ဗီတာမင် D ချို့တဲ့နိုင်ပါသလား

♦ ဗီတာမင် D ဘာကြောင့် လိုအပ်သလဲ
သင့်အူက ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်စ်လိုမျိုးသတ္တုဓာတ်ကို စုပ်ယူနိုင်ဖို့ ခန္ဓာ ကိုယ်က ဗီတာမင် D ကို အသုံးပြုရပါတယ်။ ဗီတာမင် D က အရိုးနဲ့ သွားကို သန်မာ စေနိုင်ပါတယ်။ ကြွက်သား၊ အာရုံကြောနဲ့ ခုခံအားစနစ်ကိုလည်း အထောက်အပံ့ပေးပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်က အရေပြားပေါ် ကျရောက်တာ၊ ကြက်ဥ၊ အဆီများတဲ့ငါးနဲ့ ဗီတာမင်အားဖြည့်ထားတဲ့ နွားနို့နဲ့ ကွေကာတွေကို စားသုံးတာကနေ ရရှိနိုင်ပါတယ်။
♦ ဘယ်သူတွေက ဘာကြောင့် ဗီတာမင် D ပိုလိုအပ်ပါသလဲ
– သင့်ခန္ဓာကိုယ်က နေရောင်ခြည်ကို လုံလုံလောက်လောက် မရရှိခဲ့ရင်
– သင်က သက်သတ်လွတ်စားတာ ဒါမှမဟုတ် နို့နဲ့ နို့ထွက်ပစ္စည်းကို မစားသုံးတာ ကြောင့် အစားအစာမှ ဗီတာမင် D မရရှိခဲ့ရင်
– ခန္ဓာကိုယ်က ဗီတာမင် D ကို ကောင်းကောင်းမစုပ်ယူနိုင်တာ ဒါမှမဟုတ် ကုန်ဆုံး နှုန်းမြန်ဆန်တာတွေကြောင့်ပါ။
လူမည်းတွေက လူဖြူတွေထက် ဗီတာမင် D ပိုပြီးချို့တဲ့နိုင်ပါတယ်။ အသား ရောင်ရင့်တာက နေရောင်ခြည်ကို သဘာဝကာကွယ်နိုင်စွမ်းရှိတာကြောင့်ပါ။သူတို့ တွေက ဗီတာမင် D ပြုလုပ်နိုင်ဖို့ နေရောင်နဲ့အချိန်ကြာကြာ ထိတွေ့ဖို့လိုအပ်ပါ တယ်။ ဒါပေမဲ့သူတို့တွေမှာ ဗီတာမင် D ချို့တဲ့တာကြောင့် ဖြစ်တတ်တဲ့ အရိုးအား နည်းတာ၊ လိမ့်ကျတာနဲ့ အရိုးကျိုးတာ အဖြစ်နည်းပါတယ်။
အောက်ပါအုပ်စုတွေကလည်း ဗီတာမင် D ချို့တဲ့နိုင်ပါတယ်။
-မီးယပ်သွေးဆုံးပြီးသူ
-စတီးရွိုက်ဆေးဝါးကို ရေရှည် မှီဝဲထားရသူ
-အသက်ကြီးသူ၊ ဘိုးဘွားရိပ်သာမှာနေရသူ၊
-ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်
-နာတာရှည်ကျောက်ကပ်ရောဂါရှိသူ
-ပါရာသိုင်းရွိုက်ရောဂါရှိသူ
– အဝလွန်သူ
♦ ဗီတာမင် D ချို့တဲ့တာက အနာကျက်နှေးတာနဲ့ ဆက်စပ်မှုရှိပါတယ်။
ဗီတာမင် D ချို့တဲ့သူတွေက အနာကျက်နှေးတတ်ပါတယ်။ မီးလောင်ဒဏ်ရာ ရသူတွေမှာပိုပြီး သိသာပါတယ်။
မီးလောင်ဒဏ်ရာနဲ့ တခြားအနာရှိသူတွေကို အနာကျက်မြန်အောင် ဗီတာမင် D အားဖြည့်ဆေးတိုက်ကျွေးတာက ထိရောက်မှုရှိလားဆိုတာကို သုတေသန ပြုလုပ် နေကြပါတယ်။
♦ ဗီတာမင် D ချို့တဲ့တာက အရိုးပါးတာနဲ့ဆက်စပ်မှု ရှိပါတယ်။
အသက် ၆၀ နဲ့ ၇၀ ကြား အမျိုးသမီး သုံးပုံတစ်ပုံနဲ့ အသက် ၈၀ ကျော်အမျိုးသမီး သုံးပုံနှစ်ပုံက အရိုးပွရောဂါ ရရှိနေကြပါတယ်။ ဗီတာမင် D ချို့တဲ့တာကြောင့် ခန္ဓာ ကိုယ်ကအရိုးသန်မာအောင် သူ့ကို လွယ်လွယ်အသုံးမပြုနိုင်တာကြောင့်ပါ။
အရိုးထဲမှာ ပိုးပေါက်လေးတွေဖြစ်ပေါ်လာပြီး ပွရောင်းရောင်းဖြစ်နေတာမို့ အ လွယ်တကူ အရိုးကျိုးနိုင်ပါတယ်။
♦ ဗီတာမင် D ချို့တဲ့တာက ကြွက်သားနာကျင်တာနဲ့ ဆက်စပ်မှုရှိပါတယ်။
ကြွက်သားနဲ့အရိုးနာကျင်တာနဲ့ အားနည်းတတ်သူတွေမှာ ဗီတာမင် D ချို့တဲ့ တတ်ပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေက ကြွက်သားအားနည်းတာကြောင့် လိမ့်ကျနိုင်ခြေများပြီး အရိုးကျိုးနိုင်ပါတယ်။ အရိုးနာကျင်တာကို သတိထားမိရင် ဆရာဝန်နဲ့ပြပါ။ ဗီတာမင် D အားဖြည့်ဆေးပေးတာ ဒါမှမဟုတ် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာတွေ ပြုလုပ်နိုင်ပါတယ်။
♦ ဗီတာမင် D ချို့တဲ့တာက အရိုးကောက်ရောဂါ Osteomalacia နဲ့ ဆက်စပ်မှုရှိပါတယ်။
ဗီတာမင် D ချို့တဲ့တာကြောင့် ကလေးတွေမှာ Rickets ဖြစ်သလို လူကြီးတွေ မှာ Osteomalacia ဖြစ်ပါတယ်။ လူကြီးတွေမှာ အရိုးကြီးထွားမှု ရပ်တန့်သွားပေမယ့် အရိုးသန်မာဖို့နဲ့ ပြန်လည်ပြုပြင်နိုင်ဖို့ ဗီတာမင် D က လိုအပ်နေဆဲပါ။ အချိန်အကြာ ကြီး ဗီတာမင် D ချို့တဲ့နေတာကြောင့် အရိုးပျော့ပြီးကျိုးနိုင်ပါတယ်။ အထူးသဖြင့် တင်ပဆုံအရိုးပါ။

♦ ဗီတာမင် D ချို့တဲ့တာက အရိုးပျော့ရောဂါ Rickets နဲ့ ဆက်စပ်မှုရှိပါတယ်။
၁၈ ရာစုနှစ်လောက်က မြို့နေလူတန်းစားတွေထူထပ်တာမို့ နေရောင်ခြည်ရရှိဖို့ အခွင့်အလမ်း သိပ်မရရှိခဲ့ကြပါဘူး။ ဒါ့ကြောင့် အဲဒီအချိန်က ကလေးတွေမှာ ဗီတာမင် D အလွန်ချို့တဲ့ကြတာကြောင့် အရိုးပျော့ပြီး ကြီးထွားမှုတုံ့ဆိုင်းကာ အရိုးပုံပန်းပျက် နေတတ်ပါတယ်။ နေရောင်ခြည်များများခံယူတာနဲ့ ဗီတာမင် D အားဖြည့်စာတွေ စား တာကြောင့် ရောဂါရပ်တန့်နိုင်ပါတယ်။ ဒါပေမဲ့ ဗီတာမင် D ချို့တဲ့လွန်းတဲ့ မိခင်က မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ အရိုးပျော့ရောဂါ ရရှိနိုင်ပါသေးတယ်။
♦ ဗီတာမင် D ချို့တဲ့တာက တစ်ခြားကျန်းမာရေးနဲ့ ဆက်စပ်မှုရှိပါတယ်။
ဗီတာမင် D ပမာဏက ဆီးချိုသွေးတိုးနဲ့ တစ်ချို့ကင်ဆာ အမျိုးအစားပေါ် သက်ရောက်မှုရှိတယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ သိပ္ပံပညာရှင်တွေက ဗီတာမင် D နဲ့ နာတာရှည်ရောဂါ ဆက်စပ်မှုကို လေ့လာမှု ဆက်လုပ်နေကြပါတယ်။
♦ ဗီတာမင် D ချို့တဲ့တာက မိခင်နို့တိုက်ကျွေးတဲ့ကလေးငယ်တွေမှာပါ ဗီတာမင် D ချို့ တဲ့တာနဲ့ ဆက်စပ်မှုရှိပါတယ်။
မိခင်ဖြစ်သူက ဗီတာမင် D အားဖြည့်ဆေးမှီဝဲပါမှ သူ့နို့ရည်မှာ ကလေးအတွက် ဗီတာမင် D ပါဝင်မှုလုံလောက်မှာပါ။ မိခင်နို့စို့ရတဲ့ကလေးငယ်တွေက ဗီတာမင် D နေ့စဉ် 400 IU ထပ်မံရရှိဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
♦ ဗီတာမင် D ချို့တဲ့တာက အူမကြီးပြဿနာနဲ့ ဆက်စပ်မှုရှိပါတယ်။
ခန္ဓာကိုယ်က ဗီတာမင် D ကို အသုံးပြုဖို့အဆီကို လိုအပ်ပါတယ်။ အူမကြီးရောင် ရမ်းရောဂါရှိသူတွေက အဆီကို စုတ်ယူနိုင်ဖို့ ခက်ခဲမှုရှိပါတယ်။ ဆိုလိုတာက ဒီရောဂါ ရှိသူတွေက ဗီတာမင် D ကို ပိုပြီးလိုအပ်ပါတယ်။
♦ ဗီတာမင် D ချို့တဲ့တာက အစာအိမ်ခွဲစိတ် ဖြတ်တောက်ထားရသူတွေနဲ့ဆက်စပ်မှု ရှိပါ တယ်။
ရောဂါကြောင့် အစာအိမ် ဒါမှမဟုတ် အူကို ခွဲစိတ်ဖြတ်တောက်ထားရသူတွေက ဗိုက်ပြည့်တင်းမှု မြန်ဆန်ပြီး ကယ်လိုရီ အနည်းငယ်သာရရှိကြပါတယ်။ ခွဲစိတ်ကုသမှု ခံယူအပြီး ဗီတာမင် B12၊ ကော့ပါး၊ ဇင့်၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ကို စုတ်ယူ နိုင်ဖို့ခက်ခဲသွားပါတယ်။ ဒီလိုလူမျိုးတွေက ဗီတာမင် D အားဖြည့်ဆေးမှီဝဲဖို့ လိုအပ် ပါတယ်။
♦ ဗီတာမင် D ချို့တဲ့တာက အဝလွန်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။
သင့်ရဲ့ BMI ကိုယ်အလေးချိန်နဲ့ အရပ်အနေ အချိုးအစားက ၃၀ ထက်ပိုများ နေရင် သင့်ရဲ့ဗီတာမင်ပမာဏက အဝမလွန်သူတွေထက် လျော့နည်းနိုင်ပါတယ်။ သင့်အရေပြားက ဗီတာမင် D ကို လျှော့ပြီးထုတ်လုပ်တာကြောင့် မဟုတ်ပါဘူး။ အရေ ပြားအောက်က အဆီတွေက ဗီတာမင် D ကို ယူသိမ်းထားပြီး သွေးထဲကို ပို့လိုက်တာ ကြောင့်ပါ။
♦ သင့်ကိုယ်ထဲကဗီတာမင် D ပမာဏကို စစ်ဆေးပါ။
သွေးဖောက်ပြီး သင်ကိုယ်တွင်းမှာရှိတဲ့ ဗီတာမင် D ပမာဏကို စစ်ဆေးနိုင်ပါ တယ်။ သင်က အိမ်ပြင်မထွက်သူဖြစ်ရင်၊ နေရောင်နဲ့ထိတွေ့ရပေမယ့် နေရောင်ကာ လိမ်းဆေးကို အသုံးပြုထားသူဖြစ်ရင် ဒါမှမဟုတ် အရိုးနာတာ၊ ကြွက်သားနာတာ၊ အ ရိုးပွတာဖြစ်နေရင် သင့်ကိုယ်တွင်းမှာရှိတဲ့ ဗီတာမင် D ပမာဏကို စစ်ဆေးကြည့်ရပါ မယ်။
သင်က ဗီတာမင် D ချို့တဲ့နေရင် အားဖြည့်ဆေး မှီဝဲနိုင်ပါတယ်။ အလွန်အကျွံ တော့ မမှီဝဲသင့်ပါဘူး။ အဆိပ်ဖြစ်နိုင်တာကြောင့်ပါ။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal