အရွယ်အိုမင်းမှု မြန်ဆန်စေသည့် အပြုအမူများ (၂)

တစ်နေ့ကို ရှစ်နာရီထက် ပိုထိုင်တာက ရှစ်နှစ်လောက် ပိုအိုစာတယ်လို့ ထင်ရစေနိုင်သလို သူငယ် ချင်းမရှိတာ၊ တစ်ယောက်တည်းနေရတာတွေက အရွယ်အိုမင်းမှုမြန်ဆန်ပြီး တခြား ကျန်းမာရေး ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ အရွယ်အိုမင်းမှုမြန်ဆန်စေတဲ့ တခြား အပြုအမူတွေလည်း ရှိသေးတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ရေးဝအောင် မအိပ်ခြင်း
သင့်အနေနဲ့ အိပ်ရေးမဝခဲ့ရင် သင့်အရေပြားက အချိန်မတိုင်ခင် အရေးကြောင်းတွေပေါ်ပြီး တွဲကျနိုင် ပါတယ်။ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောတွေ အထွက်များလာပြီး အရေပြားချောမွေ့ တင်းရင်းစေတဲ့ ကော်လာဂျင်တွေကို ဖျက်ဆီးလိုက် တာကြောင့်လို့ဆိုပါတယ်။ ဒါကြောင့် အိပ်ချိန်ကိုပုံမှန် ထားပြီး အိပ်ရေးဝအောင် အိပ်ရပါမယ်။ အိပ်ရာမဝင် ခင် အရက်သောက်တာ၊ ကော်ဖီသောက်တာနဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာကြည့်တာတွေကို ရှောင် ကြဉ်ပါ။

၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက ကင်ဆာ ဖြစ်နိုင်ဖို့ အခွင့်အလမ်းများသလို ငယ်ငယ်ရွယ်ရွယ်နဲ့ အရေး ကြောင်းပေါ်တာ၊ အသားအရေတွဲကျတာတွေဖြစ် လာနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် အ ရေပြားမျက်နှာပြင်ကို ပို့ပေးနေတဲ့ အောက်ဆီဂျင် ပြည့်ဝတဲ့ သွေးရောက်ရှိမှုလျော့နည်းသွားတဲ့အပြင် ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်မှုလည်း နှေး ကွေးသွားတာကြောင့်လို့ ဆိုပါတယ်။

၃။ နေရောင်ခြည်နှင့်ထိတွေ့မှုများလွန်းခြင်း
နေရောင်ခြည်နဲ့ အနည်းငယ်ထိတွေ့တာက ဗီ တာမင်ရရှိဖို့ ကောင်းမွန်ပေမယ့် ပူပြင်းလွန်းတဲ့ နေ ရောင်ခြည်နဲ့ ကြာရှည်ထိတွေ့ခဲ့ရင် နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေက အရေပြားပေါ် က ကော်လာဂျင်တွေကို ဖျက်ဆီးလိုက်တဲ့အပြင် ခန္ဓာကိုယ်က ပရိုတင်းအီလက်စတင်တွေ ထုတ်လုပ် မှုပိုများလာပါတယ်။ အီလက်စတင်တွေ များလာတာ ကြောင့် အရေပြားထူထပ်ပြီး ကြမ်းတမ်းလာတဲ့အပြင် အရေးကြောင်းကြီးတွေ၊ သက်ကြီးအစက်အပြောက် တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ ထိတွေ့ရတော့မယ်ဆိုရင် ခန္ဓာကိုယ်ကို ဖုံးအုပ်နိုင် မယ့် အဝတ်အစား၊ ဦးထုပ်၊ နေကာမျက်မှန်လိုမျိုး တွေနဲ့ အကာအကွယ်ယူပါ။SPF 30 နဲ့အထက်ပါဝင် တဲ့ နေရောင်ကာလိမ်းဆေးကိုလည်း အပြင်မထွက် ခင် နာရီဝက်အလိုကတည်းက လိမ်းထားပါ။

၄။ အရေပြားအစိုဓာတ်ထိန်းခရင်မ် အသုံး မပြုခြင်း
သင့်အရေပြားက ခြောက်သွေ့နေရင် ကြမ်း တမ်းလာပြီး အဖတ်တွေကွာလာကာ အသက်ကြီး ရင့်တဲ့ပုံစံ ထင်ရနိုင်ပါတယ်။ အယ်လ်ကိုဟောမပါဝင် တဲ့ ဆပ်ပြာအပျော့စားနဲ့ တစ်နေ့ နှစ်ခါ ရေချိုးပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။

၅။ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော အစားအစာများ စားသုံးခြင်း
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ တခြားနာတာရှည် ရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်သလို သင့်ကို လည်း အရွယ်တင်နုပျိုစေနိုင်ပါတယ်။ အဆီများတဲ့ အနီရောင်အသားတွေကို ရှောင်ကြဉ်ပြီး ငါး၊ အခွံမာ သီး၊ သံလွင်ဆီ၊ ထောပတ်သီးလိုမျိုး ကျန်းမာရေး ကောင်းစေတဲ့အဆီပါဝင်တဲ့အစားအစာတွေကိုသာ စားပေးပါ။ ကောက်နှံတစ်ခုလုံးပါဝင်စာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း ပါဝင်အောင် စား သုံးပါ။

၆။ လေ့ကျင့်ခန်း လုံလုံလောက်လောက် မပြုလုပ်ခြင်း
လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာက ငယ်ရွယ်နုပျိုစေနိုင်တဲ့သော့ချက်တစ်ခုပါ။ သူ့ကြောင့် ကြွက် သားသန်မာပြီး စွမ်းအင်တွေမြင့်တက်လာကာ စိတ် ခံစားချက်လည်း ကောင်းမွန်လာပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်စွမ်းအားသန်စွမ်းလာပြီး နှလုံးရောဂါလို မျိုး အသက်အရွယ်ကြောင့်ဖြစ်နိုင်တဲ့ ရောဂါတွေ လည်း ဖြစ်နိုင်ခြေလျော့နည်းသွားပါတယ်။ အား ကစားခန်းမသွားပြီး လေ့ကျင့်ခန်းလုပ်စရာမလိုပါဘူး။ လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ကခုန်တာလို မျိုးကို တစ်နေ့ မိနစ် ၃၀ လောက်ပြုလုပ်နိုင်ပါတယ်။

၇။ အပေါင်းအသင်းမရှိခြင်း
သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အမြဲတမ်းထိ တွေ့နေသူက ငယ်ရွယ်နုပျိုနိုင်တဲ့အပြင် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာရေးကောင်းမွန်နိုင်ပါတယ်။ စိုးရိမ် စိတ်၊ စိတ်ကျဝေဒနာနဲ့ အယ်လ်ဇိုင်းမားအပါအဝင် သူငယ်ပြန်ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။

၈။ သွေးဖိအားကို ပုံမှန်မတိုင်းတာခြင်း
သွေးဖိအားမြင့်တက်တာက အသက်ကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာ(ဥပမာ သူငယ်ပြန် ရောဂါ)၊ အတိတ်မေ့ရောဂါတွေ ဖြစ်နိုင်ခြေမြင့် တက်လာပါတယ်။ ဦးနှောက်ထဲက သွေးကြောတွေ ပျက်စီးသွားတာကြောင့်ပါ။ သွေးဖိအားကို အစားအ သောက်၊ လေ့ကျင့်ခန်း၊ ဆေးဝါးနဲ့ ထိန်းချုပ်နိုင်သူ တွေက ဦးနှောက်ပျက်စီးမှုမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

၉။ မကြာခဏ မျက်မှောင်ကြုတ်ခြင်း
မျက်မှောင်ကြုတ်လိုက်တဲ့အခါမှာ မျက်နှာပေါ် က အရေပြားတွေတွန့်သွားတဲ့အတွက် ကြာလာရင် မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာနိုင်ပါ တယ်။ အမှန်မှာတော့ ရယ်မောတာ၊ ပြုံးတာလိုမျိုး မျက်နှာအမူအရာတွေကို ထပ်ကာထပ်ကာ ပြုလုပ် ရင်လည်း အရေးကြောင်းတွေ ပေါ်လာနိုင်ပါတယ်။ မကြာခဏ အိမ်ကနေ အပြင်ထွက်ရသူတွေအနေနဲ့ နေကာမျက်မှန်တပ်ထားပါမှ မျက်မှောင်မကြုတ် အောင်ကာကွယ်နိုင်တဲ့အတွက် မျက်ဝန်းထောင့် စွန်းက ကျီးကန်းခြေထောက်တွေ မဖြစ်မှာပါ။

၁၀။ လူမှုရေးလုပ်ငန်းများ မပြုလုပ်ခြင်း
သင်က သူတစ်ပါးအဆင်ပြေစေဖို့ ငွေထုတ်ပေး လိုက်တဲ့အခါမှာ မိမိကိုယ်ပိုင်အတွက် ငွေကုန်သွား တာထက် စိတ်ပျော်ရွှင်မှုဟော်မုန်း အင်ဒိုဖင်တွေ ပိုမို ထွက်ရှိလာပါတယ်။ ငွေကြေးအကူအညီ တစ်ခု တည်းတင်မဟုတ်ပါဘူး၊ တခြားအရာတွေမှာ အကူ အညီပေးရင်လည်း ဒီလိုအကျိုးကျေးဇူးတွေရရှိပြီး စိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်မှုရရှိသွားနိုင်ပါတယ်။ စိတ် ဖိစီးမှုနည်းပါးသွားတာကြောင့် နှလုံးကျန်းမာရေးနဲ့ ခုခံအားစနစ်တွေ ပိုမိုကောင်းမွန်သွားနိုင်ပါတယ်။

၁၁။ ကျန်းမာရေးစစ်ဆေးမှုမပြုလုပ်ခြင်း
သင်ဟာ အသက် ၅၀ ကျော်သူဖြစ်နေရင် နှစ် စဉ်နှစ်တိုင်း ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်သင့် ပါတယ်။ သွေးဖိအား၊ ကိုလက်စထရောနဲ့ သွေးတွင်း သကြားဓာတ်တွေကို ပုံမှန်စစ်ဆေးပေးပါ။ ဒါတွေမြင့် တက်နေတာက နှလုံးရောဂါ၊ သူငယ်ပြန်ရောဂါနဲ့ တခြားအသက်အရွယ်နဲ့ဆိုင်တဲ့ ကျန်းမာရေးချို့ယွင်း မှုတွေဖြစ်လာနိုင်ပါတယ်။ သင့်မှာ ရောဂါကို စော စောစီးစီးရှာဖွေတွေ့ရှိနိုင်လေလေ၊ ကုသဖို့ လွယ်ကူ လေလေပါ။

♥လှပတ္တမြား

Post Author: Good Health Journal