ကိုဗစ်၊စိုးရိမ်စိတ်များခြင်းနှင့် အစာတစွတ်စွတ် စားခြင်း

ကိုယ်နေတဲ့ အိမ်နားက ကိုဗစ်ပိုးတွေ့လူနာရှိနေတာ၊ ကိုယ့်ရပ်ကွက်ထဲ ဆေးရုံကားဝင်လာတဲ့အချိန်၊ ကိုဗစ်ပိုးတွေ့လူနာဦးရေ နဲ့ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ စာရင်းထုတ်ပြန်တဲ့ ည၈ နာရီ အချိန် နဲ့ တစ်နေ့တာအတွင်း တိုင်းနဲ့ ပြည်နယ်အလိုက် ပိုးတွေ့လူနာနဲ့ သေဆုံးသူစာရင်း ထုတ်ပြန်တဲ့ ညနေ ၅ နာရီ အချိန်တွေမှာ သတင်းတွေကို တွေ့မြင်ရတဲ့အခါမှာ စိုးရိမ်သောကဖြစ်လာကာ အအေးသောက်လိုက်၊ မုန့်တွေကို တစွတ်စွတ်စားလိုက် တာမျိုး ဖြစ်နေပါသလား။ ဒီလိုစားသုံးတာကြောင့် စိုးရိမ်စိတ်က မပျောက်ကင်းတဲ့အပြင် ကိုယ့်အတွက် ကယ်လိုရီအပိုတွေ ရရှိပြီး ဝိတ်တက် လာနိုင်ပါတယ်။
စိုးရိမ်စိတ်ကြောင့် ဗိုက်ဆာသလို ဖြစ်နေရင် အောက်ပါတို့ကို ပြုလုပ်ပါ။

#ပီကေဝါးပါ
ပီကေဝါးတာက ဖိစီးမှုကို ထိထိရောက် ရောက် လျော့ကျစေပါတယ်။ သကြားမပါဝင်တဲ့ ပီကေကို ဝါးနေတာက နေ့စဉ်စားသုံးတဲ့ ကယ်လိုရီ ပမာဏ လျော့သွားပြီး စွမ်းအင်လောင်ကျွမ်းနှုန်း များလာတယ်လို့ လေ့လာမှုအရ သိရပါတယ်။

#ရေနွေးကြမ်းသောက်ပါ
စိုးရိမ်စိတ်ကြောင့် တစ်ခုခုကို စားချင် စိတ် ပေါက်လာရင် ရေနွေးကြမ်း တစ်ခွက်ကို အရင် သောက်လိုက်ပါ။ စိတ်တည်ငြိမ်မှု ရရှိနိုင်တဲ့အပြင် ကိုယ် တွင်းရေဓာတ်ပြည့်ဝကာ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင် ပြီး ဆာလောင်မှုလည်းပျောက်ကင်း နိုင်ပါတယ်။

#ကဖင်းပါတဲ့ဖျော်ရည်မသောက်ပါနဲ့
ကော်ဖီ နဲ့ ကိုလာလိုမျိုး ကဖင်းပါဝင် တဲ့ ဖျော်ရည်တွေကြောင့် ကိုယ်တွင်းက အယ်ဒရီနာလင် ပမာဏ မြင့်တက် လာကာ စိုးရိမ်သောကတွေ ပိုမို ဖြစ်ပေါ် လာပြီး ပိုလို့တောင် အစာစားချင်စိတ် ပေါ်ပေါက်နိုင်ပါတယ်။

#အစပ်စာစားပါ
အစားအစာမှာ ငြုပ်သီးထည့်စားတာက အစာစားချင်စိတ်လျော့နည်း နိုင် တယ်လို့ လေ့လာမှုအရ သိရပါတယ်။ငြုပ်သီးကို ပူစပ်စပ်အရသာ ဖြစ်စေတဲ့ ကက်ပ်ဆိုင်စင်က ဗိုက်ပြည့်တင်းမှုကို ရရှိစေပြီး ကယ်လိုရီလောင်ကျွမ်းမှု ပိုများနိုင်ပါတယ်။ ငြုပ်သီးပါတဲ့ဟင်းကို တစ်ရက်ခြား စားပါ။ နေ့တိုင်းစားရင် ခန္ဓာကိုယ်က ဒီအကျိုးကျေးဇူးကို ယဉ်ပါးသွားနိုင်တဲ့အတွက် ရရှိမှာ မဟုတ်တော့ပါဘူး။

#အနီရောင်၊အဝါရောင်တွေကိုရှောင်ပါ။
အနီရောင်ဒါမှမဟုတ် အဝါရောင် ပန်းကန်နဲ့ ထည့်ထားတဲ့ အစားအစာတွေကို မြင်ရရင် ဗိုက်ဆာလောင်တဲ့ စိတ်ကို ပိုပြီးဖြစ်ပေါ် စေနိုင်ပါတယ်။

#စိတ်ပျော်ရွှင်မှုဟော်မုန်းထုတ်ဖို့ကူညီနိုင်တဲ့အစားအစာစားပါ
စိုးရိမ်သောက များတဲ့အခါမှာ စိတ် ပျော်ရွှင်မှုကို ရရှိစေတဲ့ဟော်မုန်း ဆီရိုတိုနင်က ကိုယ်တွင်းမှာ လျော့နည်းသွားကာ ဆာလောင်မှု ဖြစ်ပေါ်လာပါတယ်။ ဒီဟော်မုန်းပုံမှန် ပမာဏ ပြန်လည်ရရှိဖို့ နာနတ်သီး၊ဆီးသီး၊ထောပတ်သီးနဲ့ ဟင်းနုနယ်လိုမျိုး Tryptophan ပါဝင်မှုများတဲ့ အစာတွေကို စားပါ။

#စိတ်ဂယောက်ဂယက်ဖြစ်နေရင်တစ်ခုခုကိုစားလိုက်ပါ
သင်ဟာ စိုးရိမ်သောကများနေတာကြောင့် အစာကို မဖြစ်မနေ စားချင်နေရင် ငှက်ပျောသီး၊ သစ်ကြားသီး ဒါမှမဟုတ် ပန်းသီးလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်မှု ရှိတဲ့ အစာ တစ်မျိုးမျိုးကို စားလိုက်ပါ။

#အစာစားချိန်ကို၂၀-၃၀မိနစ်လောက်ပေးပါ။
သင်အစာစားတဲ့အချိန်က မိနစ်၂၀-၃၀ လောက်ရှိမှသာ ဦးနှောက်က ဗိုက် ပြည့်တင်းနေကြောင်း သိရှိပြီး အချက်ပြဖို့ အချိန်ရမှာပါ။ အစာကို ခပ်မြန်မြန်စားသုံးတာက ဗိုက် ပြည့်တင်းနေတာကို စောစော မသိတဲ့အတွက် အစားပိုစားမိပြီး ဝိတ်တက် နိုင်ပါတယ်။

ကိုဗစ်ကာလမှာ ဝိတ်ထိမ်းနိုင်ကြပါစေ။

ကိုဗစ်ကြောင့် ရယ်မဟုတ်ပါဘူး။အကြောင်းကြောင်းကြောင့် စိုးရိမ် သောကနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာတိုင်း ဒီနည်းလမ်းကို အသုံးပြုပါ။ သောက များလွန်းတာက ကိုယ်တွင်းခုခံစွမ်းအားလည်း ကျဆင်းနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal