Single Life က ကျန်းမာရေးအပေါ် သက်ရောက်နိုင်လား

ယနေ့ခေတ်မှာ တစ်ကိုယ်တည်း နေတဲ့သူတွေများသထက်ပိုများလာပါတယ်။ အမေရိကသုတေသနရဲ့ လေ့လာတွေ့ရှိချက်အရ အသက်အရွယ်တိုင်းမှာလိုလို တစ်ကိုယ်တည်းနေတဲ့ လူဦးရေဟာ အိမ်ထောင်ပြုတဲ့ လူဦးရေထက် များနေတာကို တွေ့ရှိခဲ့ပါတယ်။ နှစ်ဆယ့်တစ်ရာစုမှာ အနှောင်အဖွဲ့ကင်းကင်းနဲ့ တစ်ကိုယ်တည်း ကျန်းကျန်းမာမာ၊ ချမ်းချမ်း သာသာနေသွားဖို့ရွေးချယ်သူတွေ များလာတယ်လို့ ဆိုပါတယ်။

အိမ်ထောက်မပြုသူတွေကို လေ့လာကြည့်မယ်ဆိုရင် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကတော့ ဒွန်တွဲနေမှာ ဖြစ်ပါတယ်။ ဆိုးကျိုးတွေအနေနဲ့ကတော့ အိမ်ထောင်ရှိတဲ့ သူငယ်ချင်း၊ မိတ်ဆွေ တွေကြားထဲမှာ သင်က Third Wheel တို့၊ Fifth Wheel တို့လို ဖြစ်နေရတတ်ပါတယ်။ သင်ဟာ ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘဲ ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်ပြီး အားလပ်ချိန်နဲ့ လွတ်လပ်မှု ပိုများများ ပိုင်ဆိုင်နေရသော်လည်း သင်နေမကောင်းတဲ့အခါ ပြုစုဖို့၊ သင့်အိမ်အတွင်း ပျက်သွားတဲ့ ပစ္စည်းတွေ ပြင်ဖို့၊ စနေနေ့ ညဘက်ထွက်လည်ဖို့ စတာတွေအတွက် ဘယ်သူမှ မရှိသလို ဖြစ်နေတတ်ပါတယ်။

လူတိုင်းက အိမ်ထောင်ပြုရမယ်လို့တော့ မဆိုလိုပါဘူး။ အိမ်ထောင်ပြုပြီး ပျော်ရွှင်ရတဲ့သူတွေက နာတာရှည်ရောဂါ တွေအဖြစ်နည်းပြီး တစ်ကိုယ်တည်း သမားတွေထက် ကျန်းမာရေး ကောင်းနိုင်တယ်လို့ ဆိုပေမဲ့ လူတချို့ကတော့ တစ်ကိုယ်တည်းဘဝကို ဖြတ်သန်းရမှ သူတို့ အတွက် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ဖြစ်ကြတာလည်းရှိပါတယ်။

ဘာကြောင့် တစ်ကိုယ်တည်းနေဖို့ ရွေးချယ်ဖြစ်ကြလဲဆိုတာကို လေ့လာ ကြည့်တဲ့အခါ –

(၁) တစ်ကိုယ်တည်းနေဖို့ဆိုတာ လူတစ်ယောက်အတွက် စိမ်ခေါ်မှုတစ်ရပ်ပါ။ တစ်ကိုယ်တည်းနေတဲ့သူတွေဟာ Relationship ရှိသူတွေလို သူတို့လိုအပ်တဲ့ အကူအညီ၊ ပြသနာတွေအတွက် လက်တွဲဖော်ကို အားမကိုးဘဲ ကိုယ့်အား ကိုယ်ကိုးတတ်သွားပါတယ်။ သင်ဟာ အနှောင်အဖွဲ့ကင်းတာကြောင့် အဆင်မပြေတဲ့ Relationship ကနေ စိတ်ဖိစီးမှု ဒဏ်လည်း ရလာမှာ မဟုတ်တော့ပါဘူး။

(၂) လက်တွဲဖော်ရဲ့ ဆုံးဖြတ်ချက်မလိုဘဲ သင်လုပ်ချင်တဲ့အလုပ်ကို ကြိုက်တဲ့နိုင်ငံမှာ သွားရောက်လုပ်ကိုင်နိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်မှာ အောင်မြင်မှုနဲ့ နပန်းလုံးနေရပြီး တစ်သက်လုံး တစ်ကိုယ်တည်းဖြစ်သွားမှာလို့လည်း ယူဆလို့ မရပြန်ပါဘူး။ ထက်မြက်တဲ့ အမျိုးသမီးတွေဟာ အသက်ကြီးမှ အိမ်ထောင်ပြုကြတာများတယ်လို့ သုတေသီတွေက ဆိုပါတယ်။

(၃) နောက်ပြီး သင့်ကိုယ်သင် ပိုပြီး ဂရုစိုက်ဖြစ်လာပါတယ်။ လက်တွဲဖော် ရှိသူတွေမှာတော့ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်မယ်ဆိုတိုင်း သူတို့ရဲ့ လက်တွဲဖော်ကိုပါ ထည့်စဉ်းစားရတာ၊ ညှိနှိုင်းတိုင်ပင်ရတာတွေ ရှိပေမယ့် တစ်ကိုယ်တည်းသမားတွေကတော့ သူတို့အကြောင်း သူတို့ အသိဆုံးဖြစ်ပြီး သူတို့ရဲ့ လိုအပ်ချက်၊ ရည်မှန်းချက် စတာတွေကို ပိုပြီး အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

(၄) လေ့လာမှုတစ်ခုမှာဆိုရင် တစ်ကိုယ်တည်းသမားတွေနဲ့ အိမ်ထောင်ကွဲထားသူတွေဟာ အိမ်ထောင်ရှိသူတွေထက်ပိုပြီး စွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါကလည်း လက်တွဲဖော် မရှိသူတွေဟာ သူတို့ ခန္ဓာကိုယ်ကို ပိုပြီးဂရုစိုက်ဖြစ်တာကြောင့်ဖြစ်ပါတယ်။

(၅) နောက်ပြီး တစ်ကိုယ်တည်းသမားတွေဟာ ပိုပြီး ကောင်းမွန်တဲ့ အိပ်စက်မှုကိုရကြပါတယ်။

(၆) နေ့စဉ်နေ့တိုင်းမှာ သင့်ကိုယ်ပိုင် အချိန်ဇယားနဲ့ ကိုက်ညီအောင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။ သင်တက်ချင်တဲ့ အတန်းချိန်တွေလည်း တက်နိုင်ပြီး ဝါသနာပါတဲ့အရာတွေ အတွက်လည်း အချိန်ပေးနိုင်ပါမယ်။

(၇) လက်တွဲဖော်ရှိသူတွေကတော့ အချင်းချင်းပဲ တွေ့ကြတာများပြီး ဆွေမျိုး အပေါင်းအသင်းတွေနဲ့ ပိုပြီးဝေး ကွာလာကြတာ တွေ့ရပါတယ်။ တစ်ကိုယ်တည်းသမားတွေကတော့ မိဘ၊ မောင်နှမ၊ ဆွေမျိုးတွေနဲ့ ပိုပြီးထိတွေ့မှုများပြီး မိတ်ဆွေအပေါင်းအသင်းတွေ အတွက်လည်း အချိန်ပိုပေးနိုင်မှာ ဖြစ်ပါတယ်။

 

 ♥ #Darliko (Mahidol University) ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *