အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်နာဖြစ်စေလား

အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေး ထွက်ဆိုးကျိုးအန္တရာယ်အကြောင်း သိချင်ပါ တယ်။
အကိုက်အခဲပျောက်ဆေး NSAID (Non Steriodal Anti-inflammatory Drug) တွေက ကမ္ဘာပေါ်မှာ အသုံးများ တဲ့ ဆေးတွေပါ။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာတောင် လူဦးရေရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်းက အကိုက်အခဲ ပျောက်ဆေးတစ်မျိုးမျိုးကို သောက်သုံးနေ ကြပြီး လူ ၁၀၀၀၀ ကနေ ၂၀၀၀၀ လောက်အထိ အကိုက်အခဲပျောက်ဆေး တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် နှစ်စဉ်သေဆုံးနေကြပါတယ်။

အကိုက်အခဲပျောက်ဆေးတွေက ဘာ တွေပါလဲ
အကိုက်အခဲပျောက်ဆေး(NSAID) ကို ယေဘုယျအနေနဲ့ အုပ်စု နှစ်ခုခွဲခြားနိုင်ပါတယ်။
(၁) အရင်က စတင်ထွက်ပေါ်ခဲ့တဲ့ အကိုက်အခဲပျောက်ဆေး(Tradi-tional NSAID eg. Naproxen, Ibuprofen, Diclofenac)
(၂) ယခုနောက်ပိုင်းထွက်ပေါ်လာတဲ့ အ ကိုက်အခဲပျောက်ဆေး  (Selective COX-2 inhibitors eg. Cele-coxib, Celestal, Rofecoxib)

အကိုက်အခဲပျောက်ဆေးတွေ သောက် သုံးတာကြောင့် ရနိုင်တဲ့ ဆေးရဲ့အာနိသင် ကောင်းကျိုးတွေက ဘာတွေပါလဲ။
အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးမယ်ဆိုရင် နာကျင်ကိုက်ခဲ တာ တွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ သွား ကိုက်တာ၊ ခွဲစိတ်ပြီးနောက် နာကျင်တာ စတာတွေကို သက်သာစေတယ်၊ အဖျား ကျစေတယ်၊ အရောင်ကျစေတယ်၊ အ ကိုက်အခဲပျောက်ဆေးတချို့က သွေးကျဲ စေတဲ့ အာနိသင်ရှိတာကြောင့် အကြော ရောင်တာ၊ အဆစ်အမျက်ရောင်တာ၊ အရိုးနဲ့ ကြွက်သားရောဂါ အမျိုးမျိုး၊ ဓမ္မတာလာစဉ်မှာဖြစ်တဲ့ ကိုက်ခဲနာကျင် တာနဲ့နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတချို့ မှာလည်း အသုံးပြုပါတယ်။

အကိုက်အခဲပျောက်ဆေးတွေ သောက် သုံးတာကြောင့် ရနိုင်တဲ့ ဘေးထွက်ဆိုး ကျိုးတွေက ဘာတွေပါလဲ။
အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးမယ်ဆိုရင် ကောင်းကျိုးတွေ ရနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဲဒါတွေက အစာအိမ်အနာ ဖြစ်တာ၊ အစာအိမ် သွေးကြောပေါက် တာ၊ အစာအိမ်နဲ့ အူသိမ်ပေါက်တာ၊ အူမ ကြီးအနာဖြစ်တာ၊ ပေါက်တာ၊ အစာရေမျို ပြွန်ရောင်တာ၊ ကျောက်ကပ်က သွေးရရှိ တာနည်းပါက ကျောက်ကပ်ပျက်စီးတာ၊ ဦးနှောက်သွေးယိုစီးမှုဖြစ်စေတာ၊ တချို့ တွေမှာ ဓာတ်မတည့်တဲ့လက်္ခဏာတွေ ခံစားရတာ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်တွေမှာ မိခင်သာမက သန္ဓေသားနဲ့ ကလေးငယ်ကို အန္တရာယ်ဖြစ်စေတာ စတဲ့ ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။

အကိုက်အခဲပျောက်ဆေးကြောင့် ဘေး ထွက်ဆိုးကျိုးတွေ မဖြစ်ပေါ်အောင် ဘယ်လို ကာကွယ်ရမလဲ။
အကိုက်အခဲပျောက်ဆေး သောက် တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ မခံစားရ အောင် ကာကွယ်နိုင်ပါတယ်။ ဝေဒနာ တွေ ခံစားရတဲ့အခါ အကိုက်အခဲပျောက် ဆေးတွေကို ဆေးရုံ၊ ဆေးခန်း မပြဘဲ မိမိသဘောနဲ့ နီးစပ်ရာဆေးဆိုင်တွေ ကနေ ၀ယ်ယူသောက်သုံးတာမျိုး မလုပ် သင့်ပါ။ ငွေကုန်ကြေးကျ သက်သာပေ မယ့် ရေရှည်မှာ ဆိုးကျိုးတွေ ခံစားရနိုင် ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြား ချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေး တွေကို ပဲလှော်ဝါးသလို သောက်နေတာ မျိုးလည်း မလုပ်သင့်ပါ။ ဆရာဝန်ညွှန် ကြားတဲ့အခါမှာလည်း လိုအပ်သလောက် သာ ညွှန်ကြားချက်အတိုင်း သောက်သုံး သင့်ပါတယ်။ ရေရှည်စွဲသောက်တာမျိုးကို ရှောင်ပါ။ အချိန်တိုတိုနဲ့ ဆေးရပ်ပါ။ အ သက်အရွယ်ကြီးရင့်သူတွေအနေနဲ့ အ ကိုက်အခဲပျောက်ဆေးတွေ သောက်သုံး တာကို အထူးသတိပြုသင့်ပါတယ်။ အ ပြင်ကနေစပ်ဆေးတွေမှာ အထူးသဖြင့် စတီးရွိုက်ပါတဲ့ဆေးတွေနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ ပေါင်းစပ်ပြီး သုံးစွဲတာ ကို ရှောင်ပါ။ အစာအိမ် သွေးယိုစိမ့်တဲ့ လက္ခဏာတွေဖြစ်တဲ့ ကော်ဖီရောင်အန် တာ၊ ၀မ်းမည်းမည်းသွားတာ၊ ရုတ်တရက် သွေးပေါင်ထိုးကျတာ စတာတွေ ရှိ၊ မရှိ သေချာဂရုစိုက်ကြည့်ပါ။ ဒီလက္ခဏာတွေ ဖြစ်ပေါ်လာပါက အကိုက်အခဲပျောက် ဆေး သောက်သုံးမှုကို ချက်ချင်းရပ်ပါ။

အကိုက်အခဲပျောက်ဆေးကို ရေရှည် သောက်သုံးမယ့်သူတွေအနေနဲ့ ဘာတွေ သတိထားဖို့ လိုပါတယ်။
အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်သောက်လိုသူတွေအနေနဲ့ အစာ အိမ်ရောဂါ ရှိ၊ မရှိ၊ အစာအိမ်ပိုး ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါရှိသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အကိုက်အခဲပျောက်ဆေး သောက်သုံး သင့်ပါတယ်။ စတီးရွိုက်ဆေးတွေ၊ သွေး ကျဲဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေး တွဲသောက်နေသူတွေအနေနဲ့ ဆရာဝန် ကို ပြောပြသတိပေးဖို့ လိုပါတယ်။

အကိုက်အခဲပျောက်ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ ခံစားရပါက ဘယ်လိုကုသ သင့်ပါသလဲ။
အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်သွေးယိုစိမ့်မှု လက္ခဏာတွေ ဖြစ်ပွားပါက သိတာနဲ့ချက်ချင်း နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို အမြန်ဆုံး သွား ရောက်ပြသသင့်ပါတယ်။ အစာစားပြီးမှ အကိုက်အခဲ ပျောက်ဆေး သောက်တာနဲ့ အစာကြေဆေး (Antacid) တွေဖြစ် တဲ့ Gelmac, Sodamint စတာ တွေက အကိုက်အခဲပျောက်ဆေး ကြောင့်ဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာ တွေကို မကာကွယ်နိုင်သလို၊ မကုသနိုင် ပါဘူး။ အစာအိမ်အက်စစ်ထိန်းဆေးတွေ ကသာ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တဲ့ အစာ အိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။ အစာအိမ်အက် စစ်ထိန်းဆေးတွေက –
♦ Proton pump inhibitors (Omeprazole, Pantopra-zole, Lanzoprazole, Rabeprazole, Esomeprazole)
♦ H2 Receptor Blockers (Cemi-tidine, Ranitidine, Famotidine)
♦ Prostagladin inhibitors (Misoprastol) တွေပဲ ဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ထိခိုက်မှု ဖြစ်ပြီးသားတွေကိုတော့ ဒီဆေးတွေက ကာကွယ်ကုသနိုင်မှု မရှိပါ။ အကိုက်အခဲ ပျောက်ဆေးတွေကြောင့်ဖြစ်တဲ့ အူသိမ် အူမကြီး ဘေးထွက်ဆိုးကျိုးတွေအတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ သီးသန့်တိုင်ပင် ဆွေးနွေးဖို့လိုပါတယ်။

လိုအပ်တာတွေကို ဖြည့်စွက်အကြံပြု ပြောကြားပေးပါ။
အကိုက်အခဲပျောက်ဆေးတွေက သောက်ဆေးတွေသာမကဘဲ အသားထိုး ဆေး၊ အကြောထိုးဆေး၊ စအိုတွင်းထည့် ဆေးတောင့် စတာတွေလည်း ရှိပါတယ်။ ဒါတွေအကုန်လုံးက အစာအိမ်နဲ့ အူလမ်း ကြောင်းအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင် ပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်မယ့်အစား ဆေးလိမ်းတာ၊ အပူ ပေးတာ၊ အနီအောက်ရောင်ခြည်ပေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပါရာစီတမော သောက်တာနဲ့ တခြားနည်းလမ်းတွေကို အသုံးပြုပြီး နာကျင်ကိုက်ခဲမှုတွေကို သက်သာအောင် ပြုလုပ်လို့ရပါတယ်။

◘ ပါမောက္ခဒေါက်တာသိန်းမြင့် (အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *