သင့်ကျန်းမာရေးဒေါင်ဒေါင်မြည်နေတုန်းလား

ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ ကျန်းမာနေပါမှ စိတ် ပျော်ရွှင်ပြီး မိမိလုပ်ချင်တာတွေကို စိတ်ချလက်ချပြုလုပ်နိုင်မှာမို့ လူတိုင်းက ကျန်း မာရေးကောင်းမွန်တာကို လိုချင်ကြပါတယ်။
ကျန်းမာရေးကောင်းနေဖို့က အစားအသောက်ကို ချင့်ချိန်ပြီးစားတတ်ဖို့၊ အရာရာကို အကောင်းဘက်က မြင်ကြည့်တတ်ပြီး စိတ်အေးချမ်းစွာ နေတတ်ဖို့ နဲ့ လေ့ကျင့်ခန်းကို ပုံမှန် အသင့်အတင့် ပြုလုပ်နေဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ အများစုက အိမ်အလုပ်၊ ရုံးအလုပ်၊ မိသားစုကိစ္စတွေနဲ့ လုံးပန်း နေကြရတဲ့အတွက် လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်ကြပါဘူး။
လေ့ကျင့်ခန်း မပြုလုပ်ထားတာကြောင့် သင့်ကျန်းမာရေး မကောင်းမှာ စိုးရိမ်နေပါသလား။ အခုဖော်ပြပေးမယ့်လက္ခဏာတွေကတော့ သင် ကျန်းမာရေး ကောင်းနေသေးကြောင်းကို ဖော်ပြနေတာမို့ သင်ကိုယ်တိုင် စစ်ဆေးကြည့်ပါ။

ဆံပင်နှင့် လက်သည်းခြေသည်း
သင်ရဲ့ဆံသားက နှစ်ခွဖြစ်တာ၊ ကျိုးလွယ်တာ၊ မွဲခြောက်ခြောက်ဖြစ်တာ၊ ဆံသားခြောက်သွေ့တာနဲ့ ဆံပင်အကျွတ်များတာတွေမရှိဘူးဆိုရင် သင့်ကျန်းမာ ရေးကကောင်းမွန်တယ်လို့ ဆိုရမှပါ။
လက်သည်းခြေသည်းကိုလည်း ကြွပ်ဆတ်ဆတ်ဖြစ်နေလား၊ အဖတ်တွေ ကွာကျနေသလား၊ မာကျောပြီး ခြောက်သွေ့နေသလား(ရေအသောက်နည်းတဲ့ လက္ခဏာပါ)ဆိုတာကို စစ်ဆေးကြည့်ပါ။
ဒီလက္ခဏာတွေရှိနေရင်တော့ သင့်မှာ ကျန်းမာရေးပြဿနာရှိနေနိုင် တာမို့ လျစ်လျူရှုမထားသင့်ပါဘူး။

မျက်စိ
ကျန်းမာစွာ အသက်ရှင်နေဖို့ မျက်လုံးတစ်စုံ ကျန်းမာဖို့ကလည်း အရေး ကြီးပါတယ်။ သင်ရဲ့ ကျောက်ကပ်၊ အသည်း၊ အဆုတ်နဲ့ သွေးကြောတွေမှာ ပြဿ နာ ရှိ မရှိ သိရှိနိုင်ဖို့ မျက်လုံးရဲ့ အဖြူရောင်အစိတ်အပိုင်းကို စစ်ဆေးရပါမယ်။ မျက်လုံးအဖြူသားက အဖြူရောင်တောက်တောက် ဒါမှမဟုတ် ကြက်ဥ အခွံအ ရောင် ဖြစ်နေရပါမယ်။ အဲဒီနေရာမှာ သွေးကြောတွေကို မြင်နေရမှာ မဟုတ်ရသ လို ခြောက်သွေ့နေတာ၊ နီရဲနေတာနဲ့ အဝါရောင်ဖြစ်နေတာတွေလည်း မရှိရပါ ဘူး။ ဒီထဲက တစ်ခုခုရှိနေရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နေပြီဖြစ်တဲ့ အတွက် ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင်ပါ။

ကျန်းမာရေးနှင့်ညီညွတ်သော BMI
BMI ဆိုတာက မိမိအရပ်နဲ့လိုက်ပြီး ကိုယ်အလေးချိန်ကို တိုင်းတာထား တဲ့ အချိုးအစားပါ။ ကျန်းမာရေးကောင်းသူတွေရဲ့ BMI က ၁၈.၅ မှ ၂၄.၉ အ တွင်းရှိနေရပါမယ်။ BMI ၁၈.၅ ထက် လျော့နည်းသူတွေက ပေါင်မပြည့်သူတွေ ဖြစ်ကြပြီး BMI ၂၅ ထက်ကျော်ပြီး ၃၀ အောက်ရှိသူတွေက အဝလွန်သူတွေ ဖြစ်ကြပါတယ်။

BMI တွက်နည်း
ကိုယ်အလေးချိန်(ပေါင်)
BMI = —————————x ၇၀၃
အရပ်အမောင်း(လက်မ)၂
ဥပမာ – ကိုယ်အလေးချိန် ၁၄၀ ပေါင်၊ အရပ်က ၅ ပေ ၄ လက်မရှိရင်
၁၄၀
BMI = —————————x ၇၀၃ = ၂၄
၆၄ x ၆၄

ကြွက်သားကျန်းမာရေး
လူတစ်ယောက် ကျန်းမာတယ် မကျန်းမာဘူးဆိုတာကို ကိုယ်အလေးချိန် တစ်မျိုးတည်းနဲ့ တိုင်းတာလို့တော့ မရနိုင်ပါဘူး။ ကိုယ်ခန္ဓာအချိုးအစားမျှတမှုက ပိန်ပြီး သေးသွယ်တာထက် ပိုပြီးအရေးကြီးပါတယ်။ အပေါ်ပိုင်းကြီးပြီး အောက် ပိုင်းရှူးနေတာ၊ ပိန်ပေမယ့် ခါးမရှိဘဲ ဗိုက်ပူနေတာ၊ ရှိုက်ကုန်းလေးဖြစ်နေတာ ကြောင့် ခါးနောက်ကျောရိုးပြဿနာဖြစ်ပြီး အရိုးနဲ့ ကြွက်သားတွေ ပျက်စီးနိုင်ပါတယ်။

အိမ်သာသွားသည့် အကြိမ်ပေါင်း
သင့်ခန္ဓာကိုကိုယ်က ပုံမှန်အတိုင်း အလုပ်လုပ်နေသလားကို သိရှိနိုင်ဖို့ သင် တစ်နေ့အတွက် အိမ်သာသွားတဲ့ အကြိမ်အရေအတွက်ကို သတိထားပြီးကြည့် ဖို့လည်း လိုအပ်ပါတယ်။
သင်ရဲ့ ဆီးအရောင်က အဝါရောင်ဖျော့ဖျော့ဖြစ်ရမှာဖြစ်ပြီး ဝမ်းကအရည် သွားရမှာ မဟုတ်ပါဘူး။ ဆီးအသွားများတာ၊ ဆီးအရောင်ပြောင်းတာ၊ ဝမ်းအရည် သွားတာ၊ ဝမ်းသွားတဲ့ အကြိမ်ပေါင်းများနေတာက သင့်ကျောက်ကပ် ဒါမှမဟုတ် အူမကြီးမှာ ပြဿနာတက်နေတဲ့လက္ခဏာပါ။

အိပ်စက်မှုပုံစံ
သင် အိပ်ရာဝင်အပြီး မိနစ် ၂၀ အတွင်းမှာ အိပ်မပျော်ခဲ့ရင် ဒါမှမဟုတ် အိပ်ချိန်က ၆ နာရီထက် နည်းနေရင် ဒါမှမဟုတ် ၁၀ နာရီကျော်နေရင် အိပ်စက်မှု ပုံစံမမှန်တော့ပါဘူး။ ညအိပ်နေရင်း မကြာခဏနိုးနေတာ ဒါမှမဟုတ် အိပ်ရေးမဝဘဲ အိပ်ရာက ထနေရသလို ဖြစ်နေတာက အိပ်စက်မှုနဲ့ဆိုင်တဲ့ ပြဿနာကြောင့်ပါ။
အိပ်စက်မှု ပြဿနာကြောင့် ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေ ဖြစ်လာနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

ကြံ့ခိုင်မှု အခြေအနေ
ကိုယ်ခန္ဓာကြံ့ခိုင်မှု ရှိ မရှိ ဆိုတာကို စစ်ဆေးကြည့်ဖို့ကလည်း အရေးကြီး ပါတယ်။ သင့်အနေနဲ့ အခက်အခဲမရှိဘဲ ပုံမှန်လှုပ်ရှားမှုတွေကို နှစ်နာရီခွဲလောက်၊ အေရိုးဗစ်လေ့ကျင့်ခန်းကို ၁၀ မိနစ်လောက် ပြုလုပ်နိုင်ရင် Push Up လေ့ကျင့် ခန်းကို ဆက်တိုက် ၁၀ ကြိမ် ပြုလုပ်နိုင်ရင်၊ မတ်တတ်ရပ်တဲ့အနေအထားမှာ ဒူး ခေါင်းဆန့်ထားပြီး သင့်လက်နဲ့ ခြေချောင်းတွေကို အခက်အခဲမရှိဘဲ ထိနိုင်ရင် သင့်ကြံ့ကြံ့ခိုင်မှုအခြေအနေက ကောင်းမွန်ပါတယ်။

ကိုယ်တွင်းက အနံ့ဆိုးထွက်ခြင်း
သင်က ပုံမှန်ရေချိုးနေပေမယ့် သင့်အဝတ်အစားတွေကို လျှော်ဖွပ်ပြီး ဝတ်နေပေမယ့် သင့်ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေရင် အနံ့အသက်ပျောက် ဆေးနဲ့ ဖုံးအုပ်နေမယ့်အစား ဆရာဝန်နဲ့သာ ဆွေးနွေးလိုက်ပါ။ ကိုယ်တွင်းက အနံ့ဆိုးတွေ ထွက်နေတာက ကျန်းမာရေးပြဿနာရှိနေတာကြောင့်ပါ။

စွမ်းအင်အဆင့်
လူတစ်ယောက် ကျန်းမာမှု ရှိ မရှိ က သူ့မှာရှိတဲ့ စွမ်းအင်အဆင့်ကို ကြည့်ရှုတာနဲ့လည်း သိရှိနိုင်ပါတယ်။ ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်က တစ်နေ့တာလုံးအတွက် စွမ်းအင်အပြည့်အဝရှိနေပြီး သူလုပ်ရမယ့် လုပ်ရပ်အပေါ် အာရုံစူးစိုက်ကာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။

သွေးလှည့်ပတ်မှု
ကိုယ်တွင်း သွေးလှည့်ပတ်မှုကောင်းမွန်နေတာက ကျန်းမာရေးအခြေ အနေကောင်းမွန်တဲ့လက္ခဏာပါပဲ။ သင့်သွေးကြောတွေကျန်းမာပြီး သွေးကြောအ တွင်း သွေးခဲဖတ်တွေ၊ သွေးခဲတုံးတွေ ပိတ်ဆို့မှုမရှိဘူးဆိုရင် ခန္ဓာကိုယ်အစိတ် အပိုင်းအားလုံးက အောက်ဆီဂျင် လုံလုံလောက်လောက် ရရှိသွားပါမယ်။
သင့်မှာ ထုံတာကျဉ်တာ၊ ကြွက်တက်တာ ဒါမှမဟုတ် ခေါင်းကိုက်တာတွေ မရှိဘူးဆိုရင် သင်ရဲ့ သွေးလှည့်ပတ်မှုက ကောင်းမွန်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
သင်က အထက်ဖော်ပြပါတွေကို စစ်ဆေးကြည့်ပြီးလို့ အားလုံးအိုကေ တယ်ဆိုရင် သင့်ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေတုန်းပါ။
ဒါပေမဲ့ ကျန်းမာရေး ဆက်လက်ကောင်းနေဖို့ ကိုယ်ကာယလှုပ်ရှားမှုကို ပုံမှန် ပြုလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ အခြေအနေမပေးလို့ အားကစားခန်းမ ကို မသွားနိုင်ရင်တောင် အိမ်ပြင်ထွက်ပြီး လမ်းလျှောက်တာ၊ ရေကူးတာမျိုးတွေကို ပြုလုပ်ပေးပါ။

♥ ဒေါက်တာခင်မိုးမိုး

(လွယ်ကူစစ်ဆေး သင့်ကျန်းမာရေးစာအုပ်မှ)

Post Author: Good Health Journal