မာယာများသောကိုဗစ် နှင့် ဆီးချိုရောဂါ

ကျွန်မရဲ့ အသက် ၉၀ ကျော် အဒေါ်နှစ်ယောက်ရဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့အတွေ့အကြုံက အလွန်ထူးဆန်းပါတယ်။

နှစ်ယောက်စလုံးမှာ ဆီးချိုရှိကြပါတယ်။ သူတို့ကနယ်မှာ သူတို့ကို ပြုစုသူတွေနဲ့ အတူတူနေကြပါတယ်။

တစ်နေ့မှာ အဒေါ် နံပါတ် (၂) ကအနည်းငယ်ဖျားပြီး စကားမပြောတော့ဘဲ ငြိမ်နေတာကြောင့် ဆီးချိုတိုင်းကြည့်ရာ ၄၅ ပဲရှိတော့လို့ ကျွန်မကို ဖုန်းဆက်ပြီး မေးပါတယ်။ လောလောဆယ် ဂလူးကို့စ်တိုက်(အလွယ်မရှိရင် သကြားလုံးငုံခိုင်းပြီး)ဆီးချိုဆေးတွေကို ခဏရပ်ထားဖို့ ပြောလိုက်ပါတယ်။ သေချာ မေးကြည့်တော့ အိမ်က ကလေးမတွေ နှာမွန်ပြီး ဖျားနေကြတာကြောင့် ကိုဗစ် ဖြစ်မှာကို စိုးရိမ်သွားခဲ့ပါတယ်။ နောက်နေ့ညမှာလည်း ဆီးချို ဆက်ကျနေတာကြောင့် ရန်ကုန်က သူတို့ ပြနေကျ သမားတော်နဲ့ Teleconsultation လုပ်ဖို့ ညွှန်လိုက်လို့ အခုထိ ကိုဗစ်နဲ့ တိုက်ပွဲ ဝင်နေတုန်းပါ။

သူ အဲဒီလို ဖြစ်နေတုန်း ကျောက်ကပ်တစ်ဖက်ထုတ်ထားပြီး အိပ်ရာထဲလဲနေတဲ့ အဒေါ် နံပါတ် (၁) က ညဦးပိုင်းမှာ အဖျားမရှိဘဲ ရုတ်တရက် ဆီးချို ပြုတ်ကျသွားတာ ဂလူးကို့စ်တိုက်ပေမဲ့ ခဏသာ ပြန်တက်လာပြီး မနက်အရုဏ်တက်မှာ လက်လွှတ်လိုက်ရပါတယ်။ သူ့ကိုကြည့်ရှုပေးတဲ့ ကလေးမတစ်ယောက် နှာစေးနေတာကြောင့် ကိုဗစ်ကြောင့် သေတယ်လို့ပဲ ယူဆပါတယ်။

သူတို့ကို ကြည့်ရှုပေးနေသူတွေက ကိုဗစ်မှန်းမသိဘဲ သွေးတွင်းသကြားဓာတ်ကို ဖမ်းတိုင်းမိလို့ အဲဒီနေ့က အဒေါ် နံပါတ် ၂ အသက်ကို ကယ်တင်နိုင်လိုက်တာပါ။ ကိုဗစ်ကို စိုးရိမ်ပြီး အောက်ဆီဂျင်ကိုပဲ အာရုံစိုက်နေရင် Hypoglycemia နဲ့ ဒုက္ခရောက်နိုင်ပါတယ်။ (မှတ်ချက်-အဒေါ် ၂ ယောက်စလုံးကလည်း အောက်ဆီဂျင် လျော့ကျသွားပါတယ်)

ဆီးချိုရောဂါရှိသူတွေ ကိုဗစ်ကြောင့် သွေးတွင်းသကြားဓာတ် လျော့ကျသွားနိုင်ပါသလား။
ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ပိုဖြစ်ပြီး Cytokine မုန်တိုင်းဝင်တာရယ်၊ လူနာက အစာစားတာနည်းသွားတာရယ်၊ ဆီးချိုအတွက်ဆေးတွေ သောက်နေရတာကြောင့် သွေးတွင်း သကြားဓာတ် ပြုတ်ကျနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေက နဂိုအခံ နာတာရှည်ရောင်ရမ်းမှုတွေ ရှိနေတာကြောင့် သူတို့တွေမှာ Cytokine မုန်တိုင်း ဝင်ရောက်နိုင်ခြေ အရမ်းများပါတယ်။

ဆီးချိုရောဂါရှိသူတွေက ကိုဗစ် ပိုကူးစက်နိုင်ပါသလား။
ဆီးချိုရောဂါရှိသူတွေက သာမန်သူတွေထက် ကိုဗစ် ပိုကူးစက်နိုင်တဲ့ ဒေတာ မရှိသေးပေမဲ့ ကိုဗစ်ကူးစက်ခံရရင် ဆီးချိုသမားတွေက သာမန်သူတွေထက် နောက်ဆက်တွဲ ဆိုးကျိုး ပိုမို ရရှိနိုင်ပါတယ်။ ရောဂါများများရှိလေလေ (ဥပမာ ဆီးချိုနဲ့ နှလုံး ) ဆိုးကျိုး ပိုများလေလေပါ။ ရောဂါ တစ်ခုထက်ပိုများရင် ရောဂါပိုးကို တွန်းလှန်နိုင်ဖို့ ခက်ခဲလေပါ။

ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဆီးချိုရောဂါရှိသူတွေမှာ ရောင်ရမ်းမှု ပိုများပြားလာပြီး သွေးတွင်းသကြားဓာတ်ပေါ် သက်ရောက်မှုရှိလာပြီး တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့ ဖျားနာနေချိန်မှာ ဆီးချိုသမားတွေက DKA (Diabetic ketoacidosis) ရရှိနိုင်ခြေလည်းများပြားပါတယ်။

DKA ဆိုတာက ကိုယ်ထဲမှာ အက်စစ်ဓာတ်လွန်ကဲလွန်းနေပြီး မကြာခဏဆီးသွားတာ၊ ရေအလွန်ငတ်တာ၊ ပျို့တာ၊ အန်တာ၊ ဗိုက်အောင့်တာ၊ ဇဝေဇဝါဖြစ်နေတာ၊ ပါးစပ်က သစ်သီးရနံ့ထွက်နေတာနဲ့ ဆီးချိုအရမ်းတက်နေတဲ့ အခြေအနေပါ။
ကိုဗစ်ဖြစ်နေရင် ဆီးချိုတက်နိုင်သလို ဆီးချိုထိုးကျနိုင်ပါတယ်။ ဆီးချိုအတွက် မသောက်သင့်တဲ့ ဆေးတွေရှိသလို သောက်ရမယ့်ဆေးတွေလည်းရှိပါတယ်။ fluid intake – output( ကိုယ်ထဲကို ရေနဲ့ ဓာတ်ဆား အဝင်အထွက် ) ညီညွတ်မျှတမှု ရှိဖို့ကလည်း အရေးကြီးပါတယ်။ လူနာအတွက် လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း Timing ကိုက် (အချိန်နဲ့တစ်ပြေးညီ)ပေးဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် ဆီးချိုရောဂါရှိသူတွေက ကိုဗစ်ဖြစ်တယ်လို့ သံသယဝင်တာနဲ့ မိမိပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ကာ ကုသမှု ခံယူရပါမယ်။ အခုအချိန်မှာတော့ ဖျားတာ၊ နှာစေးတာနဲ့ ကိုဗစ်လို့ သတ်မှတ်ပါ။ မိမိမဖျားရင်တောင် မိမိအိမ်သားတွေ ဖျားပြီး နေထိုင်ရတာ နုံးချည့်နေရင်၊ အသက်ရှူမဝရင်၊ အနံ့အရသာမရှိရင်၊ ဝမ်းပျက်ရင် ကိုဗစ်လို့ ထင်လိုက်ပါ။

မေတ္တာဖြင့်
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal