အလုပ်တွေပိပြီး စိတ်ဖိစီးမှု မဖြစ်ရလေအောင်

အလုပ်တွေစုပုံပြီး အချိန်မလောက်ဖြစ်တဲ့အခိုက်အတန့်ကို လူအတော်များများ ဖြတ်ကျော်ဖူးမှာပါ။ အချိန်ရှိခိုက်လုံ့လစိုက်ဆိုတဲ့ ဆိုရိုးစကားလို အချိန်ရှိတုန်းမှာ ကြိုးပမ်းအားမထုတ်ခဲ့ဘဲ နောက်မှ နောင်တရတာတွေလည်း ရှိပါတယ်။ များပြားတဲ့ အလုပ်တွေကို အချိန်တစ်ခုအတွင်း ပြီးဖို့ရယ်၊ မှန်းထားတဲ့ ပန်းတိုင်ကိုလည်း အရောက်လှမ်းဖို့က မလွယ်ကူပါဘူး။ ဒီတစ်ပတ်မှာ ဖော်ပြပေးမယ့် အချက်နှစ်ချက်ကို ဖတ်ပြီးရင်တော့ အလုပ်တွေမပိစေတော့ဘဲ ဘယ်အလုပ်ဟာအရေးကြီးလို့ဦးစားပေးရမယ်၊ ဘယ်အလုပ်ကို နောက်ဆုံးပိတ်လုပ်မလဲဆိုတာ ခွဲခြားနိုင်ပြီး ရေရှည်မှာလည်း အသုံးတည့်မှာပါ။

Plan
ပထမဆုံးလုပ်ရမှာက အချိန် ဆယ်မိနစ်လောက်ပေးပြီး အစီအစဉ် ချဖို့ လုပ်ပါ။ သင့်အပေါ်မူတည်ပြီး ဆယ့်ငါးမိနစ်လောက်လည်း ကြာနိုင်ပါတယ်။ Plan ဆွဲဖို့ တစ်နေကုန်တော့ အချိန်မယူပါနဲ့။ ဒါဆို ဘာအလုပ်မှ စမလုပ်ဖြစ်ဘဲ အချိန်ကုန်သွားစေပါတယ်။ ဒီတော့ သင့်အလုပ်ကဘာတွေလုပ်ရလဲ၊ သင့်ရဲ့ target နဲ့ အချိန်ဘယ်လောက်ရလဲ ကြည့်ပါ။

Align
ဒုတိယအချက်က ပိုလေးနက်လာပါပြီ။ သင်လုပ်နေရတဲ့ အလုပ်တွေထဲမှာ ဘယ်ဟာက အရေးကြီးဆုံးလဲ၊ အဓိကနဲ့ သာမညခွဲရမှာပါ။ ဒီအတွက် သင်စိုက် ထုတ်ရမယ့် ခွန်အား၊ စွမ်းအားနဲ့ ရရှိမယ့် အကျိုးအမြတ်ကို အခြေခံပြီး အလုပ် တာဝန် (၄) မျိုး ခွဲပြပါမယ်။

(၁) စိုက်ထုတ်ရမယ့်ခွန်အားနည်းပြီး အကျိုးအမြတ်များတဲ့အလုပ်
ဒီအလုပ်တွေကို အရင်ဆုံးလုပ်ပါ။ ဒါက သင့်ရဲ့ ပန်းတိုင်ကို မြန်မြန်ရောက်စေပါတယ်။

(၂) စိုက်ထုတ်ရမယ့်ခွန်အားများပြီး အကျိုးအမြတ်များတဲ့အလုပ်
တန်ဖိုးများတဲ့ အလုပ်တာဝန်တွေဆိုရင် တစ်ထိုင်တည်းနဲ့ အပြီး မလုပ်ပါနဲ့။ ကြီးမားတဲ့အလုပ်တာဝန်တွေကို သေးသေးလေးတွေခွဲပြီး လုပ်ပါ။ အလုပ်ကြီး တစ်ခုပြီးဖို့ အလုပ်ငယ်တွေခွဲပြီး အလုပ်ငယ်တွေထဲကမှ ဘယ်ဟာက အရေးကြီးဆုံးလဲ ပြန်သတ်မှတ်ပါ။ ဥပမာ – ပစ္စည်းသစ်တင်သွင်း မိတ်ဆက်ဖို့ဆိုရင် တစ်ထိုင်တည်းနဲ့ Plan ဆွဲမယ့်အစား အချိန်ခွဲပြီး အပိုင်းတစ်ပိုင်းစီဆွဲတာက တီထွင် ဥာဏ်လည်း ပိုထွက်သလို ပိုပြီးလည်း အလုပ်ပြီးမြောက်နိုင်ပါတယ်။

(၃) စိုက်ထုတ်ရမယ့်ခွန်အားနည်းပြီး အကျိုးအမြတ်နည်းတဲ့အလုပ်
ဒီအလုပ်တွေကို နောက်ဆုံးမှ လုပ်ပါ။ ဒီအလုပ်တွေလုပ်ဖို့ အချိန် အနည်းငယ်ပဲပေးပါ။ သင် အရေးကြီးတဲ့ အလုပ်တွေလုပ်နေရင်း နားတဲ့အချိန် Break Time မှာပဲ လုပ်ပါ။ ဥပမာ – အီးမေးလ် စစ်ရတဲ့အလုပ်က လုပ်ရမှာတော့မှန်ပါတယ်၊ ဒါပေမယ့် ဒါက သင်ရဲ့ ပန်းတိုင်ရောက်ဖို့ အထောက်အကူမပြုနိုင်တဲ့ အတွက် အရေးကြီးတဲ့ အလုပ်တာဝန်တွေ လုပ်ပြီးမှ လုပ်ပါ။

(၄) စိုက်ထုတ်ရမယ့်ခွန်အားများပြီး အကျိုးအမြတ်နည်းတဲ့အလုပ်
ဒီအလုပ်တွေကိုတော့ လုပ်ဖို့ တစ်ကယ်ရောလိုအပ်ရဲ့လား၊ မလိုအပ်ဘူးလား ပြန်လည် သုံးသပ်စေချင်ပါတယ်။ မလုပ်မဖြစ် လုပ်ရမယ်ဆိုရင်လည်း စိုက်ထုတ်ရမယ့် ခွန်အား၊ ငွေအားကို လျှော့နိုင်သလောက် လျှော့ချပါ။

Bonus Tip:
သင့်အလုပ်တွေမှာ ဘယ်ဟာက အရေးကြီးတဲ့အလုပ်လဲ၊ ဘယ်ဟာက နောက်ဆုံးမှလုပ်ရမယ့်အလုပ်လဲ ခွဲခြား သိမြင်တဲ့အခါ အလုပ်တွေမပိတော့ဘဲ လုပ်ကိုင်သွားနိုင်မှာပါ။ နောက်တစ်ချက်က ဒါဟာ သင့်ဘာသာ အလုပ်တွေရဲ့ အရေးကြီးမှုကို ခွဲခြားထားတာဖြစ်ပြီး သင့်ရဲ့ အလုပ်ရှင်၊ အထက်လူကြီးက သတ်မှတ်ထားတဲ့ deadline တွေ ရှိလာရင် သင်ရေးချထားတဲ့ plan အတိုင်းပဲ ဘေးနားမှာ ဘယ်နှရက်အတွင်း၊ ဘယ်အချိန်အတွင်း ပြီးရမယ်ဆိုတာလေး ဖြည့်စွက်ရေးထားရင် သင့်ကိုယ်သင် remind လုပ်ပြီးသား ဖြစ်မှာပါ။

#Darli (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *