ။

W Position ထိုင်ခြင်း

တချို့ကလေးတွေက ဒီလိုထိုင်တာ ကို ကြိုက်နှစ်သက်ကြပါတယ်။ ဆရာဝန် တွေကတော့ ဒီလိုထိုင်တာက သူတို့ ကျန်းမာရေးအတွက် ပြဿနာရှိနိုင် တယ်လို့ ဆိုပါတယ်။ W Position ထိုင်တာကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းက ငြိမ်နေတဲ့အတွက် ခန္ဓာကိုယ်အလေးချိန် သက်ရောက်မှုက မျှတမှုမရှိတော့ပါဘူး။ ဒီပုံစံအတိုင်း အမြဲတမ်းထိုင်တတ်တဲ့ ကလေးငယ်တွေက အဆစ်လွဲနိုင်ခြေ အလွန်များပါတယ်။ ဒီပုံစံအနေအထား က ကလေးတွေအဖို့ ထိုင်ရထရ လွယ် ကူလို့ ခဏတဖြုတ်ထိုင်ရင်တော့ အရေး မကြီးပါဘူး။ ဒါပေမဲ့ ဒီအနေအထားကိုပဲ ကြိုက်နှစ်သက်ပြီး တစ်ချိန်လုံး ဒီပုံစံအတိုင်းထိုင်နေမယ်ဆိုရင်တော့ သူတို့ထိုင် တဲ့အနေအထားပုံစံကို ပြောင်းလဲပေးပါ။

ခြေဖျားထောက်၍ လမ်းလျှောက်ခြင်း

တစ်ခါတလေမှာ ကလေးငယ်တွေ စတင်လမ်းလျှောက်ချိန်မှာ ဘဲလေးက ကသလို ခြေဖျားထောက်ပြီး လမ်း လျှောက်တတ်ကြပါတယ်။ ဒီလိုမျိုး လမ်း လျှောက်နေတာကို မကြာခဏ တွေ့မြင် နေရင်တော့ အထူးကုဆရာဝန်နဲ့ပြသ သင့်ပါတယ်။ ခြေဖျားထောက်ပြီး လမ်း လျှောက်ရတဲ့အကြောင်းရင်းကို သေချာ မသိရှိကြသေးပါဘူး။ ကလေးငယ်တွေ ရဲ့ ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို စစ်ဆေးရာမှာလည်း ပုံမှန်အနေအထား အတိုင်းပဲရှိနေတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အမြဲတမ်းလမ်းလျှောက်နေတာ က ကိုယ်တွင်းမှာ ကျန်းမာရေးပြဿနာ ရှိနေနိုင်တယ်လို့လည်း ထင်မြင်ကြပါ တယ်။

အိပ်နေစဉ် သွားကြိတ်ခြင်း

ဗိုက်ထဲမှာ တုတ်ကောင်ရှိတာကြောင့် အိပ်နေစဉ် သွားကြိတ်တာလို့ တချို့က ယူဆကြပါတယ်။ ဆရာဝန်တွေကတော့ ကလေးတွေမှာ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှု များတာကြောင့် ဒီလိုသွားကြိတ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးငယ် တွေက သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တာ၊ လူရှေ့ထွက်စကားပြောရတာ၊ ဆူခံရတာ လိုမျိုး စိတ်ဖိစီးမှုများတဲ့အခြေအနေတွေ ကြုံခဲ့ရတဲ့ ညတွေမှာ အိပ်နေစဉ် သွားကြိတ်တတ်တယ်လို့ သိရပါတယ်။
သွားတွေရဲ့ အနေအထားမမှန်ကန် တာကြောင့်လည်း အိပ်နေစဉ် သွားကြိတ် တတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တော့ သွားစိုက်ဆရာဝန်နဲ့ ပြသပါ။

မျက်လုံးချင်း ဆုံမကြည့်ခြင်း

အများစုကတော့ ကလေးငယ်တွေ မျက်လုံးချင်းဆုံပြီး မကြည့်တာကို အော် တစ်ဇင်ရဲ့ လက္ခဏာလို့ သတ်မှတ်ကြပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ အော်တစ်ဇင်ရဲ့ များစွာသောလက္ခဏာထဲ က တစ်ခုပဲဖြစ်ပါတယ်။ ကလေးငယ်အ များစုက တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံပြီး မကြည့်တတ်ကြပါ ဘူး။ များသောအားဖြင့် အသံကြားတဲ့ အခါမှာ မျက်နှာကိုသာ ကြည့်တတ်ကြပါ တယ်။ ဒါကို သူတို့ အော်တစ်ဇင်လို့ မသတ်မှတ်နိုင်ပါဘူး။ အော်တစ်ဇင် ကလေးတွေမှာ မျက်လုံးချင်းဆုံမကြည့် တာအပြင် စကားမပြောနိုင်တာ၊ မျက်နှာ အမူအရာ မပြသနိုင်တာနဲ့ ပစ္စည်းတွေကို မညွှန်ပြနိုင်တာလိုမျိုး လက္ခဏာတွေ ရှိ တတ်ပါတယ်။ ဒီလိုလက္ခဏာတွေရှိရင် တောင်မှ ဆရာဝန်တွေက အော်တစ် ဇင်လို့ ချက်ချင်းမသတ်မှတ်ကြသေးပါဘူး။ ကလေးငယ်တွေက တစ်ယောက်နဲ့ တစ် ယောက်ကြီးထွားနှုန်း မတူညီကြပါဘူး။ တချို့က ကြီးထွားနှုန်းမြန်ဆန်ပြီး တချို့ က ကြီးထွားနှုန်း နှေးကွေးတတ်ပါတယ်။

လက်ကိုင်ဖုန်း သို့မဟုတ် တက်ဘလက်ဖြင့် ဆော့ကစားခြင်း

ကလေးငယ်တွေက ပက်လက်အိပ် ပြီး လက်ကိုင်ဖုန်းတွေ၊ တက်ဘ်လက် တွေနဲ့ ဆော့ရင် သူတို့အတွက် အလွန် အန္တရာယ်များပါတယ်။ လက်ကိုင်ဖုန်း တစ်လုံးက ၂၀၀ ဂရမ်လေးပြီး တက်ဘ လက်တစ်ခုက ၅၀၀ ဂရမ်လေးပါတယ်။ ကလေးငယ်တွေအနေနဲ့ ပက်လက်အိပ် ပြီး သူ့မျက်နှာပေါ်မှာ ဖုန်း ဒါမှမဟုတ် တက်ဘလက်ကိုင်ထားရင် မျက်နှာပေါ် ပြုတ်ကျနိုင်ခြေများပါတယ်။ အသက် ငါး နှစ်မပြည့်သေးတဲ့ ကလေးငယ်တဲ့ မျက် နှာရိုးက အလွန်ပျော့ပျောင်းတဲ့အတွက် ဖုန်းပြုတ်ကျခဲ့ရင် မျက်နှာပုံပန်းပျက်စီး သွားတာလိုမျိုး ဖြစ်နိုင်ပါတယ်။ ယနေ့ ခေတ်မှာ ဒီလိုထိခိုက်ဒဏ်ရာရမှုက မ ကြာခဏ မြင်တွေ့နေရပြီး ကမ္ဘာ့အန္တ ရာယ်အရှိဆုံး နံပါတ် ၅ နေရာမှာတောင် ရှိပါတယ်။

လေပူဖောင်းဖြင့် ဆော့ကစားခြင်း

ဒီကစားစရာကလည်း ကလေးတွေ အတွက် အန္တရာယ်များပါတယ်။ အထူး သဖြင့် ပါးစပ်ထဲကို အရာရာထည့်သွင်း တတ်တဲ့ ကလေးတွေအတွက်ပါ။ ပူဖောင်းပေါက်သွားခဲ့ရင် ပူဖောင်းစတွေ က လည်ချောင်းထဲ ရောက်သွားပြီး အ သက်ရှူလမ်းကြောင်းကို လုံးဝပိတ်ဆို့ သွားနိုင်ပါတယ်။

မွေးပွစောင်၊ ပျော့ပျော့အိအိ ခေါင်းအုံးများ ဖြင့် ကလေးကို သိပ်ခြင်း

ဒါတွေက ကလေးအသက်ရှူလမ်း ကြောင်းပိတ်ဖို့ အလားအလာအလွန်များ ပါတယ်။ ကလေးသေဆုံးနိုင်ခြေ ငါးဆ မြင့်မားတယ်လို့ ဆိုပါတယ်။ ကလေးငယ် အိပ်နေစဉ် သူ့မျက်နှာပေါ် ကျရောက် နေတဲ့ ပျော့ပျောင်းတဲ့ပစ္စည်းတွေကို က လေးငယ်က မဖယ်ရှားနိုင်တဲ့အတွက် ကလေးအသက်ရှူကျပ်ပြီး အသက် အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ကလေးစီးကားထိုင်ခုံနှင့် ဓာတ်မတည့်မှုဖြစ် ခြင်း

တစ်ခါတလေ ကလေးငယ်တွေမှာ ဖြစ်ပေါ်လာတဲ့ အဖုအပိမ့်တွေက ကား ထိုင်ခုံနဲ့ ဓာတ်မတည့်မှုဖြစ်တာကြောင့်ပါ။ ဒီအဖုအပိမ့်တွေက အဝတ်အစားကာမ ထားတဲ့နေရာတွေဖြစ်တဲ့ ခြေထောက်၊ တံတောင်ဆစ်နဲ့ ဦးခေါင်းနေရာတွေမှာ တွေ့မြင်ရတတ်ပါတယ်။ အထူးသဖြင့် ရာသီဥတုပူနွေးပြီး နိုင်လွန်နဲ့ ပြုလုပ် ထားတဲ့ ကားထိုင်ခုံကို အသုံးပြုရင် ဖြစ် တတ်ပါတယ်။ ထိုင်ခုံမှာ ချည်သားအစွပ် စွပ်ပေးထားပါ။

ဒေါက်တာခင်မိုးမိုး 

Post Author: Good Health Journal