အဖြူဆင်းခြင်းက ပြောပြနိုင်သော သင့်ကျန်းမာရေး အခြေအနေ

ယောနိနဲ့ သားအိမ်ခေါင်းအကျိတ်ကထုတ်လုပ်လိုက်တဲ့ အရည်တွေ မိန်းမ ကိုယ်ပေါက်ကနေ ထွက်လာတာကို အဖြူဆင်းတယ်လို့ သိထားကြပါတယ်။ ဒီအရည် ထဲမှာ ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေ ပါဝင်လာတတ်ပါတယ်။ ဒီအရည်က မိန်းမ ကိုယ်ကို သန့်ရှင်းမှုရှိစေပြီး ရောဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ ဒီအရည်က အဖြူရောင်အကြည်ကနေ နို့အရောင်ဖြစ်နေတာက ပုံမှန်အခြေအနေပါ။ အနံ့အသက် အနည်းငယ်ရှိနိုင်ပါတယ်။

မိန်းမကိုယ်က ဆင်းတဲ့အရည်ကို ကြည့်ရှုပြီး သင့်ကျန်းမာရေးအခြေ အနေကို သိရှိနိုင်ပါတယ်။
အရည်ဆင်းတဲ့ ပမာဏက အချိန်အခါနဲ့လိုက်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်။
ဓမ္မတာသွေးပေါ်ပြီးပြီးချင်းမှာ အဖြူရည်မဆင်းပါဘူး။ သွေးပေါ်ပြီး ၂-၃ ရက် အကြာမှ အဖြူရည်ပျစ်ပျစ်ဆင်းပါတယ်။ ရက်အနည်းငယ်ကြာလာတဲ့အခါမှာ တော့ ချွဲရည်နဲ့ ပိုပြီးတူလာပါတယ်။ မျိုးဥကြွေချိန်မတိုင်ခင်မှာ စေးကပ်ကပ်အကြည်ရည် ဆင်းလာပြီး နောက်တစ်လ ဓမ္မတာသွေးပေါ်ချိန်အထိ အဖြူရောင်ပျစ်ပျစ် အရည် ဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း အဖြူနို့ရည်ရောင်ကျဲကျဲလေးနဲ့ ပမာဏများများ ဆင်းတတ်ပါတယ်။ မီးယပ်သွေးဆုံးခါနီးနဲ့ သွေးဆုံးချိန်တွေမှာတော့ အီစတရိုဂျင်ပမာဏလျော့ကျသွားတာကြောင့် အဖြူဆင်းတာနည်းသွားတတ်ပါတယ်။
အောက်ပါအကြောင်းအရာတွေကြောင့်လည်း အီစတရိုဂျင်ပမာဏ လျော့နည်း ပြီး အဖြူဆင်းတာ နည်းပါးသွားနိုင်ပါတယ်။
♦ သားမြတ်ကင်ဆာ၊ သားအိမ်အလုံး သို့မဟုတ် မြုံသောကြောင့် ဆေးဝါး ကုထုံး၊ ဟော်မုန်းကုထုံး အသုံးပြုခြင်း။
♦ မမျိုးဥအိမ်ကို ခွဲစိတ်ကုသဖယ်ရှာထားခြင်း။
♦ တင်ပဆုံကွင်းတွင် ဓာတ်ကင်ရခြင်း။
♦ ကင်ဆာဆေးဝါးဖြင့် ကုသမှုခံယူထားရခြင်း။
♦ စိတ်ဖိစီးမှုဒဏ် အလွန်အမင်းခံရခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း။

အဖြူဆင်းတဲ့ အရောင်ကိုကြည့်ရှုပြီး သင့်ကျန်းမာရေးအခြေအနေ ကို သိရှိနိုင်ပါတယ်။

အဖြူရောင် အရည်ပျစ်ပျစ်ဆင်းခြင်း
သင့်မိန်းမကိုယ်က အဖြူရည်ပျစ်ပျစ်ဆင်းတာ၊ ယားယံတာနဲ့ ပူစပ်ပူလောင်တာ တွေဖြစ်နေရင် Yeast ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဓမ္မတာသွေးမပေါ်ခင်နဲ့ ပေါ်အပြီးမှာ ဒီလိုအဖြူပျစ်ပျစ်ဆင်းတာက ပုံမှန်ပါ။

အဝါရောင်ဆင်းခြင်း
အဝါရောင်အရည်တွေဆင်းနေတာက ဘက်တီးရီးယားပိုးကူးစက်ခံရတာ ဒါမှမဟုတ် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါကြောင့်ပါ။ အနံ့အသက်ရှိပါတယ်။

အညိုရောင်ဆင်းခြင်း
အညိုရောင်တွေဆင်းနေတာက ပုံမှန်အခြေအနေမဟုတ်တာကြောင့်ပါ။ သားအိမ် ဒါမှမဟုတ် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်တာမို့ သားဖွားမီးယပ်ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မီးယပ်သွေးဆုံးချိန်မှာ မိန်းမကိုယ် ကနေ ဒီလိုမျိုးပုံစံအညိုရောင်တွေဆင်းလာခဲ့ရင် သားအိမ်ကင်ဆာရဲ့လက္ခဏာဖြစ် တတ်ပါတယ်။

အစိမ်းရောင်ဆင်းခြင်း
ပုံမှန် မဟုတ်ပါဘူး။ ဘက်တီးရီးယားပိုးဝင်တာ ဒါမှမဟုတ် လိင်မှတစ်ဆင့် ကူးစက်ရောဂါရရှိနေတာကြောင့်ပါ။ ပဋိဇီဝဆေးဝါးနဲ့ ကုသမှုခံယူဖို့ လိုအပ်တဲ့အတွက် ဆရာဝန်နဲ့ ပြသပါ။

တစေးပိုးကြောင့် အဖြူဆင်းခြင်း
မိန်းမကိုယ်ထဲ မှိုပိုးတွေ ပေါက်ဖွားမှုများလာတဲ့ အခါမှာ ဒိန်ခဲဖြူလို အဖြူရောင် ခပ်ပျစ်ပျစ်တွေ ဆင်းလာတာနဲ့အတူ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲတာနဲ့ ပူစပ် ပူလောင် ဖြစ်နေတတ်ပါတယ်။ အမျိုးသမီးထု ၉၀% က ဘဝရဲ့ တစ်ချိန်ချိန်မှာ မှိုပိုး ကူးစက်ခံရလေ့ရှိပါတယ်။ ကူးစက်နိုင်တဲ့ရောဂါမဟုတ်ပါဘူး။ ဆေး ဆိုင်မှာဝယ်လို့ရတဲ့ မှိုပိုးသတ်လိမ်းဆေးတွေနဲ့ သက်သာနိုင်ပါတယ်။ ဆေးလိမ်းလို့မှမသက်သာရင် ဒါမှမ ဟုတ် တစ်နှစ်ကို လေးကြိမ်လောက် ဒီလိုဖြစ်နေရင် ဆရာဝန်နဲ့ ပြသပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal