အူမကြီးကင်ဆာမဖြစ်အောင် ဘာစားသင့်သလဲ၊ ဘာရှောင်သင့်သလဲ

အူမကြီးကင်ဆာဟာ ကင်ဆာရောဂါထဲက အမျိုးသားရော၊ အမျိုးသမီးတွေမှာပါ တတိယအဖြစ်များဆုံးသော ကင်ဆာ အမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကို ရွေးချယ်ပြီး စားသောက်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်တာနဲ့ အယ်လ်ကိုဟောပမာဏ အနည်းဆုံးဖြစ်အောင် သောက်တာတွေက ဒီကင်ဆာရောဂါမဖြစ်အောင် သုံးပုံတစ်ပုံ အထိ လျှော့ချနိုင်ပါတယ်။

စားသင့်သော အစားအစာများ

နို့နဲ့နို့ထွက်ပစ္စည်း
လေ့လာမှုအများအပြားအရ ကယ်လ်စီယမ်ပါဝင်မှုများတဲ့ နို့ထွက်ကုန်ပစ္စည်းတွေ ကို စားသုံးတာက အူမကြီးအတွင်း အကျိတ်ဖြစ်နိုင်ခြေ နည်းပါးနိုင်တယ်လို့ သိရပါတယ်။ ကယ်လ်စီယမ်အားဖြည့်ဆေးကို မှီဝဲတာကလည်း တူညီတဲ့အကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။ ဗီတာမင် ဒီ ကို မှီဝဲတာကလည်း အူမကြီးကင်ဆာမဖြစ်အောင် ကာ ကွယ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ
ဒီအစားအစာတွေမှာ အာဟာရဓာတ်များစွာ ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ ဒီအစားအစာတွေက ၀မ်းလှုပ်ရှားမှုမှန်ကန်စေတဲ့အတွက် အူမကြီးအတွင်း ရောက်ရှိနေတဲ့ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို စွန့်ထုတ်ဖို့ ကူညီနိုင်ပါတယ်။ နေ့စဉ် ကောက်နှံတစ်ခုလုံးပါဝင်စာကို ၉၀ ဂရမ် ပါဝင် အောင် စားပေးပါ။ ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်နဲ့ အုတ်စပါးလို အစားအစာတွေ ဟာ ကောက်နှံတစ်ခုလုံး ပါဝင်စာတွေဖြစ်ပါတယ်။

ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင် ဘီ နဲ့ ဗီတာမင် အီး တွေ များစွာ ပါဝင်ပါတယ်။ ဒါတွေအပြင် သူတို့မှာ ပါဝင်တဲ့ ဖလေဗိုနွိုက်ဒြပ်ပေါင်းတွေက ကင်ဆာကျိတ်တွေကြီးထွားမှုမရှိအောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုး မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ် ပေးထားနိုင်ပါတယ်။

ရောင်စုံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ
သူတို့မှာ ပါဝင်တဲ့ အပင်ဒြပ်ပေါင်းတွေက ကင်ဆာကျိတ်ကြီးထွားမှုကို ပိတ်ပင်နိုင်တာ ဒါမှမဟုတ် ကင်ဆာအတွက် လောင်စာဖြစ်စေတဲ့ ရောင်ရမ်းတာကို တွန်းလှန်နိုင်ပါတယ်။ အူမကြီးကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံတွေကတော့ ဘရိုကိုလီ၊ ဂေါ်ဖီထုပ်နဲ့ လိမ္မော်သီးလိုမျိုး ဗီတာ မင် စီ ပါဝင်မှုများတဲ့ သစ်သီးတွေ ဖြစ်ပါတယ်။

ငါး
ဆယ်လ်မွန်လိုမျိုး အဆီပါဝင်မှုများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေ မြောက်မြားစွာ ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်သလို ကင်ဆာဆဲလ်ကြီးထွားမှုကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ ငါးစားတာ ကြောင့် အူမကြီးကင်ဆာကို ကာကွယ်နိုင်သလားဆိုတာကိုတော့ သေချာရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တချို့ပင်လယ်ငါးမှာ မာကျူရီ (ခဲဆိပ်) ပါဝင်နေတဲ့အတွက် ကျန်းမာရေးကို ဒုက္ခပေးနိုင်တာကြောင့်ပါ။

အကန့်အသတ်ဖြင့်သာ စားသင့်သောအစားအစာများ

အနီရောင်အသားများ
အမဲသား၊ သိုးသားနဲ့ ၀က်သားလိုမျိုး အနီရောင်အသားတွေကို ပုံမှန်စားသုံးတာက အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အသားတွေကြောင့် ကင်ဆာဖြစ်သလား ဒါမှမဟုတ် အဲဒီအသားတွေကို အပူချိန်မြင့်မားစွာနဲ့ ချက်ပြုတ်လိုက်တဲ့အခါမှာ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထွက်လာတာကြောင့် ကင်ဆာဖြစ်သလားဆိုတာကို အခုထိလေ့လာဆဲလို့ သိရပါတယ်။

ပြုပြင်ထားသော အသားများ
အသားပြား၊ ၀က်အူချောင်း၊ ငါးခြောက်လိုမျိုး ဆားနယ်ထားတာ၊ အခြောက်ခံ ထားတာလိုမျိုး တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာတွေကို စားတာက အူမကြီးနဲ့ အစာ အိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။

အယ်လ်ကိုဟော
တစ်နေ့ကို တစ်ယူနစ်လောက် သောက်တာကတော့ အူမကြီးကင်ဆာဖြစ်နိုင်ခြေအတွက် အကျိုးသက်ရောက်မှု သိပ်မရှိလောက်ပါဘူး။ ဒါပေမဲ့ နေ့စဉ် နှစ်ယူနစ်ကနေ သုံးယူနစ်အထိ သောက်ခဲ့ရင်တော့ ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုမြင့် မားသွားပြီး အရက်စွဲသူတွေအနေနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းအထိ ပိုမြင့်မားလာနိုင်ပါတယ်။ သင်ဟာ အယ်လ်ကိုဟောကို တစ်နေ့ သုံးယူနစ်ထက် ပိုသောက်သုံးသူဖြစ်နေရင် အူမကြီးကင်ဆာအတွက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ် သင့်ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်၊ ကဖင်းပါတဲ့ဖျော်ရည်၊ အချိုစာ၊ အာလူးနဲ့ ကြက်သွန်ဖြူ တွေအနေနဲ့ အူမကြီးကင်ဆာဖြစ်ဖို့ တွန်းအားပေးသလား ဒါမှမဟုတ် ကာကွယ်နိုင်သလားဆိုတာကိုတော့ သုတေသီတွေက ယခုအထိ လေ့လာဆဲပါ။

♦ ဒေါက်တာခင်မိုးမိုး ♦

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *