အမျိုးသမီးများ မျိုးပွားနိုင်စွမ်း ကောင်းမွန်စေရန်

အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ကျပြီးပြီးချင်း ကိုယ်ဝန်ရသွားကြသူတွေရှိ သလို တချို့ကျတော့လည်း ကလေးအရမ်းလိုချင်ပေမယ့် ကိုယ်ဝန်မရသေးတဲ့သူတွေ ရှိပါတယ်။ တချို့တွေကျတော့လည်း ကလေးမလိုချင်သေးလို့၊ ကလေးယူဖို့ အဆင် သင့် မဖြစ်သေးလို့ တားဆေးအမျိုးမျိုး အသုံးပြုပြီးနောက် ကလေးပြန်လိုချင်လို့ ကြိုး စားပေမယ့် ကိုယ်ဝန်မရနိုင်သေးတဲ့သူတွေလည်း ရှိပါတယ်။ ဒီအတွက် အမျိုးသမီး တွေ မျိုးပွားနိုင်စွမ်းကျဆင်းရတဲ့အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ချိန်လုံးစိတ်ဖိစီးမှုများနေခြင်း
သင်ဟာ တစ်ချိန်လုံး စိတ်ဖိစီးမှုများနေသူဖြစ်ရင် သင်ရဲ့ သွေးထဲမှာ အယ်လ် ဖာအမိုင်းလစ်စ် (စိတ်ဖိစီးမှုအမှတ်အသား)ပမာဏတွေ မြင့်တက်နေပြီး ကလေးရ နိုင်တဲ့အခွင့်အလမ်း ၂၉ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ပါတယ်။ အထူးသဖြင့် အလုပ် လုပ်ရတဲ့အမျိုးသမီးတွေဟာ အိမ်ထောင့်တာဝန်တစ်ဖက်၊ အလုပ်တာဝန်တစ်ဖက်နဲ့ ဖိစီးမှုများလွန်းတာကြောင့် ကလေးရဖို့ ခဲယဉ်းနေရတာ ဖြစ်ပါတယ်။
တစ်ချိန်လုံးစိတ်ဖိစီးမှုဖြစ်နေရင် ယောဂကျင့်တာ ဒါမှမဟုတ် တရားထိုင်တာတွေ ကို ပုံမှန်ပြုလုပ်ပေးရပါမယ်။

အဆင်သင့်စာများ စားသုံးခြင်း
ဘာဂါ၊ ပီဇာနဲ့ အာလူးချောင်းကြော်လိုမျိုး အစားအစာတွေကို စားသုံးတတ်တဲ့ အကျင့်က သင့်ခါးရဲ့ အတိုင်းအတာကို ကြီးထွားလာစေရုံမက သင့်အတွက် တခြား ကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဆင်သင့်စာတွေထဲမှာ ကို လက်စထရောပမာဏတွေ မြင့်မားစွာ ပါဝင်တယ်လို့ သုတေသီတွေက တွေ့ရှိထား ကြပြီး ကိုလက်စထရောကြောင့် သွေးကြောပိတ်တာအပါအ၀င် ခန္ဓာကိုယ်ရဲ့ Sex ဟော်မုန်းထုတ်လုပ်မှုကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ တက်စထရိုစတီရုန်းနဲ့ ပရို ဂျက်စတုန်းလိုမျိုး Sex ဟော်မုန်းတွေ ညီညွတ်မျှတမှုရှိမှသာ ကိုယ်ဝန်ရရှိနိုင်ပါတယ်။

ကိုယ်အလေးချိန်မြင့်တက်ခြင်း/လျော့နည်းခြင်း
သင်ရဲ့ ကိုယ်အလေးချိန်က ပုံမှန်ရှိရမယ့်အနေအထားထက် မြင့်တက်တာ ဒါ မှမဟုတ် လျော့နည်းတာ ဖြစ်နေရင်လည်း ကလေးရနိုင်တဲ့အခွင့်အလမ်းမှာ အနှောင့် အယှက်ဖြစ်နိုင်ပါတယ်။ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အလေးချိန်အချိုးအစား(BMI) ဟာ အမြင့်ပိုင်းမှာ ရောက်နေရင် Sex ဟော်မုန်းထုတ်လုပ်မှုမှာ အနှောင့်အယှက်ဖြစ် သွားတတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိသင့်တဲ့အဆီထက် ၁၀-၁၅ ရာခိုင်နှုန်း ပိုမြင့်မား နေရင်တောင်မှ အီစထရိုဂျင်ထွက်ရှိလာတဲ့ ပမာဏတွေ များပြီး ဓမ္မတာစက်ဝန်းအ နှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အဆီဟာ ရှိသင့်တာထက် ၁၀-၁၅ ရာခိုင်နှုန်းနည်းသွားရင်လည်း လက်ပ်တင်ဟော်မုန်းတွေ လျော့နည်းသွားနိုင်ကာ ဓမ္မတာစက်ဝန်းကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

အသက်အရွယ်
အမျိုးသမီးတွေအနေနဲ့ အသက် ၄၀-၅၀ ကျော်အရွယ်မှာ မီးယပ်သွေးဆုံး သွားတတ်ပါတယ်။ အဓိပ္ပာယ်ကတော့ မမျိုးဥအိမ်ကနေ သားဥမထုတ်လုပ်နိုင်တော့ ပါ။ အမျိုးသမီးတွေအနေနဲ့ ၃၅ နှစ်နောက်ပိုင်းမှာ မျိုးပွားနိုင်စွမ်းခက်ခဲသွားပါတယ်။ မျိုးဥရဲ့ အရေအတွက်နဲ့ အရည်အသွေးတွေက ကျဆင်းသွားတာကြောင့်ပါ။ ခရိုမိုဇုန်း တွေ ပုံမှန်အခြေအနေမဟုတ်နိုင်တော့တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၂၀-၃၅ ရာခိုင်နှုန်းရှိပြီး မွေးရာပါချို့ယွင်းချက်ဖြစ်တဲ့ ပြဿနာတွေလည်း ဖြစ်ပေါ်လာနိုင်ပါ တယ်။

အရက်
တစ်ပတ်ကို အရက်တစ်ခွက်သောက်တာက ပြဿနာမရှိလှပေမယ့် တစ်နေ့ကို တစ်ခွက်ထက် ပိုသောက်ခဲ့ရင်တော့ ကိုယ်ဝန်ရရှိနိုင်တဲ့အခွင့်အလမ်း လျော့နည်းသွား နိုင်ပါတယ်။ ၂၀၀၄ ခုနှစ်က ဆွီဒင်အမျိုးသမီးပေါင်း ၇၀၀၀ ကျော်ကို ၁၈ နှစ်တာ လေ့လာမှုပြုလုပ်ချက်အရ တစ်နေ့ကို အရက်တစ်ခွက်ထက် ပိုမိုသောက်သုံးသူတွေက မျိုးပွားမှုဆိုင်ရာ ပြဿနာတွေ ပိုမိုဖြစ်တယ်လို့ သိရပါတယ်။

ဆေးလိပ်
ဆေးလိပ်သောက်တာကြောင့် ကျန်းမာရေးအတွက် ဆိုးရွားနိုင်တဲ့အထဲမှာ ကလေးရနိုင်တဲ့အခွင့်အလမ်းတွေ ကျဆင်းသွားတာကလည်း တစ်ခုအပါအ၀င်ပါ။ မျိုးမပွားနိုင်တဲ့လူနာအားလုံးရဲ့ ၁၃ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်တာကြောင့်ပါလို့ အမေရိကန်နိုင်ငံ မျိုးပွားအင်္ဂါရပ်ဆိုင်ရာ ဆေးပညာအဖွဲ့က ထုတ်ဖော်ထားပါတယ်။

လိင်ကျန်းမာရေး
လိင်ကျန်းမာရေးအန္တရာယ်ကင်းဖို့အတွက် ယနေ့ခေတ်အခါမှာ အကာအကွယ် တွေ အသုံးပြုနေကြပါပြီ။ အကာအကွယ်အသုံးမပြုသူတွေမှာတော့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရရှိနိုင်ပြီး မျိုးပွားနိုင်တဲ့အခွင့်အရေးတွေ သိသိသာသာ လျော့ နည်းသွားပါတယ်။

ကဖင်း
လေ့လာမှုတချို့အရ ကဖင်းဟာ မျိုးပွားမှုဖြစ်စဉ်ကို အနှောင့်အယှက်ပေးနိုင် တယ်လို့ သိရပါတယ်။ ကဖင်းဟာ မျိုးဥတွေကို ဥပြွန်တစ်လျှောက် ကျဆင်းလာဖို့ အတွက် ပြုလုပ်ပေးတဲ့ ဥပြွန်ကြွက်သားတွေရဲ့ ညှစ်နိုင်စွမ်းကို အနှောင့်အယှက်ပေး နိုင်တာကြောင့်လို့ ဆိုပါတယ်။

သားအိမ်ခေါင်းချွဲအရည်အသွေး
သားအိမ်ခေါင်းအတွင်းက ချွဲတွေက သုက်ပိုးတွေ၊ ဥပြွန်အတွင်း ရွေ့လျား သွားနိုင်ဖို့အတွက် ကူညီနိုင်ပါတယ်။ သားအိမ်ချွဲတွေမှာ ပြဿနာရှိနေရင် ကလေးရ ဖို့ အခွင့်အလမ်းနည်းပါးသွားနိုင်ပါတယ်။ ပုံမှန်ဆေးလိပ်သောက်တာကြောင့် သား အိမ်ခေါင်းချွဲတွေရဲ့ အရည်အသွေး ကျဆင်းသွားနိုင်ပါတယ်။

အိပ်ရာမ၀င်မီ ဖုန်းအသုံးပြုခြင်း
အိပ်ရာမ၀င်ခင် လက်ကိုင်ဖုန်းလိုမျိုး အီလက်ထရွန်နစ်ပစ္စည်းတွေကနေ ထွက်ရှိလာတဲ့အလင်းတန်းကို ထိတွေ့မှုများတာက အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှုမရှိတော့ပါဘူး။ ဒီလိုဖြစ်တာ က ကလေးရနိုင်တဲ့အခွင့်အလမ်းတွေ နည်းသွားနိုင်တဲ့အပြင် အိပ်စက်မှုဟော်မုန်း ထုတ်လုပ်မှုလည်း လျော့နည်းသွားတဲ့အတွက် ကလေးကြီးထွားမှုဖြစ်စဉ်လည်း နှေး ကွေးသွားနိုင်ပါတယ်။
သင်ဟာ ကိုယ်ဝန်ရရှိဖို့ ကြိုးစားနေသူဖြစ်ရင် အထက်ပါအချက်အလက်တွေကို သတိပြုပြီး ဆင်ခြင်သင့်ပါတယ်။
◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *