ဆေး သောက် သူ တိုင်းဘာတွေသိထားဖို့လိုသလဲ…

ဆေးသောက်သူတိုင်းသိထားသင့်တဲ့ ဆေးဝါး ပညာရပ်ဆိုင်ရာ ဗဟုသုတတွေရစေဖို့ ရေးသား လိုက်ပါတယ်။

OTC (Over the Counter)
ဆေးကောင်တာမှာ ဆေးညွှန်းစာမလိုဘဲ ဝယ် ယူလို့ရတဲ့ဆေးတွေဖြစ်ပါတယ်။ ဘယ်လိုဆေးတွေ ကိုဆေးညွှန်းစာမလိုဘဲ ဝယ်လို့ရလဲဆိုရင် အဖျားကျ ဆေး၊ ခေါင်းမူးပျောက်ဆေး၊ ကိုယ်လက်ကိုက်ခဲတာ သက်သာစေတဲ့ဆေး၊ ဝမ်းပျက်ဝမ်းလျှောရင်သောက် ရမယ့်ဆေး၊ လိမ်းဆေးအမျိုးမျိုး၊ ဖြည့်စွက်ဆေး၊ ဖြည့်စွက်စာ စတာတွေပါဝင်ပါတယ်။
OTC ဆေးတွေနဲ့ပတ်သက်ပြီးသိစေချင်တာကတော့ ဆေးဆိုင်မှာအလွယ်တကူဝယ်လို့ရတယ်ဆိုပြီး သောက်ချင်သလိုသောက်လို့ရတယ်၊ Safe ဖြစ်တယ်၊ အန္တရာယ်မရှိဘူးလို့ တချို့က ယူဆထားပါ တယ်။ တကယ်တော့ ဒီဆေးတွေသောက်မယ်ဆိုရင် ဆေးဘူးမှာပါတဲ့ Indication အညွှန်းစာအတိုင်း တစ်နေ့ ဘယ်နှကြိမ်သောက်ရမလဲ၊ ဘယ်နှနာရီခြား ပြီးသောက်ရမလဲ၊ ဆေးပမာဏဘယ်လောက်ထိပဲ သောက်လို့ရလဲ၊ အစာစားပြီးသောက်ရမှာလား ဒါ မှမဟုတ် အစာမစားခင်သောက်ရမှာလား စတာတွေ ကို အတိအကျလိုက်နာဖို့ လိုပါတယ်။

POM (Prescription Only Medicine)
Prescription လို့ခေါ်တဲ့ ဆေးညွှန်းစာပါမှ ဝယ်လို့ရတဲ့ဆေးတွေပါ၊ သင်က ဆေးခန်းသွားပြ တယ်၊ ဆရာဝန်က ကျန်းမာရေးစမ်းသပ်စစ်ဆေးမှု တွေလုပ်ဆောင်ပြီး လိုအပ်တဲ့ဆေးတွေကိုဆေးညွှန်း စာရေးပေးလိုက်တယ်၊ ဒီဆေးတွေက သင်တစ် ယောက်တည်းသောက်ဖို့ဆေးတွေပါ။ ဒါကို Pres­cription Only Medici၊ POMလို့ ခေါ်ပါတယ်။
POM ဆေးရဲ့အာနိသင်က OTC ဆေးတွေ ထက် ပိုပြင်းနိုင်ပါတယ်။ ဥပမာဆိုရင် ယားနာလိမ်းဆေး Hydrocortisone ကို OTC အတွက် ၀.၅% ပြင်းအားထုတ်လုပ်ထားပြီး Prescription အတွက် ၂.၅% ပြင်းအားထုတ်လုပ်ထားပါတယ်။ ၂.၅% ပြင်း အားကို ဆေးညွှန်းစာမလိုဘဲ ဝယ်ယူလို့မရပါဘူး။
ဒီလို ဆေးညွှန်းစာပါမှ ဝယ်ယူရရှိနိုင်တဲ့ဆေး တွေဆိုပြီး ထိန်းချုပ်လိုက်တာကလည်း ဒီဆေးတွေ နဲ့ပတ်သက်ပြီး သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဖြစ်စေလို့ပါ။ ကျန်းမာရေးကောင်းကျိုးရဖို့ထက် ဆိုးကျိုးတွေရစေလို့ပါ။
ဥပမာဆိုရင် ပိုးသတ်ဆေး Antibiotic တွေ သောက်မယ်ဆိုရင် သတ်မှတ်ထားတဲ့ ဆေးပမာဏ ကို သတ်မှတ်ထားတဲ့ အချိန်အတိအကျ လိုက်နာ သောက်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ သောက်ချင် သလိုသောက်မယ်၊ သောက်လိုက်မသောက်လိုက် လုပ်ရင် ပိုးသတ်ဆေးယဉ်ပါးသွားစေပြီး ဆေးမတိုး တော့တာမျိုးဖြစ်စေပါတယ်။
နောက်ပြီး ဆရာဝန်ညွှန်းလိုက်တဲ့ဆေးကို သောက်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ရက်၊ လထိပဲသောက်ပါ၊ ဆေးခန်းပြန်ပြပါ၊ တချို့က ဆေး တစ်မျိုးညွှန်းလိုက်ပြီဆိုရင် ရက်စေ့ရင် Follow Up ပြန်မလုပ်ဘဲ ဒီဆေးကိုပဲ စွဲသောက်သွားရင် ရပြီထင်တာက မှားနေပါတယ်။ တချို့ဆေးတွေက ရေရှည်စွဲသောက်လို့မရပါဘူး၊ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

Brand Name နဲ့ Generic Name ဘာကွာလဲ
Brand Name က ဆေးကိုထုတ်လုပ်တဲ့ ကုမ္ပဏီကပေးလိုက်တဲ့နာမည်ပါ။ Generic Name ဆိုတာက ဆေးရဲ့ Active Ingredient ဓာတုဒြပ် ပေါင်း ဒါမှမဟုတ် မျိုးရင်းအမည်ပါ။ ဥပမာ-ပါရာ စီတမော ဆိုတာ ဆေးရဲ့ Generic Name ပါ၊ ဒါကို မှ ဆေးထုတ်လုပ်တဲ့ဆေးကုမ္ပဏီတွေက Para­cap ၊ ဘိုင်အိုဂျက်ဆစ်ဆိုပြီး Brand Name ပေလိုက်တာဖြစ်ပါတယ်။ ဆေးဆိုင်မှာ ဆေးဝယ်တဲ့ အခါ လူအတော်များများက Brand Name ကို ပြောပြီးဝယ်ကြပါတယ်၊ တချို့လည်း ကြော်ငြာစာ သားကိုရွတ်ပြတာမျိုးရှိပါတယ်။ ကိုယ်လိုချင်တဲ့ ဆေးရဲ့ Brand Name က ကုန်နေတာ၊ ဒါမှမဟုတ် ဆေးကိုဆက်မသွင်းတော့တာမျိုးဆိုရင် ဆေးဆိုင် က အလားတူဆေးရှိပါတယ်ဆိုပြီးပေးနိုင်ပါတယ်။ ဒီအလားတူဆေးဆိုတာကတော့ Brand Name ဆေးနဲ့အာနိသင်၊ သုံးစွဲရမယ့်အညွှန်းက အတူတူပါပဲ၊ ဆေးကိုထုတ်လုပ်တဲ့ ကုမ္ပဏီမတူလို့ Brand Name ကွဲသွားတာ ဖြစ်ပါတယ်။

Generic Drug ဆိုတာ ဘာလဲ
Generic Drug ဆိုတာက စျေးကွက်ထဲမှာရှိ နေပြီးတဲ့ Brand Name ဆေးတွေရဲ့ ဖော်မြူလာ အတိုင်း ထပ်တူထုတ်လုပ်ထားတာပါ။ သုံးစွဲရမယ့် အညွှန်းကလည်း တူတူပါပဲ။ ဒါပေမဲ့ ဆေးပုံစံနဲ့ အရောင်ကတော့ကွဲနိုင်ပါတယ်။ နောက်ပြီး Gen­eric Drug တွေက Brand Name ဆေးတွေထက် ပိုပြီးစျေးသက်သာပါတယ်။ Generic Drug သောက်မယ်ဆိုရင် ဆေးရဲ့ကွာလတီစိတ်ချရဖို့လိုပါတယ်။
ဆေးသောက်နေတဲ့သူဆိုရင် ဒီလေးချက်ကို လည်း သိထားဖို့လိုပါတယ်။
♦ Side Effect ဆိုတာ ဆေးကပေးတဲ့ဆိုးကျိုး ပါ။ ရာနှုန်းပြည့်ဆိုးကျိုးကင်းတဲ့ဆေးဝါးဆိုတာ မရှိသလောက်ပါပဲ။ ဆိုးကျိုးပျော့တာ၊ ပြင်းတာပဲ ကွာပါတယ်၊ ဒီထဲမှာ ခေါင်းမူးတာ၊ ဗိုက်အောင့်တာ၊ အူလမ်းကြောင်းတွင်း သွေးယိုစိမ့်တာတွေဖြစ်တတ် ပါတယ်။ နှာရည်ယိုနှာစေးတာ ပျောက်စေတဲ့ An­ti­histamines ဆေးတွေဆိုရင် လူကိုအိပ်ချင်စေပါတယ်။ ဆေးကပေးတဲ့ Side Effect တွေအမျိုး မျိုးရှိတာကိုမမေ့ပါနဲ့။
♦ Drug-Drug Interactions ဆိုတာ ဆေး တစ်မျိုးမကသောက်ရင် ဆေးအချင်းချင်း ဓာတ်ပြု နိုင်ခြေရှိပါတယ်။ ဒီအခါ ဆေးတစ်မျိုးရဲ့ အာနိသင် ကိုလျော့ကျစေတာ ဒါမှမဟုတ် အာနိသင်ပိုပြင်း စေပြီး အဆိပ်သင့်တာဖြစ်စေနိုင်ပါတယ်။ဆေးတွေ အများကြီးသောက်တိုင်း မကောင်းပါဘူး၊ ဆေးက ပေးတဲ့ဆိုးကျိုးတွေ အများကြီး ပိုခံစားရနိုင်စေလို့ပါ။
Drug-Food Interactions ဆိုတာ ဆေးနဲ့ စားစရာဓာတ်ပြုတာကိုဆိုလိုတာပါ။ တချို့စားစရာ တွေက ဆေးနဲ့ဓာတ်ပြုနိုင်တာကြောင့် ဆေးကို Empty Stomach လို့ခေါ်တဲ့ အစာမစားမီ၊ ဒါမှမဟုတ် အစာစားပြီး ၂ နာရီကြာမှ သောက်ရတာ ရှိပါတယ်။ ဥပမာ – ဂရိတ်ဖရုဖျော်ရည်ကို သွေး တွင်းကိုလက်စထရောကျေဆေး (Statins) အုပ်စု နွယ်ဝင် ဆေးတွေနဲ့ အလာဂျီလျော့ကျဆေး (Fexofenadine) နဲ့ တွဲမသောက်ရပါဘူး။
Allergic Reactions ဆိုတာကတော့ လူတိုင်းမှာ မဖြစ်ပါဘူး။ တချို့ဆေးနဲ့မတည့်တဲ့အခါ ဖြစ်တတ်ပါတယ်။ ဥပမာ-အက်စပရင်နဲ့ မတည့် ရင် အသက်ရှူရခက်လာတာ၊ အရေပြားမှာ ယား ယံတဲ့ အဖုအပိမ့်ထွက်တာတွေဖြစ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal