အမျိုးသားများ သိထားသင့်သည့် ကိုယ်ဝန်သည်များအကြောင်း

အိမ်ထောင်ဦးစီး လင်ယောကျ်ားများက မိန်းမမှာ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားတတ်ကြပါတယ်။ ဒီလိုဝမ်းသာနေရုံနဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ မိန်းမကိုယ်ဝန်ဆောင်နေချိန်မှာ ပြောင်းလဲတတ်တဲ့ အောက်ဖော်ပြပါအပြုအမူ၊ အနေအထိုင်၊ အစားအသောက်တွေကိုလည်းသိထားပြီး လိုက်လျောညီထွေစွာ နေထိုင်သင့်ပါတယ်။

သူဗိုက်ဆာတတ်ပါတယ်
သင်ရဲ့ ကိုယ်ဝန်ဆောင်မိန်းမက ခါတိုင်းထက်ပိုမိုပြီး အစာစားဖို့ လိုအပ်တဲ့အတွက် သူ့အနားမှာ အဆာပြေစားလို့ရတဲ့ စားစရာတွေကို ဝယ်ထားပေးပါ။

♥ သူပုံပျက်လာတာကိုစကားလုပ်ပြီးမပြောပါနဲ့
သင့်မိန်းမဗိုက်ကြီးလို့ ပုံပျက်အောင် ဝလာတယ်လို့ သူ့ကို ဘယ်တော့မှ မပြောပါနဲ့။ သူ့ဘာသာသူ ဝလာမှန်း သိနေပါတယ်။ ဒီလိုပြောမယ့်အစား ငါ့မိန်းမလှလာတယ်လို့သာပြောပေးလိုက်ပါ။

သူကမေ့လျော့တတ်ပါတယ်
ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကြောင့် အခန်းသော့ကို ဘယ်နားထားခဲ့မိမှန်းမသိတော့တာလိုမျိုး မေ့လျော့တာတွေ ဖြစ်လာတတ်ကြပါတယ်။ ကလေးမွေးဖွားပြီးသွားရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။

လိင်ဆက်ဆံမှုပြုလုပ်တာကသန္ဓေသားလောင်းအပေါ်ဒုက္ခမပေးနိုင်ပါဘူး
တချို့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ လိင်စိတ်ပိုတက်ကြွတတ်ပြီး တချို့တွေကတော့ လိင်ကိစ္စစိတ်ဝင်စားမှု လျော့နည်းသွားတတ်ပါတယ်။

သူတို့ကသင့်ထက်ခေါင်းအုံးကိုပိုပြီးလိုအပ်ပါတယ်
ဒီကာလတွေမှာ သင်နဲ့ သင့်မိန်းမက အိပ်ချိန်တူမှာ မဟုတ်နိုင်ပါဘူး။ သင်ကလည်း သင့်မိန်းမဘေးမှာ ငှက်ပျောတုံးကြီးလို ငြိမ်ငြိမ်လေး အိပ်နေချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိန်းမက သူနှစ်သက်တဲ့ ဖက်ခေါင်းအုံးနဲ့ အိပ်နေစဉ်မှာ သင်က ဆိုဖာပေါ်မှာ သက်သောင့်သက်သာနဲ့ တီဗီကြည့်တာ၊ စာဖတ်တာမျိုးတွေကိုပြုလုပ်ပါ။

♥ ကိုယ်ဝန်သည်ကိုဦးစားပေးပါ
သင့်အနေနဲ့ ကလေးအဖေ ဖြစ်ရတော့မှာမို့ စိတ်လှုပ်ရှားမှုရှိနိုင်ပေမယ့် ကိုယ်ဝန်ဆောင်ထားရတဲ့ မိမိရဲ့မိန်းမက ပြောင်းလဲမှုတွေကို တစ်ချိန်လုံးတွေ့ကြုံ ခံစားနေရတာမို့ သူ့ကို အလိုလိုက်ပါ။

မွေးခန်းထဲဝင်ရာမှာသူနဲ့အတူတူရှိရမယ့်လူကိုမိန်းမကိုသာဆုံးဖြတ်ခိုင်းပါ
ဒါကိုလည်း သင့်မိန်းမရဲ့ သဘောထားအတိုင်း လိုက်နာပါ။ သူမွေးဖွားနေစဉ် သင့်ကို အနားမှာရှိနေစေချင်ရင် မွေးခန်းတစ်ဝိုက်မှာ သင်နေလိုက်ပါ။ သူက သူ့အမေကို မွေးခန်းနားမှာနေစေချင်ရင် သူ့အမေကို နေခိုင်းလိုက်ပါ။

သူပင်ပန်းနေလို့ပါ… ပျင်းရိနေတာမဟုတ်ပါ
ကိုယ်ဝန်ဆောင်ထားရတာမို့ ခန္ဓာကိုယ်က နဂိုထက် သုံးဆခန့် ပိုကြီးမားလာတာရယ်၊ ညဘက်မှာ ခဏခဏ နိုးထရတာရယ်ကြောင့် ကိုယ်ဝန်သည်တွေက ပင်ပန်းနေတတ်ပါတယ်။ ဒါကို ပျင်းရိနေတာနဲ့ မမှားယွင်းမိလိုက်ပါနဲ့။

အနှိပ်ခံချင်တတ်ကြပါတယ်
ကိုယ်ဝန်ဆောင်ထားရတဲ့အတွက် ခန္ဓာကိုယ်အချိုးအစား အနေအထား ပြောင်းလဲသွားတာကြောင့် ခါးနာ ခါးညောင်းတတ်ပါတယ်။ ညဘက် ခါးညောင်းလို့ အနှိပ်ခံချင်ရင်လည်း နှိပ်ပေးလိုက်ပါ။

သူ့ကိုဆေးခန်းအချိန်မှန်ပြပေးဖို့ကအရေးကြီးပါတယ်
အမျိုးသားတွေအနေနဲ့ သူ့ကို ဆေးခန်းလိုက်ပြရလို့ အချိန်ကုန်တယ်လို့ မိမိမိန်းမကို မပြောလိုက်မိပါစေနဲ့။ သူနဲ့ ဆေးခန်းကိုလိုက်သွားပြီးAltarsound ရိုက်တဲ့အခါ ဗိုက်ထဲက ကလေးကို အတူ တူကြည့်ရင်း ဝမ်းသာကြည်နူးလိုက်ပါ။

သူ့စိတ်ကြိုက်ဆုံးဖြတ်ခိုင်းပါ
သင့်မိန်းမက ဗိုက်ခွဲပြီးမွေးချင်တယ်ဆိုရင် “မင်းသေချာဆုံးဖြတ်ပြီးပြီလား”လို့ မမေးလိုက်ပါနဲ့။ သူလုပ်ချင်တာကို လိုက်လျောပေးလိုက်ပါ။

သူကဟော်မုန်းကြောင့်ပုံမှန်စိတ်မဟုတ်ပေမယ့်ဒါကိုစကားလုပ်ပြီးမပြောပါနဲ့
သူက ပုံမှန်စိတ်မဟုတ်တာကြောင့် ပေါကြောင်ကြောင်ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး အော်ဟောက်နေရင် သူ့ကို ဟော်မုန်းပြောင်းလဲနေပြီလို့ မပြောလိုက်ပါနဲ့။ ဒီလိုဖြစ်နေမှန်း သင်ကသိသလို သူလည်းသိရှိနားလည်ပါတယ်။ ဒါပေမဲ့ ဒါကိုစကားလုပ်ပြီး မပြောပါနဲ့။

သူမှန်ပါတယ်
အိမ်မှာ လင်မယားစကားများတာ၊ ရန်ဖြစ်တာ မဖြစ်ချင်ရင် သူပြောသမျှကိုမှန်တယ်လို့ လက်ခံလိုက်ပါ။

♥ သူကြောက်နေတတ်ပါတယ်
ကိုယ်ဝန်ဆောင်ထားရတာက တစ်ကမ္ဘာလုံးအတွက် ပုံမှန်အခြေအနေ ဖြစ်နေပေမယ့် သင့်မိန်းမအတွက်ကတော့ ကြောက်နေတတ်ပါတယ်။ သူရဲ့ ပြောင်းလဲသွားမယ့် ခန္ဓာကိုယ်၊ ကလေးမွေးဖွားရမှာ၊ မွေးလာတဲ့ ကလေးကို ဂရုစိုက်ပြီးပြုစုရမှာကို တွေးပူပြီး ကြောက်လန့်နေတတ်ကာ အိပ်မရတဲ့ ညတွေများလာနိုင်ပါတယ်။ ဒါကို သင်က “အားလုံးအဆင်ပြေသွားမှာပါ”လို့ ပြောရုံနဲ့ မပြီးပါဘူး။ သူ့ကို ကြင်ကြင်နာနာ ယုယုယယဆက်ဆံပေးရပါမယ်။

အရေးကြီးဆုံးက ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့ပါပဲ။ ကိုယ်ဝန်ဆောင်ပြီး ကလေးရလာတဲ့အခါမှာ သင်၊ သင့်မိန်းမနဲ့ သင့်အိမ်ထောင်ရေးက ပြောင်းလဲသွားပြီး ကလေးသံယောဇဉ်ကြောင့် ပိုမိုခိုင်မာလာနိုင်ပါတယ်။

♦♦♦ ဒေါက်တာခင်မိုးမိုး ♦♦♦

Post Author: Good Health Journal