မိုးရာသီ အပြေးလေ့ကျင့်ခန်း အတွက် Fashion Tips

မိုးရာသီရောက်လာလို့ အပြင်မှာ အားကစား လေ့ကျင့်လို့ မရတော့ဘူးဆိုတာ မရှိပါဘူး။ အပြေးပြိုင်ပွဲတွေ ဆိုတာဟာလည်း မိုးရွာလို့ဆိုပြီး ပွဲဖျက်ရိုးထုံးစံ မရှိပါဘူး။ ဒီအတွက် ပြိုင်ပွဲ အတွက်ပဲဖြစ်ဖြစ်၊ လေ့ကျင့်မှု အတွက်ပဲဖြစ်ဖြစ် မိုးရေထဲမှာ အကောင်းဆုံး အပြေးလေ့ကျင့်နိုင်ဖို့ အထောက်အကူပြုမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လျှာစွန်းပါတဲ့ ဦးထုပ်ဆောင်းပါ
ဦးထုပ်က မိုးရာသီမှာ အပြေးလေ့ကျင့်မယ့်သူအတွက် မရှိမဖြစ် အဖော်မွန်ကောင်းတစ်ခု ဖြစ်ပါတယ်။ သူက သင့် မျက်နှာပေါ် မိုးရေတွေ မကျစေတော့တာကြောင့် ပြေးနေစဉ် သင် ကောင်းကောင်းမြင်ရမှာ ဖြစ်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ ဦးထုပ်မျိုးလည်း ဖြစ်ဖို့လိုပါတယ်၊ ဆောင်းရာသီမှာ ဆောင်းတဲ့ ဦးထုပ်အထူသားတွေဆိုရင် အပူတွေ အောင်းလာနိုင်ပါတယ်။

(၂) မိုးအေးတယ်ဆိုရင် အထပ်ထပ် ဝတ်ဆင်ပါ
ပြေးမယ့်နေ့မှာ မိုးအရမ်းအေးနေတယ်ဆိုရင် အင်္ကျီကို အထပ်ထပ် ဝတ်သွားဖို့ လိုပါတယ်။ အဓိက ကတော့ သင့် ကိုယ်လုံးပေါ်ပထမဆုံးဝတ်မယ့် အင်္ကျီက ချွေးစုပ်လွယ်ပြီး လေဝင်လေထွက် ကောင်းဖို့ လိုပါတယ်။ အပေါ်ဆုံးအလွှာ ကတော့ လေဒဏ်၊ မိုးဒဏ် ခံနိုင်တဲ့ water-resistant ဂျက်ကက်မျိုး၊ ကိုယ်ရုံမျိုး ဖြစ်ရပါမယ်။

(၃) အလွန်အကျွံတော့ မဝတ်ဆင်ပါနဲ့
အဝတ်တွေ အထပ်ထပ် ဝတ်ဆင်တာက သင့်ကို ခြောက်သွေ့စေမှာ မဟုတ်ပါဘူး၊ မိုးရွာနေတာဖြစ်လို့ အနည်းနဲ့ အများတော့ စိုရွှဲနိုင်ပါတယ်။ အဝတ်တွေအထပ်အများကြီး ဝတ်ဆင်တဲ့အခါ မိုးရေပိုစိုနိုင်ပြီး သင့်ကို ပိုပြီး လေးလံစေပါတယ်။

(၄) မြင်သာထင်သာရှိအောင် ဝတ်ဆင်ပါ
အပေါ်ဆုံးအလွှာမှာဝတ်ဆင်တဲ့ အဝတ်အစားဟာ အရောင်တောက်တောက် ဒါမှမဟုတ် အရောင်နုနုနဲ့ ရောင်ပြန်တွေပါတာမျိုး ဝတ်ဆင်သင့်ပါတယ်။ ဒါက သင့်ကို အန္တရာယ် မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ မိုးရာသီဖြစ်တာကြောင့် ယဉ်မောင်းနှင်သူတွေဟာ လမ်းပေါ်မှာ ဘာရှိလဲဆိုတာ ကောင်းကောင်း မမြင်နိုင်ကြပါဘူး။ ဒါကြောင့် မြင်သာထင်သာရှိတဲ့ အရောင်၊ ရောင်ပြန်ပါတာကို ဝတ်ဆင်စေတာ ဖြစ်ပါတယ်။

(၅) ပွတ်တိုက်မှုဒဏ်မဖြစ်အောင် ကာကွယ်ပါ
ပြေးတာ ကြာတဲ့အခါ အဝတ်အစားကြောင့် အရေပြားမှာ ဖြစ်လာနိုင်တဲ့ ပွတ်တိုက်မှုကို ကာကွယ်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အဝတ်နဲ့အသား ပွတ်တိုက်နိုင်ခြေရှိတဲ့နေရာ (ပေါင်အတွင်းသား၊ ချိုင်းအောက်၊ အားကစားအတွင်းခံလိုင်း၊ ခြေဖဝါး) တွေမှာ ပေါင်ဒါမှုန့်၊ ရေနံဂျယ်လီ စတာတွေ လိမ်းသွားပါ။

(၆) အားကစားဖိနပ် အဟောင်းကို စီးပါ
မိုးရေထဲမှာ ပြေးရမှာဖြစ်တာကြောင့် သင်ရဲ့ အဟောင်းဆုံး (ဟောင်းပေမယ့် ကောင်းနေဆဲ) အားကစားဖိနပ်ကို စီးသွားပါ။

(၇) အီလက်ထရွန်နစ် ပစ္စည်းတွေကို သေချာထိန်းသိမ်းဖို့ မမေ့ပါနဲ့
ဒီမှာ သင်ရဲ့ ဖုန်း၊ mp3 စတာတွေ ကို ဇစ်ပါတဲ့အိတ်ထဲထည့်ပြီး ရေမဝင်တဲ့ အိတ်ထဲထည့်သယ်သွားပါ။ မဟုတ်ရင်လည်း ကားထဲမှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ် ထားခဲ့ပါ။

(၈) ပြိုင်ပွဲဝင်တွေအနေနဲ့ အမှိုက်ပစ်အိတ် အကြီးစားများကို အသုံးပြုနိုင်ပါတယ်
အမှိုက်အိတ်အကြီးစားတွေက သင့် တစ်ကိုယ်လုံးကို ဖုံးနိုင်တဲ့ အရွယ်အစား ရှိပါတယ်။ သူတို့ကို အလယ်မှာ ခေါင်းစွပ်ပေါက်ဖောက်ပြီး မိုးကာခေါင်းစွပ်ခြုံထည်အဖြစ် ယာယီအသုံးပြုနိုင်ပါတယ်။ အပြေးပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့ ပြိုင်ပွဲမစခင် မိုးရွာကတည်းက စွပ်ထားနိုင်ပြီး ပြိုင်ပွဲစလို့ စပြေးတဲ့အခါမှ အလွယ်တကူ ဆွဲဖြဲလိုက်နိုင်ပါတယ်။ ဒါက သင့်ကို အစောပိုင်းမှာ မိုးရေစိုမှုကို သက်သာစေပြီး နွေးစေမှာပါ။

(၉) မိုးသက်မုန်တိုင်းကျနေရင် မပြေးပါနဲ့
မိုးရေထဲမှာ ပြေးတာက အကြောင်းမဟုတ်ပေမယ့် မုန်တိုင်းတွေပါ ကျလာရင်တော့ မိုးကြိုးပစ်နိုင်ခြေရှိတာမို့ မစွန့်စားသင့်၊ မရင်းသင့်တာကြောင့် အိမ်ထဲမှာပဲနေပါ။

(၁၀) ခြေလှမ်းတိုင်းကို ဂရုစိုက်ပါ
သင်ဟာ အချိန်ပြည့် သတိကပ်နေရမှာဖြစ်ပြီး မိုးရေထဲပြေးမယ်ဆိုရင် ပိုလို့တောင် ဂရုစိုက်ဖို့လိုပါတယ်။ ခြေလှမ်းစိပ်စိပ်လေးပြေးဖို့လိုပြီး ချော်မလဲအောင် ဂရုစိုက်ပါ။ မိုးရေထဲပြေးတာကြောင့် ဖိနပ်ရော၊ ခြေအိတ်မှာပါ ရေတွေအနည်းနဲ့ အများစိုမှာဖြစ်ပေမဲ့ ပိုပြီး ရေစိုစေတဲ့ ရေအိုင်ငယ်၊ ရွှံ့အိုင်ငယ်တွေထဲ ခြေမချမိအောင်တော့ ဂရုစိုက်ပါ။

(၁၁) ရေစိုအဝတ်အစားတွေကို ချက်ချင်းလဲပါ
ဒီအတွက် အင်္ကျီအပိုယူလာခဲ့ပါ။ ပြေးပြီးတာနဲ့ ရေစိုအဝတ်အစားတွေကို ချက်ချင်းလဲဖို့လုပ်ပါ။ မဟုတ်ရင် ခန္ဓာကိုယ်အပူချိန် အလွန်အမင်း ကျဆင်းပြီး ဖျားနာတတ်ပါတယ်။ အဝတ်အပိုတွေ ထည့်လာတဲ့အိတ်ကလည်း ရေစိုခံ ဖြစ်ဖို့လိုပါတယ်။

(၁၂) ခြေအိတ်အပိုယူသွားပါ
အင်္ကျီအပိုအပြင် ခြေအိတ်အပိုလည်း ပြန်လဲဖို့ ယူသွားပါ။ မဟုတ်လည်း ဖိနပ်အခြောက်တစ်ရန် အပိုယူသွားပါ။

(၁၃) ဖိနပ်ကိုပြန်အခြောက်ခံပါ
မိုးရေထဲ ပြေးထားလို့ ရေစိုနေတဲ့ အားကစားဖိနပ်ထဲကို သတင်းစာ အခြောက်၊ စက္ကူအခြောက်တွေကို လုံးပြီး ထိုးထည့်ထားလိုက်ပါ။ ဒါဟာ ဖိနပ်ပုံစံ မပျက်စေဖို့နဲ့ အစိုဓာတ်တွေကို စုပ်ယူသွားစေပါတယ်။ အဝတ်အခြောက်ခံစက်ထဲကို ရေစိုနေတဲ့ ဖိနပ် မထည့်ပါနဲ့၊ ပုံပျက်သွားစေနိုင်ပါတယ်။

မိုးရာသီမှာ အားကစားမလုပ်နိုင်ခဲ့ရင် –
– မိုးရာသီမှာ လူအတော်များများ အားကစားမလုပ်ဖြစ်တာတွေ့ရပါတယ်။ မိုးအေးလို့ဆိုတာတစ်ကြောင်း၊ ပျင်းတာ တစ်ကြောင်း၊ အကြောင်း မျိုးစုံကြောင့် အားကစားခန်းမကို မသွားဖြစ်တတ်ကြပါဘူး။
– သင်အားကစား အပြင်းအထန် လုပ်ဖို့ စိတ်မပါဘူးဆိုရင်တောင် အားကစားခန်းမမှာ Zumba၊ Cardio Class တွေ သွားကစားပါ။
– အားကစား မလုပ်ဖြစ်ဖူးဆိုရင် Fit ဖြစ်နေဖို့ အဓိက ကတော့ စားစရာနဲ့ ထိန်းပါ။
– နံနက်စာ များများစားပြီး ညစာလျှော့စားပါ။ အသီးအနှံများများနဲ့ ပရိုတင်းစားပြီး အဆီ၊ အအိမ့်တွေ လျှော့စားပါ။ ဝမ်းအလွယ်တကူ မပျက်အောင် ပရိုဘိုင်အိုတစ်ဆေးကို မှီဝဲပေးပါ။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *