အယ်လ်ဇိုင်းမားရောဂါရှိသူနှင့် စကားပြောလျှင်

အယ်လ်ဇိုင်းမားလိုမျိုး မှတ်ဉာဏ်ဆုံးရှုံးသူတွေနဲ့ စကားပြောရတာ အမှန်တကယ်ခက်ခဲလှပါတယ်။ အယ်လ်ဇိုင်းမားရောဂါရှိသူတွေဟာ စောစောစီးစီး အဆင့်မှာ အဓိပ္ပာယ်ရှိတဲ့စကားတွေ ပြောနိုင်သေးပေမဲ့ စကားတစ်ခွန်းကို ထပ်ကာထပ်ကာ ပြောတာ၊ မှန်ကန်တဲ့စကားကို ရွေးချယ်ဖို့ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

သူမဖြေနိုင်တဲ့ မေးခွန်းတွေ မေးပါများရင် စိုးရိမ်စိတ် ပိုမိုလွန်ကဲပြီး သတိမေ့လျော့တာ ပိုမိုဆိုးရွားနိုင်ပါတယ်။ သူတို့ဦးနှောက်က အရင်ကလောက် အလုပ်မလုပ်နိုင်တော့ဘူးဆိုတာကို သင်က နားလည်ပြီး သည်းခံပေးရပါမယ်။ ရောဂါ တဖြည်းဖြည်းဆိုးရွားလာတဲ့အခါမှာ ခက်ခဲနက်နဲတဲ့မေးခွန်းတွေကို မဖြေနိုင်တော့ပါဘူး။ သူတို့နဲ့ စကားပြောတဲ့အခါမှာ မျက်လုံးချင်းဆုံပြီး ဖြည်းဖြည်းချင်းသာ ပြောသင့်ပါတယ်။ လွယ်ကူပြီး တိုတောင်းတဲ့ စကားစုတွေကိုသာ ပြောပါ။ တစ်ကြိမ်ကို မေးခွန်းတစ်ခုသာ မေးပြီး သူ ပြန်ဖြေနိုင်ဖို့အတွက် အချိန်ပေး ရပါမယ်။ သင့်အနေနဲ့ သူနဲ့ပြောသင့်တဲ့ စကားတွေကို နားလည်သိရှိထားရင် သူနဲ့ ဆက်ဆံဖို့က အခက် အခဲရှိမှာ မဟုတ်တော့ပါဘူး။

♥ ပြောသင့်သောစကား ► သင့်သမီးအကြောင်း ပြောပြပါဦး။

အယ်လ်ဇိုင်းမားရောဂါရှိသူတွေအနေနဲ့ သူတို့ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ သူရဲ့ ၀ါသနာတွေကို ပြောဆိုရမှာကို အလွန်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ မေးခွန်းမေးတဲ့အခါမှာ သင့်သမီးအသက် ဘယ်လောက်ရှိသလဲဆိုတဲ့ တိကျတဲ့ အဖြေရနိုင်တဲ့ မေးခွန်းမျိုးကို မမေးသင့်ပါဘူး။ သူ့အတွက် အခက်အခဲဖြစ်နိုင်တာကြောင့်ပါ။ သူတို့တစ်တွေက ရက်ပိုင်း အတွင်းက ပြုလုပ်ခဲ့တဲ့အပြုအမူတွေကို သတိမရတတ်ပေမဲ့ ငယ်တုန်းကအကြောင်းတွေကို ပြန်ပြောနေရရင် ပျော်ရွှင်နေတတ်ပါတယ်။ အခုဖြစ်ပျက်နေတဲ့ အကြောင်းထက် အရင်က ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ပိုမိုပြီး သတိရနေတတ်ပါတယ်။

♥ ပြောသင့်သောစကား ► လက်ဖက်ရည်သောက်ပါဦးလား။

သင့်မေးခွန်းကို ပြန်ဖြေရာမှာ Yes or No သာ ဖြေရရင် သူတို့အတွက် အကောင်းဆုံးပါ။ ဘာဖျော်ရည်သောက်ချင်လဲဆိုတဲ့ မေးခွန်းမျိုးကိုတော့ မမေးသင့်ပါဘူး။ ဒီမေးခွန်းက သူ့အတွက် ဆုံးဖြတ်ချက်ချရမှာမို့လို့ အခက်အခဲဖြစ်နိုင်ပါတယ်။ တိုက်ရိုက်မေးတဲ့မေးခွန်းသာ သူ့အတွက် အသင့်တော်ဆုံးပါ။ ဥပမာအားဖြင့် ဒီနေ့ ဘာလုပ်ချင်သလဲ လို့ မေးမယ့်အစား အပြင်မှာ လမ်းထွက်လျှောက်မလားလို့ မေးတာက ပိုပြီး သင့်တော်ပါတယ်။

♥ ပြောသင့်သောစကား ► ဒီလိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သူက တစ်ခုခုပြောတာကို ကျေးဇူး တင်စကားပြောလိုက်တာက သူ့အတွက် သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိသွားပြီး စိုးရိမ် စိတ်လျော့နည်းသွားနိုင်ပါတယ်။ သူပြော တဲ့စကားအပေါ်မှာ ဘယ်တော့မှ မငြင်းပယ်လိုက်ပါနဲ့။ သူပြောတဲ့စကားမှန်မှန် မမှန်မှန် သူ့ကို ကျေးဇူးတင်တဲ့စကားပြောပေးပါ။ သူပြောတဲ့စကားမမှန်လို့ပြန်ပြင်ပေးတာက တခြားသူအတွက် အကျိုးရှိမယ်ဆိုရင် ပြင်ပေးလိုက်ပါ။ တကယ်လို့ ဘယ်သူမှ အကျိုးမရှိဘူးဆိုရင်တော့ ဘာမှ ပြောမနေပါနဲ့တော့။ ဥပမာအားဖြင့် သူက သူရဲ့ ပစ္စည်းတစ်ခုခုကို သူများခိုးသွားတယ်လို့ ပြောရင် ဟာ ဒါမဖြစ်နိုင်ဘူးဆိုပြီးတော့ မငြင်းခုန်လိုက်ပါ နဲ့။ ဒီလိုပြောပြတာ ကျေးဇူးတင်ပါတယ်၊ ငါ မေးကြည့်ပေးပါမယ်ဆိုတဲ့ စကားမျိုးသာ ပြောပါ။

♥ ပြောသင့်သော စကား ► ဒီဆေးရောင်သုတ်ထားတာ မင်းဘယ် လိုထင်သလဲ။
သူနဲ့စကားပြောရတဲ့အခါမှာ ပေါ့ ပေါ့ပါးပါးနဲ့ လွယ်ကူတဲ့စကားသာ ပြောပါ။ ဒီမေးခွန်းက ငါ့ကို နေရာပေးသေးပါ လားဆိုပြီး သူ့ကိုယ်သူ ယုံကြည်မှု မြင့်တက်သွားစေနိုင်ပါတယ်။

♥ ပြောသင့်သောစကား ► ငါလည်း အရင်က ဒီလိုမျိုးဖြစ်ဖူးပါတယ်။

အယ်လ်ဇိုင်းမားရောဂါရှိသူတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိရင် သတိမေ့လျော့တာ လျော့သွားနိုင်ပါတယ်။ သူ့အနေနဲ့ တစ်ခုခုပြောဖို့ မေ့နေတယ်၊ ဘာပြောရမှန်းမသိ ဖြစ်နေရင် ငါလည်း ဒီလိုမျိုးဖြစ်ဖူးပါတယ်၊ အေးအေးဆေးဆေးစဉ်းစားပါ။ ငါ ပြန်လာပြီး နားထောင်ပါ့ မယ် ဆိုတာမျိုး ပြောပါ။ သူ့အတွက် မေးခွန်းဖြေဖို့ အချိန်လုံလုံလောက်လောက် ပေးပါ။ သူတို့အမှားပြောမိရင် မရယ်မိပါစေနဲ့။

♥ မပြောသင့်သောစကား ► ကျွန်မနာမည်ဘယ်လိုခေါ်သလဲ။ မှတ်မိပါရဲ့လား။
ဒီမေးခွန်းမျိုးက သူ့ကို စိတ်တိုစရာ ဖြစ်စေနိုင်ပါတယ်။ စမ်းသပ်စစ်ဆေးသလိုမျိုး ဖြစ်စေတဲ့မေးခွန်းမျိုးကို ဘယ်တော့မှ မမေးပါနဲ့။ သူတို့ကို မလေးစားသလိုလည်း ဖြစ်သွားနိုင်ပါတယ်။

♥ မပြောသင့်သောစကား ► အခုရေသွားချိုးပါ။
အယ်လ်ဇိုင်းမားရောဂါရှိသူတွေအတွက် တစ်နေ့တာလုံး သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေပြုလုပ်နိုင်ဖို့ ညွှန်ကြား တာမျိုး လိုအပ်ပေမယ့် ပြုလုပ်ခိုင်းတဲ့ အခါမှာ အပြောတတ်ရပါမယ်။ ဘယ်သူ မှ သူတို့ကို တစ်ချိန်လုံး အမိန့်ပေးတာ၊ ဆရာလုပ်တာမျိုး မလိုလားကြပါဘူး။ အခု ရေသွားချိုးပါလို့ ပြောမယ့်အစား ကျွန်မတော့ ရေချိုးတော့မယ်၊ မင်း အရင်ချိုးနှင့်မလားလို့ ပြောသင့်ပါတယ်။

♥ မပြောသင့်သောစကား ► မဟုတ်ပါဘူး၊ ဒီလိုမျိုး မဖြစ်ပါဘူး။
အယ်လ်ဇိုင်းမားရောဂါရှိသူတွေရဲ့ ဦးနှောက်ဆဲလ်တွေက ပျက်စီးသွားတဲ့အတွက် တခြားသူဆီက ပေးပို့တဲ့ သ တင်းအချက်အလက်တွေကို လက်ခံတဲ့အခါမှာ နားလည်မှုလွဲနေတတ်ပါ တယ်။ ဒီလိုလူမျိုးတွေနဲ့ ငြင်းခုန်တာတွေက အကျိုးမရှိလှပါဘူး။ လူနာပျော်ရွှင်မှုနဲ့ လုံခြုံစိတ်ချရဖို့အတွက် အဓိကထားပါ။

♣ ဒေါက်တာခင်မိုးမိုး ♣

Good Health Journal 682

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *