အသားဖြူဆေး ထိုးမယ်ဆိုရင် . . .

ဒီနေ့ခေတ်မှာ ရောဂါဝေဒနာတွေကုသဖို့ ဆေးရုံ၊ ဆေးခန်းတွေအပြင် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းဖို့ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ Aesthetic clinics တွေ လည်းရှိလာကြပါပြီ။ နောက်ပိုင်းမှာ ခေတ်စားလာတာကတော့ အသားဖြူဆေးတွေပါ။ အသားဖြူလိမ်းဆေး၊ သောက်ဆေးတွေအပြင် ထိုးဆေး တွေပါထွက်ပေါ်လာပါပြီ။ သတိပြုရမှာက ယနေ့ခေတ်ထဲမှာ လွန်ကျူးစွာ အာမခံချက်တွေပေးနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကလည်း စိုးရိမ်စရာပါ။ တရားဝင်ရော၊ တရားမဝင်ရော ထုတ်တဲ့ ဆေးတွေ ဈေးကွက်ထဲမှာ ရှိနေပါတယ်။
♥ မယ်လနင် ထုတ်လုပ်မှုကို လျှော့ချပေးတယ်
အသားဖြူဆေးတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ မယ်လနင်တွေထွက်တာကို လျှော့ကျစေဖို့ပါ။ အသားဖြူတဲ့သူတွေမှာ မယ်လနင်ရောင်ခြယ် ထုတ်လုပ်မှုက အလွန်နည်းပြီး အသားမည်းတဲ့သူတွေမှာ မယ်လနင်ရောင်ခြယ်ထုတ်လုပ်မှုများပါတယ်။ နေရောင်ခြည်နဲ့ အရေပြား ထိတွေ့တဲ့အခါမှာ မယ်လနင်ရောင်ခြယ် တွေထုတ်လုပ်မှုဖြစ်ပေါ်ပါတယ်။ ဒီမယ်လနင်ရောင်ခြယ်တွေက အရေပြားဆဲလ်တွေကို နေရောင်မှာပါတဲ့ UV-B ရောင်ခြည်ကြောင့်ဖြစ်နိုင်တဲ့ အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အဲဒီအခါမှာ အသားရောင်က မယ်လနင်ထုတ်လုပ်ပေးမှုပေါ်မူတည်ပြီး ညိုမည်းသွားပါတယ်။ အသားဖြူဆေးတွေအနေနဲ့ကတော့ ဒီမယ်လနင် ရောင်ခြယ်တွေ ထုတ်လုပ်မှုဖြစ်စဉ် (melanogenesis) ကို ဟန့်တားပေးဖို့ဖြစ်ပါတယ်။

♥ ဂလူတာသိုင်အုန်း ဆိုတာ –
အသားဖြူထိုးဆေးတွေရဲ့ မပါမဖြစ် အဓိကဇာတ်ကောင်ကတော့ ဂလူတာ သိုင်အုန်း (glutathione) ပါ။ ဒီဒြပ်ပေါင်းကို တီထွင်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးတွေ ဘယ်လိုရှိလဲ၊ သက်သေအထောက်အထား သုတေသနတွေ ဘယ်လိုရှိလဲ ဆိုတာတောင် တိတိကျကျ မသိရသေးဘဲ လပိုင်းအတွင်းမှာတင် ဒီဂလူတာ သိုင်အုန်း (glutathione injection) ဆေးကိုထိုးတဲ့ သူတွေအများအပြားရှိခဲ့ပါတယ်။
အများအားဖြင့် အာရှတိုက်၊ အာဖ ရိကနဲ့ အိန္ဒိယနိုင်ငံသားတွေ အသုံး ပြုလာကြပါတယ်။ ငွေကြေးဘယ်လောက်ပဲကုန်ပါစေ၊ အသားဖြူဆေး အလိုရှိတဲ့သူတွေရှိတာမို့ ဆေးကုမ္ပဏီတွေကလည်း ဂလူတာသိုင်အုန်းထိုးဆေးတွေ (glutathione injection) ကို တီထွင်ပြီး အရေပြားဆရာဝန်တွေဆီ စတင်ထိုးဖောက် ဝင်ရောက်လာခဲ့ပါတယ်။ ဒီဆေးတွေ ထိုးပေးမယ့် ဆရာဝန်တွေအနေနဲ့ ဂလူတာသိုင်အုန်း ဆေးရဲ့အာနိသင် (efficacy)၊ ဆေးရဲ့ ဖြစ်စဉ် (mechanism)၊ ခန္ဓာကိုယ်တွင်း အကျိုးသက်ရောက်ပုံ (pharmacokinetics)၊ ဘေးကင်းမှုရှိမရှိ (safety profile) စတာတွေကို ကျွမ်းကျင်နားလည် ထားရပါမယ်။
ဂလူတာသိုင်အုန်းအကြောင်းကို အကျဉ်းချုံ့ပြီး ပြောပြပေးပါမယ်။ လူ့အရေပြားမှာ မယ်လနင်ရောင်ခြယ် နှစ်မျိုးရှိပါတယ်။ ယူမယ်လနင် (black-brown colored eumelanin) နဲ့ ဖီရိုမယ်လနင် (yellow-red pheomelanin) တို့ဖြစ်ပါတယ်။ ဒီမယ်လနင် ရောင်ခြယ်တွေကပဲ အသားရောင်ကို သတ်မှတ်ပေးတာပါ။ အသားဖြူတဲ့ သူတွေမှာ ဖီရိုမယ်လနင် ပိုများပါတယ်။ ဂလူတာသိုင်အုန်းက အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်တာကြောင့် အရေပြားပေါ်မှာ ရောင်ခြယ်ဖြစ်စဉ် မြင့်မားစေတဲ့ တိုင်ရိုဆင်းနေ့စ်ရဲ့ လုပ်ဆောင်မှုကို ဟန့်တားပေးပါတယ်။

