Sunscreen များ အကြောင်း သိကောင်းစရာ

Sunscreen တွေကို နည်းလမ်း မှန်မှန် လိမ်းရဲ့လား

Sunscreen ဆိုတာက နွေရာသီ တစ်ခုတည်းအတွက်ပဲ လိုတာမဟုတ်ပါဘူး။ သူ့ကို ထုတ်လုပ်တဲ့ ရည်ရွယ်ချက်က နေရောင်ခြည်ကနေပါလာတဲ့ UV-Rays တွေကို ကာကွယ်ဖို့ ဖြစ်တာကြောင့် နေအလင်းရောင် ကျရောက်နေတဲ့ ဘယ်နေရာ၊ ဒေသကိုပဲ သွားသွား လိုအပ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ဖြစ်ပါတယ်။

နေရောင်ခြည်

နေရောင်ခြည်မှာ UVA, UVB, UVC ဆိုပြီး ရောင်ခြည်အလင်းတန်းတွေပါရှိပါတယ်။
UVA က လှိုင်းအလျား အရှည်ဆုံး (၃၂၀ – ၄၀ဝ nm) ဖြစ်ပြီး UVC က လှိုင်းအလျား အတိုဆုံး (၂၀ဝ – ၂၈၀ nm) ဖြစ်ပါတယ်။
လှိုင်းအလျားတိုလေ ရောင်ခြည်ပိုပြီး ပြင်းထန်လေ ဖြစ်ပါတယ်။
 ကံကောင်းတာက ကမ္ဘာ့လေထုမှာရှိတဲ့ အိုဇုန်းလွှာက အပြင်းထန်ဆုံး ဖြစ်တဲ့ UVC ရောင်ခြည်လှိုင်းတွေ ကမ္ဘာ့ မြေပြင်ပေါ် မကျရောက်နိုင်အောင် ကာကွယ်ပေးထားပါတယ်။
 UVA နဲ့ တချို့ UVB ရောင်ခြည်တွေကတော့ ကမ္ဘာမြေပေါ်ကို ကျရောက်လာပါတယ်။
 UVA က အရေပြားရဲ့ အပေါ်ယံလွှာ (epidermis) ထိပဲ သက်ရောက်နိုင်ပြီး UVB က အရေပြားအတွင်း (dermis) ထဲထိ ထိုးဖော်နိုင်ပါတယ်။
 UVA ရော၊ UVB ရောက အသားအရေပျက်စီးတာ၊ အိုမင်းရင့်ရော်တာ၊ အရေပြားကင်ဆာ ဖြစ်တာတွေနဲ့ ဆက်စပ်နေပါတယ်။
 နေပူထဲထွက်လိုက်လို့ နေလောင်ပြီး အသားအရေ မည်းသွားတာ UVB ကြောင့် ဖြစ်ပါတယ်။

Sunscreen ဘယ်နှမျိုးရှိသလဲ
 နေလောင်ကာခရင်မ်မှာ Physical ဒြပ်ပေါင်းတွေနဲ့ ထုတ်လုပ်ထားတဲ့ Physical Sunscreen နဲ့ Chemical ဒြပ်ပေါင်းတွေနဲ့ ထုတ်လုပ်ထားတဲ့ Chemical Sunscreen ဆိုပြီးရှိပါတယ်။
 Physical Sunscreen တွေကို နေရောင်အောက်ထွက်ခါနီးမှ ကောက်လိမ်းလည်း သူတို့က အကာအကွယ် ပေးနိုင်ပါတယ်။ ကြိုပြီးလိမ်းထားစရာ မလိုပါဘူး။
 Chemical Sunscreen တွေကတော့ အရေပြားထဲမှာ အသားကျဖို့ အနည်းဆုံး ၁၅ မိနစ်လောက် အချိန်ပေးသင့်ပါသည်။
 ဒါကြောင့် မှတ်မိလွယ်အောင် ယေဘုယျအားဖြင့် နေလောင်ကာခရင်မ်တွေကို နေရောင်အောက်မသွားခင် မိနစ်သုံးဆယ်လောက် ကြိုပြီး လိမ်းပေးဖို့ မှာကြတာပါ။
 Physical Sunscreen တွေက လိမ်းပြီးလို့ ချွေးအရမ်းမထွက်ဘူး၊ ရေမစိုဘူး၊ အဝတ်နဲ့သုတ်မပစ်ဘူးဆိုရင် နောက်တစ်ထပ် ထပ်လိမ်းစရာ မလိုပါဘူး။
 Chemical Sunscreen ကတော့ နေရောင်ခြည်နဲ့ထိတွေ့ပြီးတိုင်း အာနိသင် လျော့လာမှာမို့လို့ နှစ်နာရီခြား တစ်ခါ ထပ်လိမ်းပေးဖို့ လိုပါတယ်။
 Physical Sunscreen တွေက ချွေးပေါက်တွေကို မပိတ်သွားစေလို့ ဝက်ခြံမထွက်စေပါဘူး။ တချို့ Chemical Sunscreen တွေကတော့ ဝက်ခြံထွက်တတ်တယ်လို့ ဆိုပါတယ်။
 ဝက်ခြံထွက်တတ်သူဆိုရင် noncodemogenic လို့ ရေးထားတဲ့ နေလောင်ကာခရင်မ်မျိုးက ပိုသင့်တော့်ပါတယ်။
 ခန္ဓာကိုယ်ကို လိမ်းဖို့ နေလောင်ကာ လိုးရှင်းတွေ ရှိသလို မျက်နှာမှာလိမ်းဖို့ နေလောင်ကာ ခရင်မ်တွေလည်း ရှိပါတယ်။
 နေလောင်ကာခရင်မ်ရဲ့ အကာအကွယ် အပြည့်အဝရရှိဖို့ လိမ်းတဲ့အခါ လုံလောက်တဲ့ ပမာဏ ဖြစ်ဖို့လည်း လိုပါတယ်။
 မျက်နှာမှာလိမ်းမယ်ဆိုရင် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (2 mL)လိမ်းပြီး ခန္ဓာကိုယ်မှာ လိမ်းဖို့ဆိုရင် တစ်အောင်စ (30 mL) လောက်လိမ်းဖို့ လိုပါတယ်။

ရေစိုခံနေလောင်ကာခရင်မ်
နေလောင်ကာ ခရင်မ်မှာ water-resistant၊ waterproof ဖော်မြူလာတွေနဲ့ ထုတ်လုပ်ထားတာလည်း တွေ့ရနိုင်ပါတယ်။ ရေစိုခံတယ်ဆိုတော့ အဆင်ပြေတာပဲ ဆိုပေမယ့် ပြန်သန့်စင်တဲ့အခါ အလွယ်တကူ မပျက်နိုင်ပါဘူး။ နောက်ပြီး ဝက်ခြံထွက်တတ်တဲ့ အရေပြားရှိသူ ဆိုရင်တော့ ရေစိုခံနေလောင်ကာခရင်မ်တွေက အလာဂျီဖြစ်စေတတ်ပြီး ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။

SPF ကိန်းဂဏန်းက ဘာတွေလဲ
♥ နေလောင်ကာညွှန်းကိန်းမှာ များသောအားဖြင့် SPF 15, SPF 30, SPF 50 ဆိုပြီး ရှိပါတယ်။ ဒီကိန်းညွှန်းတွေက ယူဗီရောင်ခြည်တွေကို ကာကွယ်နိုင်စွမ်း ဖော်ညွှန်းကိန်း ဖြစ်ပါတယ်။ UVA ရော UVB ရော အချိုးအစား ညီညီ ကာကွယ်ပေးနိုင်မှ “broad spectrum” လို့ သတ်မှတ်တယ်လို့ US FDA က ဆိုပါတယ်။ နေလောင်ကာခရင်မ်မှာ UVA ချည်းပဲ ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ဒါမှမဟုတ် UVB ချည်းပဲ ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေချည်းပဲ ထည့်မယ်ဆိုရင် နေရောင်ဒဏ်ကို အပြည့်အဝ ကာကွယ်မပေးနိုင်လို့ broad spectrum လို့ ပြောလို့ မရပါဘူး။

♥ SPF 15 က ၉၃ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး SPF ၃၀ က ၉၇ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ SPF ၅၀ က ၉၈ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ၁၀ဝ ရာခိုင်နှုန်း ကာကွယ်ပေး နိုင်တဲ့ နေလောင်ကာခရင်မ်ဆိုတာ မရှိပါဘူး။

♥ SPF ညွှန်းကိန်းများလေ physical sunscreen ဆိုရင် အရေပြား ပိုခြောက်တတ်ပြီး chemical sunscreen ဆိုရင် ပိုပြီး စေးပျစ်တတ်ပါတယ်။ ဥပမာ – လူတစ်ယောက်က နေရောင်အောက်မှာ ဆယ်မိနစ်နေပြီး နေလောက်ဒဏ် ခံစားရမယ်ဆိုရင် နေလောင်ကာခရင်မ် SPF 15 လိမ်းပြီးတဲ့အခါ နေရောင် အောက်မှာ SPF 15 က မိနစ် ၁၅၀ ထိကာကွယ်ပေးမှာဖြစ်ပါတယ်။

♥ လူတစ်ယောက်နဲ့ တစ်ယောက် အသားရေ ကွာခြားမှုရှိတာကြောင့် နေလောင်ကာခရင်မ်ရဲ့ ခံနိုင်တဲ့ အချိန်ကလည်း ကွာသွားပါတယ်။ နှစ်နာရီခြားတစ်ခါ နေလောင်ကာခရင်မ် ထပ်လိမ်းပေးတာက စိတ်အချရဆုံးပါ။

မိတ်ကပ်နှင့် နေလောင်ကာခရင်မ်

♥♥♥ နေလောင်ကာခရင်မ်ကို လက်တွေ၊ ခြေထောက်တွေလိမ်းတာက လွယ်ကူပြီး အဆင်ပြေပါတယ်။ ဒီတော့ မျက်နှာမှာ ဘယ်လို နေလောင်ကာခရင်မ်လိမ်းမလဲ၊ အစိုဓာတ်ထိန်းခရင်မ်ရော၊ အောက်ခံ မိတ်ကပ်ရော၊ ပေါင်ဒါရော၊ နေလောင်ကာခရင်မ်ရော အကုန် ဘယ်လို လိမ်းရမလဲ မေးစရာ ဖြစ်လာပါတယ်။ နေလောင်ကာခရင်မ်ကို စနစ်တကျ မလိမ်းရင် သူရဲ့ အာနိသင်ကို မရနိုင်ပါဘူး။ ဒီအတွက် လိမ်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

Tips
♥♥♥ အရင်ဆုံး မျက်နှာပေါ်မှာ သင်လိမ်းနေကျ အစိုဓာတ်ထိန်းခရင်မ် Skin Care တွေကို အရင်လိမ်းပါ။

♥♥♥ ဒုတိယအဆင့်မှာ နေလောင်ကာခရင်မ်လိမ်းပါ။ နေလောင်ကာခရင်မ် မျက်နှာမှာလိမ်းဖို့ဆိုရင် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်ယူပါ။ မျက်နှာပြင် အနှံ့လိမ်းပါ။ ခြောက်အောင်ထားပါ။

♥♥♥ တတိယအဆင့်မှာ အောက်ခံမိတ်ကပ် ဖောင်ဒေးရှင်းလိမ်းပါ။ ဒီအပေါ်ကမှ ပေါင်ဒါ ထပ်လိမ်းနိုင်ပါတယ်။

Types of Facial Sunscreen
♥♥♥ မျက်နှာလိမ်း နေလောင်ကာခရင်မ် အမျိုးမျိုး ရှိပါတယ်။ SPF ပါဝင်တဲ့ အောက်ခံမိတ်ကပ်၊ SPF သီးသန့် မျက်နှာလိမ်းခရင်မ်၊ SPF ပါဝင်တဲ့ မိတ်ကပ်ပေါင်ဒါ၊ SPF ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် စသဖြင့် အမျိုးမျိုး ရှိပါတယ်။

♥♥♥ ဒီတော့ အပေါ်မှာပြောထားတဲ့ နေလောင်ကာခရင်မ် လိမ်းပုံ အဆင့်ဆင့်က SPF သီးသန့်ပါတဲ့ နေလောင်ကာခရင်မ်ကို ဘယ်လိုလိမ်းမလဲဆိုတာပါ။ ဒီ SPF သီးသန့်ပါတဲ့ နေလောင်ကာခရင်မ် လိမ်းပြီးရင်တော့ မိတ်ကပ်လိမ်းတဲ့အခါ ဖြစ်ဖြစ်၊ ပေါင်ဒါပုတ်ရင်ဖြစ်ဖြစ် SPF မပါတာပဲ အသုံးပြုပါ။ ဘာလို့လဲဆိုတော့ SPF တွေ လိမ်းတာများလွန်းရင်လည်း အရေပြားကို အလာဂျီဖြစ်စေတတ်ပြီး ချွေးပေါက်တွေပိတ်ကာ ဝက်ခြံထွက်လာစေပါတယ်။

♥♥♥ ဒါပေမယ့် နေလောင်ကာခရင်မ်ကို နှစ်နာရီခြားတစ်ခါ ထပ်လိမ်းပေးရမှာဖြစ် လို့ SPF သီးသန့်ပါတဲ့ နေလောင်ကာခရင်မ်ကို လိမ်းထားပြီး နောက်နှစ်နာရီ ကြာတဲ့အခါ အပေါ်ကနေ SPF ပါတဲ့ ပေါင်ဒါ ဖြစ်ဖြစ်၊ SPF ပါတဲ့ Spray ဖြစ်ဖြစ် လိမ်းပေးနိုင်ပါတယ်။ နှစ်နာရီခြား တစ်ခါ ကြိုက်တဲ့ နေလောင်ကာခရင်မ်ကို ပြောင်းလိမ်းလို့ ရပါတယ်။

♥ #ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *