ပလက်စတစ် ဆာဂျရီ လုပ်တော့မယ်ဆိုရင် . . .

ဟိုးအရင်ခေတ်တွေတုန်းကတော့ မိမွေးဖမွေးအတိုင်း သဘာဝအလှ ကိုယ်စီနဲ့ပါ။ ယနေ့ခေတ်မှာတော့ ပလက်စတစ်ဆာဂျရီ နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်လာပြီး ခေါင်းအစ ခြေအဆုံး ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ပြုလုပ်လာနိုင်ပါပြီ။ 

နည်းပညာတွေ တိုးတက်လာတဲ့အပေါ် သူ့ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကလည်း ယှဉ်တွဲနေပါတယ်။ ယနေ့ခေတ် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေထဲမှာလည်း ဆာဂျရီ မလုပ်ထားတဲ့သူဆိုတာ လက်ချိုးရေလို့ ရပါပြီ။ သာမန်ထက် လွန်ကဲတဲ့ နံရိုးချိုးပြီး ခါးသေးအောင် လုပ်တာ၊ ခန္ဓာကိုယ်နဲ့ မမျှတဲ့ အရွယ်အစားကြီးမားတဲ့ ဆီလီကွန်တွေ ထည့် တာ၊ လူသားတစ်ယောက်ရဲ့ ရုပ်သွင်ပျောက်ပြီး အရုပ်နဲ့ ချွတ်စွတ်တူအောင် ခွဲစိပ်ပြုပြင်တာတွေလည်း ကမ္ဘာအနှံ့မှာ တွေ့လာရပါတယ်။ မွေးရာပါ နှုတ်ခမ်းလေးပဲ့နေလို့ ပြုပြင်တာ၊ နှုတ်ခေါင်းလေး မပါလာလို့ ပြုပြင်တာမျိုး မဟုတ်တော့ဘဲ မိမွေး၊ ဖမွေး အကောင်း ပကတိ ရုပ်သွင်ကို ခွဲစိတ်ပြုပြင်လာတာ ဖြစ်ပါတယ်။

ဆာဂျရီတိုင်းဟာ ချောချော မွေ့မွေ့နဲ့ ပြီးသွားမယ်လို့ ဘယ်သူမှတော့ အာမ မခံနိုင်ပါဘူး။ ဒါကြောင့်လည်း ဆာဂျရီမလုပ်ခင်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သိရှိကြောင်း လက်မှတ်ရေးထိုး ရတာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်စဉ် နှစ်တိုင်းမှာ အလှအပရေးရာ ခွဲစိတ်ပြုပြင်တဲ့ ရာခိုင်နှုန်းက များပြားလာပါတယ်။ ဒီတော့ ပလက်စတစ်ဆာဂျရီ လုပ်တော့မယ် ဆုံးဖြစ်ထားရင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ခွဲစိတ်ဆရာဝန် ရွေးချယ်ခြင်း
သင့်ကို ခွဲစိပ်ပြုပြင်ပေးမယ့် ဆရာဝန်က Qualified ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘုဒ်အဖွဲ့က တရားဝင် အသိအမှတ်ပြုခံထားရမှုမျိုး ရှိသင့်ပါတယ်။ ခွဲစိတ်ဆရာဝန်ရဲ့ အတွေ့အကြုံသက် တမ်းကလည်း အရေးကြီးပါတယ်။ ဘယ်လိုစံနှုန်းနဲ့ ကိုက်ညီရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးကို စစ်ဆေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ဆေးထားတာမျိုး မရှိဘူးဆိုရင် သင်ကိုယ်တိုင် ခွဲစိတ်မယ့် ဆေးရုံ၊ ခွဲစိတ်ဆရာဝန်တွေ လုပ်သက်၊ အတွေ့အကြုံတွေကို အရင်ဆုံး နှံ့နှံ့စပ်စပ် သိအောင် လေ့လာထားသင့်ပါတယ်။

ပလက်စတစ်ဆာဂျရီနှင့် စိတ်ပိုင်းဆိုင်ရာ
သင်ပြုလုပ်မယ့် ဆာဂျရီကနေ ဖြစ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အရင်လေ့လာပြီး ချိန်ဆပါ။ သုတေသီတွေရဲ့ လေ့လာချက်အရ ဆာဂျရီပြုလုပ်ခဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ရင်သား ကြီးထွားအောင် ဆာဂျရီ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ခြေ မြင့်မားတယ်လို့ သုတေသီတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ခွဲစိတ် ဆရာဝန်တွေ အနေနဲ့လည်း လူနာရဲ့ စိတ်အခြေအနေနဲ့ ဖြစ်နိုင်ခြေတွေကို သုံးသပ်နိုင်အောင် အရင်ဆုံး တိုင်ပင် ဆွေးနွေးဖို့ လိုပါတယ်။

ဘာတွေကြိုတင်ပြင်ဆင်သင့်လဲ –
• သင်ပြုလုပ်မယ့် ဆာဂျရီ Process တစ်ခုလုံးမှာ ဆောင်ရွက်ရမယ့် အချက်တွေ အသေးစိတ်သိအောင် အရင် လေ့လာထားပါ။
• ရရှိလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်ဆပါ။
• ဆာဂျရီ တစ်ခါလုပ်ပြီးရင် ရှေ့ဆက်ပြီး Follow Up ဘယ်နှခါပြန်လုပ်ရမလဲ ဆိုတာ သိအောင်လုပ်ထားပါ။ ဒါမှလည်း ကုန်ကျစရိတ်အတွက် သင်ကြိုတင်ပြင်ဆင်လို့ ရမှာပါ။
• အိမ်အရွှေ့အပြောင်း လုပ်နေတဲ့အချိန်၊ ကလေးယူနေတဲ့အချိန်၊ အလုပ်အ ပြောင်းအရွှေ့လုပ်တဲ့အချိန် စတဲ့ စိတ်ဖိစီးစရာကိစ္စတွေ များတဲ့အချိန်မှာ ဆာဂျရီ လုပ်တာကို ရှောင်သင့်ပါတယ်။
• သင့်အိမ်၊ သင့်မွေးရပ်နဲ့ အလွန်ဝေးကွာတဲ့နေရာမှာ ဆာဂျရီ သွားလုပ်မယ်ဆိုရင် Follow Up အတွက် အခေါက်ခေါက် ပြန်သွားရနိုင်တာကို ထည့်စဉ်းစားသင့်ပါတယ်။
• ဆာဂျရီလုပ်ပြီးတဲ့အခါ ပုံမှန်မဟုတ်ဘဲ နာကျင်တာမျိုး၊ အမြင်အာရုံဝေ၀ါးတာမျိုး၊ Stroke ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေ ပြလာတာမျိုးတွေဖြစ်ရင် ဆရာဝန်ဆီ ပြန်ပြသင့်ပါတယ်။

ထူးဒါလီကိုကို (MPharm)  

Post Author: Good Health Journal