♥ ဂလူတာသိုင်အုန်း ထိုးဆေး
ဂလူတာသိုင်အုန်းအကြောဆေးကသောက်ဆေးထက်ပိုပြီး မြန်မြန် ဆန်ဆန်နဲ့ လိုချင်တဲ့ရလဒ်ကိုရနိုင်တယ်လို့ဆိုပါတယ်။ ဒီအကြောဆေး ဂလူတာသိုင်အုန်းက ပေါ်ခဲ့တာကြာပေမဲ့ သူ့ရဲ့အသားဖြူစေတဲ့ အာနိသင်ကို မှတ်တမ်းပြန်လည်ပြုစုထားတဲ့ သုတေသနတွေ တစ်ခုမှမရှိပါဘူး။ ဂလူတာသိုင်အုန်း အသားဖြူထိုးဆေး ထုတ်လုပ်တဲ့ ဆေးကုမ္ပဏီတွေ သတ်မှတ်ထားတဲ့ ပမာဏက ၆၀ဝ-၁၂၀ဝ မီလီဂရမ်ကို တစ်ပတ်လျှင် တစ်ကြိမ်မှနှစ်ကြိမ် ထိုးဖို့ပါ။ ဒီဂလူတာသိုင်အုန်းအကြောဆေးက အာနိသင်ပေးနိုင်တဲ့ဆေး ပမာဏအမြောက်အမြားကို ခန္ဓာကိုယ်တွင်းရောက်စေတာမှန်ပေမဲ့ သူ့အတွက် အန္တရာယ်ပေးနိုင်တဲ့ သွေးတွင်းဆေးပမာဏရောက်ဖို့က အလွန်နီးကပ်နေပါတယ်။

♥ ဘာတွေ သတိထားရမလဲ
အဓိကအနေနဲ့ကတော့ သင်အသုံးပြုမယ့် ဂလူတာသိုင်အုန်းအကြောဆေးက သန့်စင်မှုရှိဖို့ အလွန်အရေးကြီးပါတယ်။ အကြောထဲကိုတိုက်ရိုက် ထိုးသွင်းတာကြောင့် သူ့အပြင် သူနဲ့အတူ ပေါင်းစပ်ထားတဲ့ ဒြပ်ပေါင်းတွေ သန့်စင်မှု မရှိတဲ့အခါ၊ သက်ရောက်နိုင်တဲ့ ဆိုးကျိုးတွေများပါတယ်။ သင်နဲ့ဆေးဓာတ် မတည့်တဲ့အခါတွေမှာလည်း အရေးပေါ်အခြေအနေဖြစ်တဲ့ ရုတ်တရက် သွေးဖိ အားကျပြီးသွေးလန့်တာတွေဖြစ်နိုင် ပါတယ်။ လူအရေပြားက အသားခြောက် ကွဲတာ၊ ထိခိုက်ရှနာဖြစ်ရင်တောင် ပိုးဝင်နိုင်ပါတယ်။ ကြွက်သားထဲ၊ အကြောထဲကို ဆေးအမြဲထိုးသွင်းရတဲ့အခါ ရေရှည်မှာတော့ ပိုးဝင်ရောက်နိုင်နှုန်း မြင့်သွားပါတယ်။ ဒါ့အပြင် ဆေးထိုးအပ်က မသန့်ရှင်းရင်၊ ဆေးထိုးပေးတဲ့သူက ကျွမ်းကျင်မှုမရှိရင် ဒုက္ခပေးနိုင်တဲ့ပိုးတွေ တိုက်ရိုက်ဝင်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
သင့်ကိုထိုးပေးတဲ့ အသားဖြူ ဆေးတွေထဲမှာ ဘာတွေပါလဲဆိုတာ သင်သေချာမသိနိုင်သလို အဲဒီဆေးတွေ ဖြန့်ဖြူးရောင်းချနေသူတွေ ကိုယ်တိုင်လည်း သေသေချာချာ မသိနိုင်ပါဘူး။ ဆေးအတုတွေလည်းရှိနေတာကြောင့် ဈေးသက်သက်သာသာနဲ့ဝယ်လို့ရနေရင်လည်း သတိထားရပါမယ်။ အိန္ဒိယ နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ FDA တွေက မီဒီယာတွေမှာ ဂလူတာသိုင် အုန်း အသားဖြူထိုးဆေးတွေကို သတိထားဖို့ ကြေညာချက်တွေ ထုတ်ပြန်ထားပေမဲ့ ဒီနေ့ထိဈေးကွက်ထဲကနေ အပြီးတိုင်တားမြစ်နိုင်မှု မရှိသေးပါဘူး။

♥ ဂလူတာသိုင်အုန်း ထိုးဆေးတွေက ပေးနိုင်တဲ့ ဘေးထွက်ဆိုးကျိုး တွေကတော့ –
(၁) ဂလူတာသိုင်အုန်းက မယ်လနင် ထုတ်လုပ်မှုကို နည်းစေတဲ့အတွက် မယ်လနင်ရောင်ခြယ်တွေ လျှော့နည်း လာပြီး ဆံသားတွေ အရောင်ဖျော့ပြီး ဖြူလာနိုင်ပါတယ်။
(၂) ဂလူတာသိုင်အုန်းထိုးဆေးကို စစထိုးခါစ ၁၀-၁၂ ကြိမ်လောက်မှာ အသားရောင်ဖျော့အကွက်တွေ (Hypopigmented patches) အရေ ပြားမှာ မညီမညာဖြစ်လာနိုင်ပါတယ်။ ၃၀-၄၀ ကြိမ်မြောက်ထိ ထိုးဆေးတွေ ဆက်ထိုးနိုင်ရင်တော့ အသားရောင် ပြန်လည်ညီသွားနိုင်ပါတယ်။
(၃) ဂလူတာသိုင်အုန်းကို အသည်းကနေ သဘာဝအလျောက် ထုတ်လုပ်တာကို ရပ်တန့်သွားစေနိုင်ပါတယ်။ ပြင်ပကနေ ဂလူတာသိုင်အုန်းဆေးတွေ အများကြီးကို အမြဲထိုးသွင်းနေတဲ့အခါ ခန္ဓာကိုယ်တွင်းက ဂလူတာသိုင်အုန်းထုတ်လုပ်မှု ဖြစ်စဉ်က ရပ်တန့်သွားနိုင်ပါတယ်။
(၄) ဂလူတာသိုင်အုန်းထိုးဆေးကို ရေရှည်စွဲသုံးမယ်ဆိုရင် မယ်လနင်ဆဲလ် တွေကြား ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်း လဲလိုက်တာကြောင့် အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်။

♥ ဂလူတာသိုင်အုန်းရဖို့ ဘာတွေစားမလဲ –
ဂလူတာသိုင်အုန်းကိုရနိုင်တဲ့ သဘာဝစားစရာတွေထဲမှာတော့- လတ်ဆတ်တဲ့ အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆန်၊ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ သစ်ကြားသီး၊ ကညွတ် နဲ့ ဝှေးရ်ပရိုတင်းတွေပါဝင်ပါတယ်။

 

ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *