သင်္ကြန်ရေနှင့် မိတ်ကပ် တွေ့လျှင်ဖြင့် . . .

ပျိုမေတို့ရေ . . . သင်္ကြန်အခါသ မယက မကြာခင်ရောက်လာတော့မှာဖြစ်ပါတယ်။ Makeup Junkies လေးတွေ ကလည်း ဘယ်လို Makeup Look တွေ လိမ်းခြယ်မလဲ ကြိုစဉ်းစားနေကြမှာပါ။ ရာသီဥတုကပူလို့ ချွေးထွက်ရင် အလှပျက်မှာစိုးရိမ်နေရတဲ့အပြင် သင်္ကြန်ရေနဲ့ပါ ပက်ဖျန်းခံရမှာကို ထည့်စဉ်းစားရမှာပါ။ 

မိတ်ကပ်တွေ အထူကြီးလိမ်းသွားမယ်၊ အိုင်းရှဲဒိုးတွေ အထူကြီး ခြယ်သွားမယ်ဆိုလို့ အဆင်မပြေနိုင်ပါဘူး။ ရေစိုရင် မိတ်ကပ်တွေက အနည်းနဲ့အများ ပျံ့နိုင်ပြီး ကွက်တတ်ပါတယ်။ ဒါဆို ရှိရင်းစွဲ မူလအလှလေးတောင် ပျက်သွားနိုင်ပါတယ်။

ဒီအတွက် သင်္ကြန် Makeup Tips တွေ ကို ဖော်ပြပေးလိုက်ပါတယ်။

 ရေစိုခံအောင် ရေစိုခံမိတ်ကပ်ပဲ ရွေးဝယ်လိုက်ရင် စိတ်အေးရမှာပဲလို့ မဟုတ် သေးပါဘူး။

 ရေစိုခံမိတ်ကပ်တွေမှာ waterproof နဲ့ water resistant ဆိုပြီး ရှိပါတယ်။ Waterproof က ချွေးနဲ့အဆီတွေကြောင့်ပါ မိတ်ကပ်မပျက်စေပါဘူး၊ ဒါပေမယ့် သူက အရမ်းထူတဲ့မိတ်ကပ်သားဖြစ်လို့ ချွေးပေါက်တွေပိတ်စေနိုင်ပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

 ဒါကြောင့် waterproof မိတ်ကပ် ရွေးမယ်ဆိုရင် သူ့ကိုဖော်စပ်ထားတဲ့ ပါဝင်ပစ္စည်းတွေထဲက သင်နဲ့မတည့်တာတွေ ပါဝင်နေလားစစ်ပါ။

 ရေစိုခံမိတ်ကပ်တွေက ပုံမှန် နေ့စဉ် လိမ်းမိတ်ကပ်တွေထက် ပိုပြီးထူထဲ၊ ပျစ်နှစ်၊ စေးကပ်တဲ့အတွက် ပုံမှန် မျက်နှာသစ်နေကျအတိုင်း သစ်ရင် မပြောင်နိုင်ပါဘူး။ ဒီအခါ အရေပြားမှာ ချွေးပေါက်တွေ ပိတ်စေပါတယ်။ ဒါကြောင့် မိတ်ကပ် အထူတွေ ပြောင်စင်စေနိုင်တဲ့ မိတ်ကပ်ဖျက်ဆေးအမျိုးအစားကို ရွေးချယ်ပြီး သန့်စင်ပါ။

 ပြောင်စင်အောင်သန့်စင်ပြီးတဲ့အခါ အိပ်ရာမဝင်ခင် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

 Water resistant မိတ်ကပ်ကကျတော့ waterproof မိတ်ကပ်လိုပဲ ရေစိုခံနိုင်ပြီး မိတ်ကပ်သားက သိပ်မထူတာကြောင့် အသားအရေကို သိပ်ပြီး မထိခိုက်စေပါဘူး။

 ရေစိုခံမိတ်ကပ်တွေမှာ ရေစိုခံဖို့ ဖယောင်း၊ ဆော့လ်ဗန့်၊ ပေါ်လီမာတွေ ပါဝင်တတ်ပါတယ်။ ပေါ်လီမာတွေဖြစ်တဲ့ Acrylates Copolymer နဲ့ Isododecane တွေကတော့ အရေပြားကို ဥပါဒ်မဖြစ်စေပါဘူး။

 ဆီလီကွန်တွေ ပါဝင်တဲ့ ရေစိုခံမိတ်ကပ်တွေဆိုရင်တော့ ချွေးပေါက်တွေကို လုံးဝပိတ်သွားစေနိုင်လို့ အရေပြား ယားယံတာ၊ ဝက်ခြံထွက်တာတွေ ဖြစ်စေတတ်ပါတယ်။

 ရေစိုခံမိတ်ကပ်ကို ဘယ်မိတ်ကပ် အမျိုးအစားပဲရွေးရွေး မလိမ်းခင်မှာ SPF (Sun Protection Factor) ဝင်တဲ့ နေလောင်ကာခရင်မ် လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

 သင်္ကြန်နေပူပူထဲမှာ လမ်းလျှောက်ရနိုင်တာမို့ နှုတ်ခမ်းနီကိုလည်း SPF ပါတာ ဆိုးသင့်ပါတယ်။

 ရေစိုခံမိတ်ကပ်တွေက အရေပြား ကျန်းမာရေးအတွက် မသင့်တော်တဲ့အတွက် နေ့တိုင်းမလိမ်းပါနဲ့။

#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *