ကလေးတွေကော နားလေးရောဂါ ဖြစ်နိုင်လား

♦ ကလေးနားလေးရောဂါက ဘာ ကြောင့်ဖြစ်ရတာလဲ ဆရာ။
ကလေးနားလေးတာက မွေးကတည်း ကပါလာတဲ့နားလေးရောဂါနဲ့ မွေးပြီး နောက်ပိုင်းမှာဖြစ်လာတဲ့ နားလေးရောဂါ ဆိုပြီးရှိပါတယ်။ မွေးကတည်းကပါလာတဲ့ နားလေးရောဂါမှာ မျိုးရိုးဗီဇကြောင့်ဖြစ် တာနဲ့ တခြားအကြောင်းကြောင့် ဖြစ်တာ ဆိုပြီး ခွဲထားပါတယ်။ တခြားအကြောင်း ကြောင့်ဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုင်းရပ်စ်ပိုးကူးစက်တာကြောင့် ဖျားတာ၊ နာတာဖြစ်လို့၊ မွေးဖွားချိန်ကြာပြီး ကလေး က ရေမွန်းသွားလို့၊ မွေးပြီးတဲ့အခါ ကလေး က အသားဝါလို့ စတာတွေကြောင့် နား လေးသွားတတ်ပါတယ်။ လသားအရွယ် မှာလည်း နားလေးတတ်ပါတယ်။ မွေးရာ ပါနားလေးတာက ကလေးတွေမှာ စကား မပြောတတ်တဲ့ ပြဿနာနဲ့ တွဲတတ်ပါတယ်။ မွေးပြီးနောက်ပိုင်းမှာဖြစ်တဲ့ နားလေးရော ဂါက အလယ်နားချွဲစို့တဲ့ရောဂါ၊ နားဖာ ချေးပိတ်တာ၊ နာတာရှည် နားပြည်ယိုတာ နဲ့ အာရုံကြောအားနည်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ မွေးကတည်းက နားလေး ရောဂါပါလာတဲ့ကလေးတွေက အများအား ဖြင့် ကုသရခက်တတ်တယ်၊ မွေးပြီးမှဖြစ် တဲ့ နားလေးတာကတော့ ကုလို့ရပါတယ်။

♦ ကလေးတွေမှာဖြစ်တဲ့ နားလေးတာနဲ့ လူကြီးမှာဖြစ်တဲ့ နားလေးတာက ကွာခြား မှု ရှိပါသလား ဆရာ။
ကလေးနားလေးရောဂါက လူကြီး တွေနဲ့မတူဘဲ ဆိုးတာက လူကြီးတွေက စကားပြောတတ်ပြီးမှ နားလေးသွားတာ ကြောင့် နားမကြားဘူးဆိုပေမယ့် စကား ပြောတတ်တယ်။ ကလေးတွေမှာတော့ မွေးကတည်းက နားလေးတယ်ဆိုရင် စကားမပြောတတ်တော့ဘူး။ စကားမ တတ်တော့ အများနဲ့ဆက်သွယ် ပြောဆိုရာ မှာ အခက်အခဲဖြစ်တယ်၊ ပညာသင်ကြား ရေးမှာ အဆင်မပြေတော့ဘူး။

♦ ကလေးနားလေးရောဂါက အဖြစ် များပါသလား ဆရာ။
မွေးရာပါနားလေးရောဂါက ကလေး အယောက် ၁၀၀၀ မွေးရင် နားလေးတဲ့ ကလေးက ၁ ဒသမ ၅ ယောက် ပါဝင်နိုင် ပါတယ်။ အကြမ်းဖျင်းပြောရရင် ကလေး တစ်ထောင်မွေးရင် တစ်ယောက်လောက် က စကားမပြောတတ်လောက်အောင် နားလေးပါတယ်။

♦ ဘာကြောင့် ကလေးတွေမှာ မွေးရာ ပါ နားလေးရောဂါဖြစ်ရတာပါလဲ ဆရာ။
ဘာကြောင့်ဖြစ်တာလဲဆိုတော့ နား မှာ အပြင်နား၊ အလယ်နားနဲ့ အတွင်းနား ဆိုပြီး သုံးပိုင်းပါတယ်။ မွေးရာပါနားလေး ရတဲ့ အကြောင်းက အတွင်းနားမှာရှိတဲ့ အာရုံကြောလေးတွေ ပါမလာတာ၊ ဒါမှ မဟုတ် မကောင်းတာကြောင့် ဖြစ်တယ်။ တချို့ကလေးတွေကျတော့ တခြားရောဂါ တွေနဲ့ တွဲနေတတ်တယ်။ အဲဒါက နှုတ် ခမ်းကွဲ၊ အာခေါင်ကွဲတာ၊ မေးရိုးသေးနေ တွေနဲ့လည်း တွဲဖြစ်နေတတ်တယ်။ ကုရ တာလည်း ခက်ပါတယ်။ စကားပြောဖို့အ ခွင့်အလမ်းလည်း နည်းပါတယ်။ နောက် ပြဿနာတစ်ခုက လူကြီးက နားလေးရင် သိတယ်။ ကလေးကျတော့ နားလေးတာ ကို မပြောတတ်တော့ မသိဘူး။ စဖြစ်ခါစ တုန်းက နားလေးတာ မဆိုးပေမယ့် ကလေးအသက် နှစ်နှစ်၊ သုံးနှစ်အရွယ် ရောက်လာတော့ နားလေးတာကပိုဆိုး လာတယ်။ တဖြည်းဖြည်းချင်း ပိုဆိုးလာ တော့ ရောဂါရင့်မှ နားလေးမှန်း သိတယ်။

♦ မွေးရာပါနားလေးနေတဲ့ ကလေးတွေ အတွက် အကောင်းဆုံး၊ ကုသသင့်တဲ့ အချိန်က ဘယ်အချိန်ပါလဲ ဆရာ။
မွေးရာပါ နားလေးရောဂါပါလာတဲ့က လေးက နားလေးတာသိပ်မဆိုးဘူးဆိုရင် စကားတော့ပြောတတ်တယ်။ ဒါပေမဲ့ စကားမပီဘူး။ နားလေးတာဆိုးတဲ့ ကလေးတွေကတော့ စကားမပြောတတ် တော့ဘူး။ ဘာကြောင့်လဲဆိုတော့ စကား ပြောတတ်ဖို့ အကြားအာရုံကောင်းရမယ်၊ ဦးနှောက်မှာ စကားပြောဖို့ လိုအပ်တဲ့အင်္ဂါ တွေဖြစ်တဲ့ ပါးစပ်၊ အာခေါင်၊ လည်ပင်း တို့နဲ့ဆိုင်တဲ့ အာရုံကြောတွေ ဖွံ့ဖြိုးရ တယ်။ နားက အသံမကြားရင် စကား ပြောတဲ့အင်္ဂါနဲ့ဆိုင်တဲ့ အာရုံကြောတွေ က မဖွံ့ဖြိုးတော့ဘူး။ အကောင်းဆုံးက တော့ ကလေးအသက် ခြောက်လမတိုင် ခင်မှာ နားကြားအောင်လုပ်ဖို့ လိုပါတယ်။ ဒါမှ စကားပြောတာနဲ့ဆိုင်တဲ့ အင်္ဂါတွေ ဖွံ့ဖြိုးလာပြီး စကားပြောတတ်လာပါ တယ်။ နောက်အကျဆုံး နားကြားအောင် ပြုလုပ်နိုင်တာကတော့ တစ်နှစ်ခွဲ၊ နှစ် နှစ်အရွယ်ပါ။ အကောင်းဆုံးကတော့ ခြောက်လမတိုင်ခင် လုပ်တာက အကောင်း ဆုံးပါ။ တစ်နှစ်ခွဲ၊ နှစ်နှစ် အတွင်းမှာ နား လေးတာကို ကုသပေးတာက စကား ပြောတဲ့အင်္ဂါတွေ ဖွံ့ဖြိုးသင့်သလောက် ပြည့်ပြည့်စုံစုံ မဖွံ့ဖြိုးတော့ပါဘူး။ စကား ပြောနိုင်ပေမယ့် သာမန် လူကောင်းတစ် ယောက်လိုတော့ မဖြစ်တော့ပါဘူး။ နှစ် နှစ်နောက်ပိုင်းမှ ကလေးနားလေးတာ ကိုသိလို့ ကုသပေးမယ်ဆိုရင်တော့ နား ကြားပေမယ့် စကားတော့ မပြောတတ် တော့ပါဘူး။ ဒါကြောင့် စောစောသိပြီး စောစောကုသဖို့ လိုပါတယ်။

♦ မိဘတွေအနေနဲ့ ကိုယ့်ကလေးနား လေးတာကို ဘယ်လိုသိနိုင်ပါသလဲ။
သူများနိုင်ငံတွေမှာ မွေးပြီးပြီးချင်းမှာ ကလေးရဲ့နားကိုစမ်းသပ်မှုလုပ်ပါတယ်။ ဆရာတို့နိုင်ငံမှာတော့ ကြိုးစားနေပါ တယ်။ မွေးကင်းစ လသားကလေးလေး ဟာ နိုးနေချိန်မှာ လူကြီးတွေပါ လန့် လောက်တဲ့အသံမျိုးကြားရင် ကလေးက လန့်ရမယ်၊ အဲဒီလိုအသံမျိုးကို မလန့်ရင်၊ လန့်တဲ့လက်္ခဏာမပြရင် ဥပမာ-လန့်ပြီး ခြေ၊လက်တွေတုန်သွားတာ၊ လန့်ပြီး ငိုတာတွေမရှိရင် သံသယရှိရမယ်။ သုံး လအရွယ်မှာ မိခင်က ကလေးရဲ့ဘေး ဘက်တစ်ပေအကွာလောက်ကနေ စ ကားပြောကြည့်ရင် ကလေးက အမေကို လှည့်ကြည့်ရမယ်။ လေးလလောက်မှာ တော့ ကလေးလေးတွေက ဘူဘူ၊ ဘာ ဘာ စတဲ့ အသံလေးထွက်ရမယ်။ အဲဒါ မျိုးတွေ မထွက်ဘူး၊ မပြောဘူးဆိုရင် စမ်းသပ်သင့်ပါတယ်။ နောက်ထပ် ကလေး အသက် ခုနစ်လလောက်ရောက်တဲ့အခါ ပုံမှန်အသံနဲ့ ပြောတာကို လှည့်ကြည့်ရ မယ်။ ၁၀ လ၊ ၁၁ လလောက်ရောက်ရင် တော့ ဖေဖေ၊ မေမေခေါ်တတ်ရမယ်၊ တစ်နှစ်ခွဲလောက် ရောက်ရင်တော့ စားစား၊ သွားသွားပြောတတ်ရမယ်။ ကလေးက သူ့အရွယ်နဲ့သူ ပြောရမယ့် စကားကို မပြောဘဲနေရင်တော့ သံသယရှိပြီး ဆရာ ၀န်နဲ့ပြသပါ။ စစ်ဆေးမှုကို ခံယူပါ။

♦ ကလေးက တကယ်ပဲ နားလေးတာ လားဆိုတာကို ဘယ်လိုစမ်းသပ်စစ်ဆေး မှု ပြုလုပ်ပါသလဲ ဆရာ။
ကလေးမှာ နားလေးရောဂါရှိတာ သေချာလားဆိုတာကို အရင်စစ်ဆေးရပါ တယ်။ ကလေးမွေးတုန်းက နေ့စေ့လစေ့ လား၊ ပေါင်ပြည့်ရဲ့လား၊ ကိုယ်ဝန်ဆောင် ချိန်မှာ ဖျားနာတာရှိလား၊ မွေးပြီးတော့ အသားဝါလားဆိုတာတွေ မေးရပါတယ်။ ဒါတွေထဲက တစ်ခုခုရှိခဲ့တယ်ရင် ကလေး ရဲ့နားကို စက်နဲ့စမ်းသပ်မှုလုပ်ပါတယ်။ နား လေးတာသေချာရင်တော့ ဘယ်လောက် အထိလေးလည်းဆိုတာ စစ်ဆေးရပါ တယ်။ နားနှစ်ဖက်စလုံးလေးတယ်၊ နား လေးတာက ဆိုးတယ်ဆိုရင် နားကြားကိရိ ယာတပ်ဆင်ရပါမယ်။ ကလေးအသက် ခြောက်လ မတိုင်ခင်မှာ တပ်ပေးနိုင်ရင် တော့ စကားပြောတဲ့အင်္ဂါတွေ ဖွံ့ဖြိုးလာ ပါတယ်။ နားလေးတာ အရမ်းဆိုးတဲ့ကလေး တွေ၊ မွေးကတည်းက နားမကြားတဲ့ကလေး တွေဆိုရင်တော့ နားတု(Cochlear Implant) တပ်ဆင်ရပါတယ်။ အဓိကက တော့ ကုသမှုမယ့်အချိန်က အရေးကြီးပါ တယ်။ နောက်ကျသွားရင် ကလေးရဲ့စကား ပြောအင်္ဂါတွေ မဖွံ့ဖြိုးနိုင်တာကြောင့်ပါ။

♦ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြားလို တာများရှိရင် သိပါရစေဆရာ။
မွေးရာပါနားလေးတာကို မိဘက သ တိမထားမိလိုက်ဘူး။ ကလေးက စကား မပြောတာကို စကားပြော နောက်ကျတယ် ထင်ပြီးမပြဖြစ်ဘဲ ကလေးအသက် သုံးနှစ် လောက်ရောက်တော့မှ ကျွန်တော်တို့ဆီ လာပြတယ်။ နောက်ပိုင်းမှာ နားကြား အောင်လုပ်ပေးပေမယ့် စကားမပြော တတ်တော့ပါဘူး။ စကားပြောနောက်ကျ တာနဲ့ နားလေးတာက မှားတတ်ပါတယ်။
ကျွန်တော့်အနေနဲ့ အကြံပေးချင် တာကတော့ ကလေးအသက် တစ်နှစ်ခွဲ လောက်မှာ ဖေဖေ၊ မေမေမခေါ်တတ်ရင် ဆရာဝန်နဲ့ပြသပါ။ နားလေးလို့မပြောတာ လား၊ စကားပြောနောက်ကျလို့ မပြော တာလားဆိုတာ ခွဲခြားနိုင်အောင်ပါ။ မိဘ တွေအတွက်လည်း အကျိုးရှိ၊ ကလေး အတွက်လည်း အကျိုးရှိပါတယ်။ အ ကောင်းဆုံးကတော့ခြောက်လပါ။ ဒါပေ မဲ့ ကလေးအများစုအနေနဲ့ တစ်နှစ်ခွဲ၊ နှစ် နှစ်အတွင်း ဖေဖေ၊ မေမေ မခေါ်တတ်ရင် တော့ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။

◘ ဒေါက်တာဝင်းထိုက်ကြည် (နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *