အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူအိပ်မယ်ဆိုရင်

» အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ကြောင် နဲ့ခွေးလေးတွေက ပေါ်ပြူလာ အဖြစ်ဆုံးပါ။ သူတို့လေးတွေက သခင်အကြိုက် လိုက်တတ်ကြသလို သခင်တွေကပဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပြုစုရတာတွေလည်း ရှိပါတယ်။ သံရောဇဉ်က တွယ်မိလာပြီးတော့မှ သက်တမ်းကလည်း လူ့သက်တမ်းလောက် မရှည်လို့ ခွဲခွာတဲ့ အချိန်ဆိုလည်း ရင်ကွဲကြရပြန်ရော။ ဒီ ဆောင်းပါးမှာတော့ အိမ်မွေးတိရစ္ဆာန်တွေ ဖြစ်တဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ အတူ အိပ်တာက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နိုင်လဲဆိုတာကို ရေးသားလိုက်ပါတယ်။

» အိမ်မွေး ခွေးလေး၊ ကြောင်လေး စမွေးဖို့ အိမ်ခေါ်လာပြီ ဆိုပါစို့။ သူတို့ အိပ်ဖို့ အိပ်ရာလေး လုပ်ပေးမယ်၊ ချမ်းမှာ စိုးလို့ စောင်ခြုံပေးမယ်၊ အစာရေစာ စုံစုံလင်လင်နဲ့ ထားလေ့ရှိကြတယ်။ ညအိပ်တော့ တစ်ကောင်တည်း တအိအိအော်မယ်။ ဒီအခါ သခင်ဖြစ်သူလည်း နိုးလာပြီး အတူခေါ်အိပ်မယ်ဆိုပြီး ကောက်ချီလာကြတာကနေ စတာပါပဲ။ အဲ့တော့မှ သူတို့ကလည်း ငြိမ်သွားရော၊ အိမ်မွေးတိရစ္ဆာန်တွေဆိုတာကလည်း သခင်နဲ့ အတူအိပ်ရရင် အရမ်းသဘောကျတာကိုး။

» အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူအိပ်တာက ထူးဆန်းလို့လားဆိုတော့ မထူးဆန်းပါဘူး။ ခွေးလေးတွေကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးထားသူဦးရေ အားလုံးရဲ့ ထက်ဝက်ခန့်က အတူအိပ်ကြပါတယ်။ ကြောင်လေးတွေ ၆၂ ရာခိုင်နှုန်းက အရွယ်ရောက်သူသခင်တွေနဲ့ အိပ်ကြပြီး ၁၃ ရာခိုင်နှုန်းက ကလေးတွေနဲ့အတူ အိပ်တာတောင် ရှိပါတယ်။

ကျန်းမာရေးအပေါ် သက်ရောက်မှု

» အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူအိပ်တာက ကျန်းမာရေးထိခိုက်နိုင်လား မေးစရာ ဖြစ်လာပါတယ်။ လူကြီးတွေပြောတာတော့ ကြားဖူးမှာပါ။ အမွေးတွေ နှာခေါင်းထဲဝင်မယ်ပေါ့။ Louisville ပန်းနာရင်ကျပ်၊ အလာဂျီနဲ့ ရောဂါကူးစက်ခြင်းဌာနမှ ထုတ်ပြန်ထားတာကတော့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူအိပ်တဲ့အခါ အလာဂျီတစ်ခုခု ခံစားရတာ၊ ပန်းနာရင်ကြပ်ဖြစ်ပြီး အသက်ရှုလမ်းကြောင်းထိခိုက်တာ ဖြစ်လာရင် ကြောင်တွေ၊ ခွေးတွေနဲ့ အတူအိပ်လို့ မရပါဘူး။ ဒါ့အပြင် အိပ်ခန်းထဲမှာပါ ထားအိပ်လို့ မရပါဘူး။ အိပ်ခန်းပြင်ပကို ထုတ်ပစ်ရမယ်လို့ ဆိုပါတယ်။

» တချို့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ သခင်တွေကတော့ အလာဂျီဖြစ်တာတောင် လက်မလျှော့တာတွေလည်း ရှိပါတယ်။ ဒီလိုလူတွေအတွက် ဘာလုပ်ပေး နိုင်လဲဆိုတော့ allergy shots လို့ခေါ်တဲ့ အိမ်မွေးတိရစ္ဆာန်ကနေ ဖြစ်လာနိုင်တဲ့ အလာဂျီအတွက် ခန္ဓာကိုယ်က ခံနိုင်ရည်စွမ်း (tolerance) ရှိလာဖို့ ထိုးပေးနိုင်ပါတယ်။

» နောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေက သင် ကောင်းကောင်း အိပ်စက်အနားယူနေစဉ်မှာ အနှောင့်အယှက် မပေးဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ၅၃ ရာခိုင်နှုန်းလောက်မှာ အိမ်မွေးတိရစ္ဆာန်တွေက သခင်တွေရဲ့ အိပ်စက်မှုကို အနှောင့်အယှက် ပေးနေကြတယ်လို့ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။ ဒီအခါမှာ insomnia လို့ ခေါ်တဲ့ အိပ်မပျော်တဲ့ရောဂါ ရလာနိုင်ပါတယ်။

» ညအိပ်ပျော်ဖို့ ခဲယဉ်းတဲ့သူတွေ အတွက်တော့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူမအိပ်ကြဖို့ လိုပါတယ်။ အိပ်ပျော်တဲ့ လူတွေကတော့ အကြောင်း မဟုတ် ဘူးပေါ့။ တချို့လူတွေမှာဆိုရင် အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူအိပ်ရမှ သူတို့အတွက် လုံခြုံတယ်၊ ပိုအိပ်ပျော်တယ် ဆိုပြီးလည်း ရှိတတ်ကြပါတယ်။ ဒါကြောင့် လူတစ်ယောက်စီရဲ့ စိတ်ခံစားမှုနဲ့ ဓာတ်တည့်မှု၊ မတည့်မှုပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

» နောက်တစ်ချက်က သင်နဲ့ အတူအိပ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေက သန်းတွေကင်းပြီး မဖျားနာနေရပါဘူး။ သင် ဖျားနေတယ်ဆိုရင်လည်း အိမ်မွေး တိရစ္ဆာန်တွေကို ခေါ်မအိပ်သင့်ပါဘူး။ ရောဂါပိုးတွေ အချင်းချင်း အပြန်အလှန် ကူးစက်စေနိုင်ပါတယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *