နွေရာသီတွင် ကြုံတွေ့ရနိုင်သော အရေပြား ပြဿနာများ

နွေရာသီမှာ အသားအရေ နေလောင်တာ၊ အရေပြား ယားယံတာတွေ ဖြစ်တတ်တာကိုတော့ လူအတော်များများ သိပြီးဖြစ်မှာပါ။ ဘာတွေဖြစ်နိုင်လဲဆိုတာ သိထားပြီး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သိထားမယ်ဆိုရင် နွေရက်တွေမှာ ကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။ ဘာတွေဖြစ်နိုင်လဲဆိုတော့ –

ဝက်ခြံထွက်စေမယ်
နွေရာသီမှာ အပူပြင်းတာကြောင့် သာမန်ထက်ပိုပြီး ချွေးထွက်နိုင်ပါတယ်။ ဒီအခါ ချွေးတွေရယ်၊ ဘက်တီးရီးယားတွေနဲ့ မျက်နှာပြင်ပေါ်က အဆီတွေ ရောသွားပြီး ချွေးပေါက်တွေ ပိတ်သွားစေနိုင်ပါတယ်။ နဂိုကတည်းက ဝက်ခြံထွက်တတ်တဲ့ အသားအရေ ရှိသူဆိုရင် ဝက်ခြံ ပိုဆိုးစေနိုင်ပါတယ်။ ဒီအတွက် –
– သန့်ရှင်းတဲ့အဝတ်၊ တစ်သျှူးနဲ့ ချွေးတွေကို အသာအယာဖိပြီး သုတ်ပေးပါ။
– ချွေးပေထားတဲ့ အင်္ကျီတွေ၊ တဘက်တွေ၊ ဦးထုပ်တွေကို လျှော်ဖွပ်သန့်စင်ပြီးမှ ပြန်လည်ဝတ်ဆင်ပါ။
– မျက်နှာ၊ လည်ပင်း၊ ကျောနဲ့ ရင်ဘတ်တွေမှာ လိမ်းတဲ့ အရေပြားထိန်းသိမ်းတဲ့ ဓာတုပစ္စည်းက non-comedogenic ဖြစ်ရပါမယ်။ အဓိပါယ်က ချွေးပေါက်တွေ မပိတ်စေရပါဘူး။

ခြောက်သွေ့၊ ယားယံစေမယ်
နွေရာသီမှာ ရာသီဥတုက စိုထိုင်းတယ်ဆိုပေမယ့် သင့်အသားအရေကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။ တရားခံတွေထဲမှာ နေရောင်အောက်ထဲ နေတာ၊ ရေသွားကူးတာနဲ့ လေအေးပေးစက်အသုံးပြုတာတွေ ပါဝင်နိုင်ပါတယ်။ အရေပြားခြောက်ပြီး ယားတာတွေဖြစ် လာတယ်ဆိုရင် –
– နေပူထဲမထွက်ခင် နေလောင်ကာခရင်မ် လိမ်းသွားပါ။
– ရေကူးပြီးတာနဲ့လည်း ချက်ချင်း ဆပ်ပြာနဲ့ ရေသန့်နဲ့ချိုးပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။
– ဆပ်ပြာအပျော့စားတွေကို ရွေးသုံးပါ။ ပိုးသတ်ဆေးပါတာ၊ အနံ့ပျောက်ဆေးပါတဲ့ ဆပ်ပြာတွေက အရေပြားကို ခြောက်စေပါတယ်။
– ရေအေးနဲ့ ရေမချိုးနိုင်ဘူးဆိုရင် ရေနွေးနွေးနဲ့ ချိုးနိုင်ပါတယ်။ အရမ်းပူတဲ့ ရေနဲ့ ရေမချိုးပါနဲ့၊ အရေပြား ခြောက်စေပါ တယ်။
– လေအေးပေးစက်အဖွင့်လွန်ရင်လည်း သင့်အိမ်ကို ခြောက်သွေ့တဲ့ ပတ်ဝန်းကျင် ဖြစ်စေတတ်ပါတယ်။
– အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးကို ဆောင်ထားပြီး လက်ဆေးပြီးတိုင်း လိမ်းတာ၊ အရေပြားခြောက်တယ်ခံစားရရင် လိမ်းတာမျိုး လုပ်ပေးပါ။

မွေးကျွတ်နာဖြစ်လွယ်မယ်
ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အမွေးတွေက မွေးညင်းအိတ်လေးတွေကနေ ပေါက်လာတာ ဖြစ်ပါတယ်။ မွေးညင်းအိတ်မှာ ပိုးဝင်တယ်ဆိုရင် မွေးကျွတ်နာ ဖြစ်စေပါတယ်။ သူက ဝက်ခြံနဲ့ ပုံစံတူပြီး ယားပါတယ်။ နွေရာသီမှာ မွေးကျွတ်နာမဖြစ်စေဖို့ဆိုရင် –
– အားကစားလုပ်တဲ့သူဆိုရင် အားကစားလုပ်ပြီးတဲ့အခါ အားကစားဝတ်စုံကို လဲပြီး ရေပြန်ချိုးပါ။
– အသားမှာ ကပ်နေတဲ့ အဝတ်မျိုးတွေကြောင့်လည်း မွေးကျွတ်နာဖြစ်စေတတ်ပါတယ်။ ဒါကြောင့် နွေမှာ ပွပွချောင် ချောင်နဲ့ ပေါ့ပါးတဲ့ အဝတ်တွေကို ဝတ်ဆင်ပါ။
– လူတချို့မှာရေနွေးကန်စိမ်ပြီးရင် မွေးကျွတ်နာဖြစ်တတ်ပါတယ်။ Hot tub folliculitis လို့ ခေါ်ပါတယ်။ ဒါကြောင့် ရေကန်ရဲ့ ကလိုရင်းနဲ့ အက်စစ်ပါဝင်မှုကို ထိန်းချုပ်ထားတာမျိုးမရှိရင် ဝင်မစိမ်သင့်ပါဘူး။

• Heat Rash / Prickly Heat
ချွေးပေါက်ပိတ်တဲ့အခါ ချွေးတွေ အပြင်မထွက်နိုင်ရင် ဖြစ်တတ်ပါတယ်။ ဒီအခါ ယားယံတဲ့ အင်ပြင်လိုမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် အဓိက ကတော့ ချွေးအရမ်းမထွက်အောင် ထိန်းဖို့ ဖြစ်ပါတယ်။
– ချည်နဲ့ချုပ်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်တွေ ဝတ်ပါ။
– နေ့ပြင်းတဲ့အချိန်တွေ အပြင်မှာ လှုပ်လှုပ်ရှားရှားလုပ်တာကို ရှောင်ပါ၊ လေအေးပေးစက် ဖွင့်ထားတဲ့ အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်ပါ။
– ရေအေးနဲ့ ရေချိုးတာ၊ လေအေးပေးစက်ဖွင့်ပြီးနေတာတွေ လုပ်ပါ။

• Sun allergy
နေရောင်နဲ့ ဓာတ်မတည့်သူဆိုရင် နေရောင်နဲ့ထိတဲ့အခါ အင်ပြင်ယားနာတွေ ဖြစ်တတ်ပါသေးတယ်။ တချို့မှာဆို အရည်ကြည်ဖုတွေပါ ထွက်တတ်ပါတယ်။ ဒါက မျိုးရိုးကြောင့်လည်း ဖြစ်နိုင်သလို၊ သင်သောက်နေတဲ့ ဆေးတချို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
– ပိုးသတ်ဆေးတချို့ (tetracycline, doxycycline, minocycline) နဲ့ ကီတိုပရိုဖန်လို ဆေးတွေက နေရောင်နဲ့ ဓာတ်မတည့်တဲ့ အလာဂျီ ဖြစ်တတ်ပါတယ်။ ဒါဆို နေရောင်နဲ့ အတတ်နိုင်ဆုံး မထိအောင် နေရမှာပါ။ သင်သောက်နေတဲ့ဆေးတွေက နေရောင်နဲ့ ဓာတ်မတည့်တာ ဖြစ်နေလားဆိုတာသိဖို့ ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာ မေးမြန်းဆွေးနွေးနိုင်ပါတယ်။
– မျိုးရိုးကြောင့် နေရောင်နဲ့ မတည့်တဲ့ အလာဂျီ ရှိတာဆိုရင် နေရောင်ကို ကာကွယ်နိုင်ဖို့ လက်ရှည်၊ ဘောင်းဘီရှည် ပွပွချောင်ချောင်တွေ ဝတ်ဆင်တာ၊ ဦးထုပ်ဆောင်းတာ၊ နေရိပ်ထဲမှာနေတာ၊ နေကာမျက်မှန်တပ်တာ၊ နေလောင်ကာခရင်မ် လိမ်းတာတွေ လုပ်ဆောင်ပါ။

♥ #ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *