နွေရာသီကျောင်းပိတ်ရက်မှာ မဖျားနာစေဖို့

နေ့တာရှည်လာပြီး ညတာတိုလာပြီဆိုရင် နွေရောက်ပြီလို့ သင်သတိထား မိမှာပါ။ ပူနွေးလာတာနဲ့အမျှ ဒီနွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေကလည်း စောင့်နေတတ်ပါတယ်။ ရာသီဥတု အကူးအပြောင်းတိုင်းမှာ လူကြီးတွေရော၊ ကလေးအတော်များများပါ ဖျားနာတတ်ကြပါတယ်။ ခန္ဓာကိုယ်က အပူချိန်ကို လိုက်ပြီး ညှိနေရတာမို့ အပူနဲ့အအေးကြားမှာ သဟဇာတဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး နွေမှာအဖြစ်များတာက အစာအဆိပ်သင့်တာပါ။ ပူနွေးတဲ့ ရာသီဥတုက ဘက်တီးရီးယားတွေ ပေါက်ဖွား လွယ်ပါတယ်။ ဒါကြောင့် အသား၊ ငါးတွေကို သေချာကျက်အောင် စားတာက အန္တရာယ် အကင်းဆုံး ဖြစ်မှာပါ။

နောက်ပြီး နွေရာသီမှာ ကိုယ်ခံအားမြင့်နေမှ ရောဂါတွေ အလွယ်တကူ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်ရှည်တွေလည်းရှိတာကြောင့် ကလေးတွေ အနေနဲ့ ကစားလည်း ကစား၊ စားလည်း စား၊ နားလည်းနားပြီး မဖျားနာအောင် ဂရုစိုက်ကြဖို့ လိုပါတယ်။

ဒီနွေမှာ အပူဒဏ်မှ ကာကွယ်နိုင်ဖို့ –
– နေအပူရှိန်ပြင်းလာတာကြောင့် ခန္ဓာကိုယ်ရဲ့ အပူဒဏ်ကို ထိန်းညှိပေးတဲ့ စနစ်က တာဝန်ပိလာနိုင်ပါတယ်။ အထူးသဖြင့် မွေးကင်းစကနေ လေးနှစ်အရွယ် ကလေးတွေမှာ ဖျားနာတာ အဖြစ်များပါတယ်။
– ပြေးလွှားဆော့ကစားနိုင်တဲ့အရွယ် ကလေးတွေကိုလည်း ပူပြင်းတဲ့နေရောင်အောက်မှာ အလွန်အကျွံ မကစားဖို့ ထိန်းပေးပါ။
– နေအိမ်အပြင်မှာ ကစားမယ့် ကလေးတွေအတွက် နေမပြင်းတဲ့ နံနက်ခင်းနဲ့ ညနေပိုင်းကိုသာ အချိန်သတ်မှတ်ပြီး ကစားခိုင်းပါ။
– နံနက် ဆယ်နာရီကနေ နေ့လည် နှစ်နာရီအတွင်း အပြင်မှာ ထွက်မဆော့ပါနဲ့။
– ကလေးတွေကို သက်သောင့်သက်သာနဲ့ ချောင်ချောင်ချချိဖြစ်မယ့် ချွေးစုပ်တဲ့ အဝတ်အထည်တွေကို ဝတ်ဆင်ပေးပါ။
– နေလောင်ကာခရင်မ်၊ လိုးရှင်းတွေ လိမ်းပေးပါ။
– နေပူထဲသွားရမယ်ဆိုရင်လည်း ဦးထုပ်၊ ထီးတွေ ပါပါစေ။
– ကလေးတွေကို ကားထဲမှာ ထားခဲ့တာ မလုပ်ပါနဲ့။ ပြတင်းပေါက်ဖွင့်ထားတယ်ဆိုရင်တောင် ကားတွင်း အပူချိန်က အလွန်ပူနိုင်တာကြောင့် မထားခဲ့ပါနဲ့။

Health Tips
– ခန္ဓာကိုယ်က အပူချိန် ၃၇ ဒီဂရီဆယ်စီးရပ် ကျော်လာရင် ပိုနေတဲ့ အပူတွေကို ထုတ်ပစ်ဖို့ ကြိုးစားပါတယ်။ အပူချိန် မြင့်မားပြီး နေအလင်းရောင် တိုက်ရိုက်ရရှိတဲ့ နေရာတွေမှာ ရှိနေမယ်ဆိုရင် ခန္ဓာကိုယ်က အပူတွေကို ထုတ်ဖို့ ခဲယဉ်းပါတယ်။
– နေ့အချိန်တွေမှာ တတ်နိုင်သမျှ အရိပ်ရှိပြီး အေးမြတဲ့နေရာတွေမှာ နေထိုင်ပါ။
– နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေနဲ့ လူထူထပ်တဲ့နေရာတွေ မသွားပါနဲ့။
– ရေသောက်မနည်းပါစေနဲ့။
– အရမ်းအေးလွန်းတဲ့ အရည်တွေလည်း မသောက်ပါနဲ့။
– နေပူထဲကပြန်လာပြီး ရေခဲရေ ချက်ချင်းမသောက်ပါနဲ့၊ ခေါင်းပေါ်ကနေ ရေလောင်းချပြီး မချိုးပါနဲ့။
– ပူပြင်းတဲ့ နေရဲ့အရှိန်ကြောင့် ပုံမှန်ထက် ချွေးပိုထွက်နိုင်ပါတယ်။ ဒီအခါမှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်မဖြည့်ပေးဘူးဆိုရင် ရေဓာတ်ခမ်းခြောက်တာ ဖြစ်လာမှာပါ။ ဒီအခါမှာ heat cramps၊ heat exhaustion နဲ့ heat stroke တွေ ခံစားရနိုင်ပါတယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published.