“ငါးနှစ်အောက်ကလေးတွေကို အစာအာဟာရ မှန်မှန်ကန်ကန်ကျွေးတတ်ပြီလား – ဒေါက်တာစိမ့်”

ငါးနှစ်အောက်ကလေးတွေဟာ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူစအရွယ်လေးတွေပဲဖြစ်ပါတယ်။ ဒီလိုအရှိန် ယူစအချိန်မှာ လုံလောက်တဲ့ အစာအာဟာရတွေကို စနစ်တကျကျွေးမွေးပေးမှသာ ကျန်းမာသန်စွမ်းတဲ့ကလေး တွေဖြစ်လာပြီး နိုင်ငံအတွက်လိုအပ်တဲ့ လူ့စွမ်းအားအရင်းမြစ်ကောင်းလေးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် မိဘ တွေဟာ အစာအာဟာရနဲ့ပတ်သက်ပြီး အသိမမှား၊ အယူအဆမမှားဘဲ မှန်မှန်ကန်ကန် ကျွေးမွေးစောင့်ရှောက် နိုင်စေဖို့အတွက် ငါးနှစ်အောက်ကလေးအာဟာရအကြောင်း သေချာနားလည်ထားဖို့ လိုပါတယ်။

ငါးနှစ်အောက်ကလေးတွေမှာ အဓိကလိုအပ်တဲ့အာဟာရတွေကတော့ –

၁။ စွမ်းအင် (Calories)

စွမ်းအင်ကိုဘာအတွက်လိုအပ်လဲ။

  • အင်္ဂါအစိတ်အပိုင်းတွေ သူ့အလုပ်သူကောင်းစွာလုပ်ဖို့ (Function)
  • တက်ကြွရွှင်လန်းဖို့(Active)
  • ကြီးထွားဖို့နဲ့ (Growth)
  • ဖွံ့ဖြိုးဖို့ (Development)

ဘာလို့ ၅ နှစ်ဝန်းကျင်ကလေးတွေမှာ ပိုအရေးကြီးလဲ။

  • ဒီအရွယ်တွေဟာ ကြွက်သားတွေ၊ အရိုးတစ်သျှူးတွေရဲ့ တဟုန်ထိုးကြီးထွားတဲ့အချိန် ဖြစ်သလို ဦးနှောက်ဖွံ့ဖြိုးတဲ့အချိန်လည်းဖြစ်တာကြောင့် စွမ်းအင်လုံလုံလောက်လောက်ရဖို့ အင်မတန်အရေး ကြီးပါတယ်။

စွမ်းအင်ရဲ့ယူနစ် –

  • ကယ်လိုရီ (Calories)
  • ကီလိုကယ်လိုရီ (Kilocalories)
  • ကီလိုဂျိုး (Kilojoules)
  • 1kcal = 4.2 kJ

စွမ်းအင် (ကယ်လိုရီ) ကို ဘယ်လောက်ပမာထိ လိုအပ်လဲ။ ဘယ်ကရနိုင်လဲ။

  • အဆီဓာတ်ကနေ (၃၆%)
  • ကာဗိုဟိုက်ဒရိတ် ကနေ (၅၁%)နဲ့ ပရိုတင်းဓာတ်ကနေ (၁၃%)ရရှိနိုင်ပါတယ်။

 

အသက်                တစ်နေ့တာလိုအပ်တဲ့စွမ်းအင်ပမဏ

  • ၁ နှစ် ၉၃၅ ကီလိုကယ်လိုရီ
  • ၂ နှစ် ၁၁၆၀ ကီလိုကယ်လိုရီ
  • ၃ နှစ် ၁၄၃၀ ကီလိုကယ်လိုရီ
  • ၄ နှစ် ၁၅၃၀ ကီလိုကယ်လိုရီ

အကောင်းဆုံးအရင်းမြစ်

ကာဗိုဟိုက်ဒရိတ်ကနေ စွမ်းအင်ကို အများဆုံးရရှိပြီး အချိုရည်တွေ၊ မုန့်အချိုတွေ  ( Sugary Carb)၊ အစေ့အနှံ တွေ၊ အသီးအရွက်၊ အာလူးတွေ (Starchy Carb)တွေကနေလည်းရရှိပါတယ်။ အချိုတွေမှာတော့ သကြား ဓာတ်တွေလွန်ကဲနေတတ်ပြီး အာဟာရဓာတ်တွေကတော့ လျော့နည်းနေတတ်ပါတယ်။ ကလေးတွေဟာ စွမ်းအင်အတွက် သကြားဓာတ်ကို မလိုအပ်ပါဘူး။ အချိုဓာတ်တွေများလွန်းတဲ့အခါ အဝလွန်ရောဂါ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် မုန့်အချိုတွေလို Sugary Carbohydrate အစား ကစီဓာတ်ကဲတဲ့ starchy carbohydrate တွေကို ပိုကျွေးသင့်ပါတယ်။

 

၂။ အဆီဓာတ် (Fat)

ပြင်းအားများတဲ့စွမ်းအင်မျိုးကို ပေးနိုင်တဲ့အရင်းမြစ်ပါ။ အဆီမှာမှ တိရစ္ဆာန်တွေကနေရတဲ့ Saturated Fat (ပြည့်ဝဆီ)နဲ့ ငါးနဲ့အပင်ကနေအဓိကရတဲ့ Unsaturated Fat (မပြည့်ဝဆီ)ဆိုပြီး ခွဲထားပါတယ်။ တချို့အဆီတွေက ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု အတွက် မရှိမဖြစ်လိုအပ်ပြီး ‘essential fatty acids’ လို့ ခေါ်ပါတယ်။ မိခင်နို့မှာဆိုရင် ဒီ essential fatty acids တွေ အများကြီးပါဝင်ပါတယ်။ ဒါတွေဟာ စွမ်းအင်အတွက်တင်မကဘဲ အဆီမှာပျော်ဝင်တဲ့ (Fat soluble vitamins) ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စုပ်ယူ နိုင်ဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။

အဆီဓာတ်ကို ဘယ်လောက်ပမာဏအထိ လိုအပ်လဲ။

ငါးနှစ်အထက်ကလေးတွေမှာတော့ ကိုယ်စားတဲ့အစားစာရဲ့ ၃၅ ရာခိုင်နှုန်းထက် မပိုရပါဘူး။ Saturated Fat ခေါ် ပြည့်ဝဆီကတော့ အစာစွမ်းအင်ရဲ့ ၁၁ ရာခိုင်နှုန်း ထက်မပိုရပါ။ ဒါပေမယ့် အဆီဓာတ်နည်းပါးလွန်းရင် လည်း ကလေးငယ်ရဲ့ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှုမှာ အဟန့်အတားတွေဖြစ်စေပါလိမ့်မယ်။ တခြားအာဟာရတွေ၊ စွမ်းအင်တွေပိုပေးပြီး Low fat food ခေါ် အဆီလျော့ထားတဲ့ အစားစာတွေ ကျွေးမယ်၊ အဆီလျော့ကျွေး မယ်ဆိုရင် ကလေးဟာ လိုအပ်တဲ့စွမ်းအင် လုံလုံလောက်လောက်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ၅ နှစ်အောက် ကလေးတွေကို အဆီချော့ထားတဲ့နို့မျိုး မတိုက်ဖို့သက်မှတ်ထားတာပါ။

essential fat တွေမပါတဲ့ အစားစာမျိုးကို မိဘတွေက ကျွေးတဲ့အခါ ကလေးတွေမှာဖြစ်တဲ့ အာဟာရ ချို့တဲ့မှုကို muesli belt malnutrition လို့ခေါ်ပါတယ်။ အဆီစားတာနည်းတဲ့ကလေးတွေဟာ ဇင့်နဲ့ ဗီတာမင် အေ စားတာလည်း နည်းသွားတတ်ပြီး အဆီစားများတဲ့ကလေး တွေမှာတော့ သံဓာတ်နဲ့ ဗီတာမင်စီဓာတ် စားတာ နည်းသွားတတ်ပါတယ်။ အဆီတွေအရမ်းစားတာက ကလေးဘဝမှာတင် သွေးတွင်းကိုလက်စထရော ကို မြင့်တက်စေပါတယ်။ ပြည့်ဝဆီတွေရဲ့ သုံးပုံတစ်ပုံကိုတော့ နို့ကရရှိတာများတာကို တွေ့ရတယ်။

အိုမီဂါသရီး (n-3 polyunsaturated fats / omega-3 fats)

အဆီများတဲ့ငါး တွေကနေရတဲ့ fatty acid တစ်မျိုးဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးပါပြီး ကလေးငယ်တွေရဲ့ သင်ယူလေ့လာနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေကို မြင့်မားကောင်းမွန်စေပါ တယ်။

 

  • အိုမီဂါသရီးပါဝင်တဲ့အစားစာတွေကတော့
    • ဆယ်မွန်ငါး၊ ရေချိုငါး၊ ဆာဒင်းငါး၊ တူနာငါး၊ အယ်မွန်စေ့။ ဖရုံစေ့၊ သဘာဝနို့စစ်စစ်၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းလို အစိမ်းရောင် အသီးအရွက်တွေ ဖြစ်ပါတယ်။

 

၃။ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)

အမျိုးအစား

၁။ ကစီဓာတ်ကဲတဲ့ ကာဗိုဟိုက်ဒရိတ် ( အစေ့အနှံ၊ ပြောင်း၊ ဂျုံ၊ အာလူး၊ အမြစ်)

၂။ အချိုဓာတ်ကဲတဲ့ ကာဗိုဟိုက်ဒရိတ် (11 % or less)

  • Intrinsic Sugars

ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ နို့

  • Milk Sugars

 

  • Non-Milk Extrinsic Sugars (ဖျော်ရည်တွေ၊ သကြားတွေ၊ ပျားရည်၊ ကိတ်မုန့်)

 

ကစီဓာတ်ကဲတဲ့ ကာဗိုဟိုက်ဒရိတ် (၄၀%)
ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ နို့ကရတဲ့ ကာဗိုဟိုက်ဒရိတ် (၁၀ %)

(Starch, Intrinsic Sugars, Milk Sugars)

အရင်းမြစ်

ကစီဓာတ်ကဲတဲ့ ကာဗိုဟိုက်ဒရိတ် ( Starchy carb)

  • ပေါင်မုန့်
  • ထမင်း
  • ချာပါတီ
  • ပါစတာ
  • အစေ့အနှံ၊ ပြောင်း၊ အုပ် (whole grains)
  • အာလူး

Non-Milk Extrinsic Sugars

  • အမြစ်၊ ပင်စည်၊ သစ်သီးတွေကရတဲ့သကြားဓာတ်

အရင်းမြစ်

  • အချိုရည်၊ သစ်သီးဖျော်ရည်၊ ချောကလက်၊ ကိတ်၊ ဘီစကစ်၊ ပျားရည်၊ အိမ်သုံးသကြား

ကျန်းမာရေးသက်ရောက်မှု

အမြစ်၊ ပင်စည်၊ သစ်သီးတွေကရတဲ့သကြားဓာတ်ဟာ ကယ်လိုရီပေးပေမယ့် အာဟာရဓာတ်ကတော့ နည်းပါး ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အာဟာရဓာတ်တွေရဖို့ခက်ခဲတယ်။ ညအိပ်ချိန်မှာ အချိုတွေစားတာ၊ မကြာခဏ အချိုတွေစားတဲ့ ကလေးတွေဟာ သွားပိုးစားခံရနှုန်း ၄၀ ရာခိုင်နှုန်းရှိပြီး စားတာနည်းတဲ့ကလေးတွေကတော့ ၂၂ ရာခိုင်နှုန်းရှိပါတယ်။ ဖြည့်စွက်စာကျွေးတုန်းက အချိုတွေထည့်ကျွေးတဲ့ကလေးတွေ၊ အသက်နှနှစ်အထိ နို့ဘူးသောက်တဲ့ကလေးတွေ၊ အချိုစုပ်လုံးတွေငုံတဲ့ကလေးတွေဟာ မူလတန်းကြိုအရွယ်မှာ ပိုပြီးသွားပိုး စားကြပါတယ်။

 

၎။ ပရိုတင်းဓာတ် (အသားဓာတ်)

အသားဓာတ်ကို ဘာလို့လိုအပ်တာလဲ။

ခနာကိုယ်က တစ်သျှူးတွေ ကြီးထွားဖို့၊ ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့၊ function တွေထိန်းချုပ်ထားတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ဖို့အတွက် အသားဓာတ်ကိုလိုအပ်ပါတယ်။

ဘယ်လောက်ပမာဏလိုအပ်လဲ။

ကလေးတွေဟာ လူကြီးတွေထက် ပရိုတင်းဓာတ်ပိုလိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကို အသားငါးတွေကနေရော၊ အသီး အရွက်တွေကနေပါ ရပါတယ်။ ဒါကြောင့် သက်သက်လွတ်ပဲ ကျွေးတဲ့ကလေးတွေမှာဆိုလည်း အစားစာ ကို ကောင်းကောင်းမွန်မွန်ကျွေးရင် ပရိုတင်းဓာတ်ကို လုံလုံလောက်လောက်ရနိုင်ပါတယ်။

  • အရင်းမြစ်
    • အသား၊ နို့၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ဒိန်ခဲ၊ တို့ဟူး၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်၊ ဆန်၊ ပါစတာလို နှံစားသီးနှံ။

 

၅။ အမျှင်ဓာတ်(Fiber)

အမျှင်ဓာတ်ဆိုတာ complex carbohydrate ပါ။ Non-starch polysaccharides လို့လည်းခေါ်ပါတယ်။ အူထဲမှာမခြေဖျတ်နိုင်တာကြောင့် ဝမ်းချုပ်တာနဲ့ တခြားအူလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေတယ်။ ပေါင်မုန့် (whole meal brerad) ၊ နှံစားပြောင်း၊ ပဲ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်ပါတယ်။

ဘယ်လောက်အထိလိုသလဲ။

ငါးနှစ်အောက်ကလေးတွေကို အမျှင်ဓာတ် မဖြစ်မနေစားဖို့တော့ တိုက်တွန်းထားတာ မရှိပါဘူး။ လူကြီးတွေ လောက် စားဖို့လည်းမလိုပါဘူး။ တစ်နေ့ကို ၁၈ ဂရမ်လောက်စားရင် လုံလောက်တယ်လို့လည်းဆိုပါတယ်။ ကလေးတွေမှာ ဝမ်းချုပ်တတ်တဲ့အကြောင်းရင်းကိုကြည့်ရင်

  • အမျှင်ဓာတ်အစားနည်း
  • ရေအသောက်နည်းတာ
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့နဲ့
  • ကိုယ်လက်လှုပ်ရှားမှုနည်းတာ

တွေကြောင့်ဆိုတာတွေ့ရပါတယ်။ အဓိကကတော့ အမျှင်ဓာတ်များတဲ့အစားစာတွေပြန်စားပေးရင် ဝမ်းပြန်သွား ပါလိမ့်မယ်။ အသီးအရွက်တွေပေါ့လေ။ ဒါပေမယ့် အသီးအရွက်အစိမ်းတွေတော့ မကျွေးသင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ လေပွတာ၊ အစားသောက်ပျက်တာ၊ အာဟာရဓာတ်တွေကို မစုပ်ယူနိုင်တာတွေ ဖြစ်တတ်လို့ပါ။ နောက်ပြီးတော့ fiber တွေအရမ်းများရင်လည်း ကလေးတွေမှာ ကြီးထွားမှုရပ်တန့်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်မျှတစွာပဲ ကျွေးသင့်ပါတယ်။

  • အရင်းမြစ်
    • ပေါင်မုန့် (whole meal brerad) ၊ နှံစားပြောင်း၊ ပဲ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်။

 

ဆက်ရန်…

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *