အဆုတ်ကင်ဆာရောဂါကို ဘာကြောင့် နောက်ကျမှသိရတာလဲ

♦ အဆုတ်ကင်ဆာလို့ သိလိုက်ရတဲ့အချိန် က ဘာကြောင့်နောက်ကျနေရတာပါလဲ ဆရာမ။
အဆုတ်ကင်ဆာလို့ သိရတဲ့အချိန် မှာ နောက်ကျနေတတ်တာကတော့ အ များအားဖြင့် မှန်ပါတယ်။ ဘာကြောင့် လဲဆိုတော့ မြန်မာလူမျိုးတွေရဲ့ စိတ် သဘာဝကြောင့်ပါ။ မြန်မာလူမျိုးတွေက တော်ရုံတန်ရုံရောဂါဖြစ်တာလောက်ကို အောင့်အည်းသည်းခံနေတတ်ကြပါတယ်။ နီးရာဆေးဆိုင်မှာပဲ ဆေးဝယ်သောက်ပြီး နေတတ်ကြတယ်။ ဆေးရုံဆေးခန်းသွားဖို့ ကြောက်တတ်ကြပါတယ်။ အတော်လေး မခံမရပ်နိုင်ဖြစ်မှ ဆရာဝန်ဆီရောက်လာ တတ်ကြတော့ ရောဂါအခြေအနေလွန် ကာမှ၊ နောက်ကျမှ ရောက်လာတတ်ကြ ပါတယ်။ အဆုတ်ကင်ဆာလို့ စောစော သိနိုင်ဖို့က နှစ်တိုင်း Medical check-up စ လုပ်တဲ့အခါ ဓာတ်မှန်ရိုက်ရင် သိနိုင် ပါတယ်။ ဂျပန်နိုင်ငံမှာဆို နှစ်စဉ်ပုံမှန် ဓာတ်မှန်ရိုက်တော့ ကင်ဆာဖြစ်ပြီဆိုရင် ကြိုသိပါတယ်။ ဆရာမရဲ့ ဂျပန်နိုင်ငံက ဆရာအရင်းမှာ နှစ်စဉ်ပုံမှန်ရိုက်တဲ့ ဓာတ် မှန်မှာ အဆုတ်ကင်ဆာဖြစ်တာတွေ့ရတဲ့ အတွက် အဆုတ်ကို စောစောစီးစီး ဖြတ် ထုတ်လိုက်နိုင်တာကြောင့် ဝေဒနာကို စောစောစီးစီး ကုသလိုက်နိုင်ပါတယ်။ မြန်မာတွေက ဓာတ်မှန်ကို နှစ်တိုင်းရိုက် တယ်ဆိုတာ ရှားပါတယ်။ ရောဂါဖြစ်မှပဲ ရိုက်တတ်ကြပါတယ်။ ရောဂါပေါ်ပြီး သုံး၊ လေးလ လောက်ကြာမှ ဆရာဝန်ဆီ ရောက်လာပြီး အဲဒီတော့မှ ဓာတ်မှန်ရိုက် ကြည့်တာဆိုတော့ နောက်ကျနေတာ များပါတယ်။ ဆရာမရဲ့ အတွေ့အကြုံ အရပြောရရင် ဆရာမဆီကိုရောက်လာ တဲ့ အဆုတ်ကင်ဆာဝေဒနာရှင် ၁၀ ယောက်မှာ အဆုတ်ကို ခွဲစိတ်ကုသလိုက် နိုင်တဲ့လူနာက အလွန်ဆုံး သုံးယောက် ထက် မပိုပါဘူး။ ခုနစ်ယောက်လောက်က နောက်ကျပြီးမှ ရောက်လာတတ်တာကြောင့် ကုသပျောက်ကင်းဖို့ အခွင့်အလမ်းက အ တော်နည်းသွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးပညာဗဟုသုတနည်းတာ ကြောင့် ဖြစ်နိုင်သလို၊ ရောဂါရှာဖွေစစ် ဆေးဖို့နေရာတွေနဲ့ အလှမ်းဝေးတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ငွေကြေးမလိုက် နိုင်တာ၊ နောက်ဆုံးပေါ်နည်းပညာတွေကို မလိုက်နိုင်တာတွေကြောင့်လည်း စစ် ဆေးမှုမလုပ်ဖြစ်တာတွေ ရှိပါတယ်။

♦ အဆုတ်ကင်ဆာဖြစ်သူတွေမှာ ဘယ်လို လက္ခဏာမျိုးတွေ တွေ့ရတတ်ပါသလဲ ဆရာမ။
အဆုတ်ဆိုတဲ့အတွက် အသက်ရှူ လမ်းကြောင်းကလာတဲ့ လက္ခဏာတွေ က အများဆုံးပါ။ လူနာတွေမှာ အဓိက ဖြစ်တတ်တဲ့လက္ခဏာက ချောင်းဆိုးတာ ပါ။ ချောင်းဆိုးတာက ခါတိုင်းချောင်းဆိုး တာမျိုးမဟုတ်ဘဲ ပုံမမှန်ချောင်းဆိုးတာ မျိုးတွေ့ရရင် ကင်ဆာဘက်ကို ပြောင်း သွားတာဖြစ်နိုင်ပါတယ်။
အရင်က ချောင်းဆိုးတဲ့လူက ပုံမ မှန်ချောင်းဆိုးတဲ့ပုံစံ ပြောင်းသွားတာဖြစ် နိုင်သလို၊ ချောင်းဆိုးတဲ့အကြိမ်ရေတွေ ပြောင်းသွားတာလည်း ဖြစ်နိုင်တယ်။ အရင်တုန်းက တစ်လတစ်ခါလောက်ပဲ ချောင်းဆိုးပေမယ့် အခုဆက်တိုက် ချောင်းဆိုးနေတာ ဖြစ်နိုင်တယ်။ သလိပ် ထဲမှာ သွေးစပါတယ်။ လေး၊ ငါးရက်နေ ရင် သလိပ်ထဲသွေးစပါလိုက်၊ ပျောက် သွားလိုက်ဖြစ်တယ်။ တချို့လည်း သွေး တော်တော်အန်ပြီး ရောက်လာတတ် တယ်။ အဲဒီလိုလူနာမျိုးကတော့ ရှားပါ တယ်။ သလိပ်ထဲမှာ သွေးပါလိုက်၊ ပျောက်လိုက်ဖြစ်တာတော့ များပါတယ်။
အရေးကြီးတဲ့လက္ခဏာကတော့ ကင်ဆာရှိတဲ့ အဆုတ်ဘက်အခြမ်းက နာလာတာ၊ အောင့်လာတာ၊ ခါတိုင်းမနာ ဖူးတဲ့နေရာမှာ နာလာတာတွေဖြစ်တတ်ပါ တယ်။ အသက်ရှူရင် နာတာဖြစ်နိုင်သ လို၊ ဒီတိုင်းနေရင်းနဲ့ တစ်ချိန်လုံးနာနေ တာလည်း ဖြစ်နိုင်ပါတယ်။ တီဘီရောဂါ မှာ ဒါမျိုးမနာတတ်ဘူး။ အောင့်တာ၊ နာ တာကလည်း ကင်ဆာရဲ့ အရေးကြီးတဲ့ လက္ခဏာပါ။
နောက်တစ်ခုက ရင်ကျပ်တာပါ။ ခါတိုင်း ရင်ကျပ်တတ်တယ်ဆိုပေမယ့် ကင်ဆာဖြစ်လာရင် ပိုပြီးကျပ်တတ်ပါ တယ်။ အဆုတ်ကင်ဆာက ဆေးလိပ် သောက်သူတွေမှာ ပိုဖြစ်တတ်တာပါ။ ဆေးလိပ်သောက်လို့ အဆုတ်လေပြွန် တွေ ရောင်ရမ်းလို့ အရင်တုန်းကတည်း က ရင်ကျပ်တတ်တယ်ဆိုပေမယ့် အ ဆုတ်ကင်ဆာဖြစ်လာရင်တော့ ပိုပြီးရင် ကျပ်တတ်ပါတယ်။ ခါတိုင်းသောက်နေ ကျဆေးနဲ့ မသက်သာတော့ဘူး။

♦ အဆုတ်ကင်ဆာရောဂါရဲ့ နောက်ကျမှ တွေ့ရတတ်တဲ့ လက်္ခဏာတွေကကော ရှင်းပြပေးပါ ဆရာမ။
အဆုတ်ကင်ဆာနဲ့ပတ်သက်ပြီး ကင်ဆာက ပိတ်နေလို့ပဲဖြစ်ဖြစ်၊ အဆုတ် ကနေ တခြားအင်္ဂါတွေကို ကင်ဆာပျံ့ သွားလို့ပဲဖြစ်ဖြစ် ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဥပမာပြောရရင် အဆုတ်ကင်ဆာက ဦးနှောက်ကို ရောက် သွားတဲ့အခါ ခေါင်းထဲမှာ သွေးဖိအား တက်ပြီး အော့တာ၊ အန်တာ၊ ခေါင်း ကိုက်တာ၊ အပြောအဆို၊ အပြုအမူ ပြောင်းလဲသွားတာတွေ ဖြစ်တတ်ပါ တယ်။
ကင်ဆာက အရိုးကိုပျံ့သွားလို့ ခါးနာတာ ဖြစ်တတ်တယ်။ ချော်လဲလို့ ခါးနာတယ် ထင်ရပေမယ့် တကယ်တော့ ကင်ဆာက အရိုးကို စားထားတာ၊ တိုက် ဆိုင်တော့ ချော်လဲတဲ့ အချိန်မှ အရိုးကျိုး သွားတာနဲ့ လာတတ်တယ်။ အဆုတ် ကင်ဆာက အရေပြားကို ပျံ့နှံ့ပြီး အရေ ပြားမှာ ကင်ဆာအဖုလေးတွေ ပေါ်လာမှ ရောက်လာတာမျိုးလည်း ရှိတယ်။
လည်ပင်းမှာ အကျိတ်ပေါ်လို့ သတိ ထားမိပြီး ဓာတ်မှန်ရိုက်လိုက်တော့မှ အဆုတ်မှာကင်ဆာဖြစ်နေတာတွေ့တယ်။ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဖြစ်တာက ချောင်းဆိုးတာ၊ သွေးပါတာ၊ ရွှီရွှီမြည်မယ်၊ ရင်ဘတ်အောင့်မယ်၊ နောက် တစ်ခုက အစားအသောက်ပျက်တယ်၊ အရင်က စားနိုင်၊ သောက်နိုင်ပေမယ့် ကင် ဆာဖြစ်လာတော့ သိပ်မစားနိုင်တော့ဘူး။ ကိုယ်အလေးချိန်ကျမယ်။ တချို့ဆို ငွေ့ ငွေ့လေးဖျားတယ်။
အဆုတ်ကင်ဆာကနေထွက်တဲ့ ဟော် မုန်းတွေကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ ပေါ် တတ်ပါတယ်။ အဲဒါတွေကCushing’s Syndrome လို့ခေါ်တဲ့ရောဂါ၊ ခြေလက် တွေမသယ်နိုင်တဲ့ ကြွက်သားအားနည်း တဲ့ ရောဂါနဲ့ ဦးနှောက်၊ အာရုံကြောရောဂါ တွေနဲ့လည်း လာတတ်ပါတယ်။

♦ နောက်ကျမှ ဆရာမတို့ဆီ ရောက်လာတဲ့ အဆုတ်ကင်ဆာ ဝေဒနာရှင်တွေကို ဘယ်လိုကုသမှုတွေ လုပ်ပေးပါသလဲ။
ကင်ဆာဖြစ်တာနောက်ကျမှ ဆရာမ တို့ဆီရောက်လာတဲ့ လူနာတွေကို Quality of life ကို အထူးကြိုးစားပြီး ကုသပေး ရပါတယ်။ နေရမယ့်အချိန်သိပ်မကျန်တော့ တဲ့လူနာကို နေရတဲ့အချိန်အတွင်းမှာ ခံ စားရတဲ့ဝေဒနာကို သက်သာအောင်ပဲကု သပေးရတာက အများဆုံးပါပဲ။ အနာသက် သာအောင်၊ အမောသက်သာအောင်၊ အ စာမ၀င်ရင် နည်းနည်းပိုဝင်အောင်၊ နေ သာထိုင်သာရှိအောင်၊ လူနာရဲ့ အရိပ်အ ခြေ၊ လူနာအနေအထား၊ ရောဂါလက္ခဏာ ပေါ်မူတည်ပြီး ကုသပေးရပါတယ်။ ဥပမာ-လူနာရဲ့အဆုတ်အမြှေးထဲ ရေ၀င်နေ တာကို ဘယ်လိုထုတ်ထုတ် မကုန်ဘူး ဆိုရင် လုပ်ဖော်ကိုင်ဖက်အဆုတ်နဲ့ ရင် ခေါင်းခွဲစိတ်ဆရာဝန်ရဲ့ အကူအညီကို ယူပြီး အဆုတ်အမြှေးထဲကရေကို စုပ် ထုတ်ပြီး အမြှေးနှစ်ခုကပ်သွားအောင် အ ဆုတ်ရေခန်းဆေး ထိုးပေးလိုက်ရင် လူနာ က အဆုတ်မြှေးကရေကို ခဏခဏ မ ထုတ်ရဘူး။ အမောသက်သာတယ်။ လူ နာမှာ ရောဂါကြောင့် အရိုးတွေစားသွား လို့ သိပ်နာကျင်နေတယ်ဆိုရင် အဲဒီနေ ရာလေးကိုပဲကွက်ပြီး ဓာတ်ရောင်ခြည်ပေး လိုက်ရင် နာတာသက်သာသွားတယ်။ သက်တမ်းကိုဆွဲဆန့်တာမျိုးတော့ မဟုတ် ဘူး။ ခံစားနေရတဲ့ လတ်တလောဝေဒနာ တွေကို သက်သာအောင် လုပ်ပေးတာပါ။ တချို့ဦးနှောက်ထဲ ကင်ဆာပျံ့သွားတဲ့လူနာ တွေမှာ ခေါင်းကိုက်ပြီး တစ်ချိန်လုံးအော့ အန်နေတာကို သက်သာအောင် ဦးခေါင်း ပိုင်းကင်ဆာပျံ့တဲ့နေရာကို ဓာတ်ရောင်ခြည် ပြတာလုပ်ပေးလိုက်ရင် ခေါင်းထဲက ဖိ အားနည်းနည်းကျသွားတာကြောင့် ဝေဒနာ သက်သာသွားပါတယ်။ ဆေးဝါးတွေက လည်း ဝေဒနာအခြေအနေ အမျိုးမျိုးပေါ် လိုက်ပြီး ပေးရပါတယ်။ အကိုက်အခဲ ပျောက်ဆေးအုပ်စုမှာပါတဲ့ ပါရာစီတမော ကစပြီး ဘိန်းအုပ်စုဝင်ဆေးတွေ အထိ ပေးပြီး ဝေဒနာသက်သာအောင် လုပ်ပေး ရပါတယ်။
နောက်ဆုံး လူနာကသိပ်မောပြီး နာကျင်နေရင် မော်ဖင်းလိုဆေးမျိုးကို ပေးသင့်ရင် ပေးရပါတယ်။ လူနာရဲ့ဝေဒနာပြင်းထန်မှုနဲ့ ဆရာဝန်ရဲ့အတွေ့အကြုံတွေပေါ်မှာ အခြေ ခံပြီးတော့ လိုအပ်သလို ကုသပေးရပါတယ်။ ရေ၀င်တယ်ဆိုရင် ရေထုတ်ပေးတာ၊ သိပ် မောကျပ်လာတယ်ဆိုရင် အဆုတ်လေပြွန်ကျယ်ဆေးတွေ ရှူခိုင်းတယ်။ ဒါတွေက ယေ ဘုယျလုပ်ခိုင်းနေရတဲ့ ကိစ္စတွေပါ။ အစားမ၀င်ရင် လူနာဘက်ကလက်ခံရင် နှာခေါင်း ပိုက်ထည့်ပြီး အစာသွင်းပေးပါတယ်။ သိပ်အစားမ၀င်တော့ဘူးဆိုရင် အကြောဆေး သွင်းပေးမယ်။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး လူနာသက်သာအောင် တတ်နိုင်သ လောက် လုပ်ပေးပါတယ်။

◘ ပါမောက္ခဒေါက်တာရတနာကျော် (အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *