ကလေးငယ်ကို စာဖတ်ဝါသနာ ပါလာ အောင် ဘယ်လို စည်းရုံးနိုင်မလဲ

ကလေးတွေအတွက် စာဖတ်တာ ကနေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ စာလုံးပေါင်းသတ်ပုံ၊ စာအရေးအသား၊ စကားအပြောအဆို စတာတွေအပေါ် ကောင်းကျိုးတွေ အ များကြီးပေးနိုင်ပါတယ်။ ငယ်ငယ်က တည်းက သင့်ကလေးကို စာအုပ်တွေနဲ့ ရင်းနှီးနေအောင်၊ မွေ့လျော်အောင် အ လေ့အကျင့် လုပ်ပေးထားမယ်ဆိုရင် က လေးတွေ စာဖတ်ဖို့ မပျင်းတော့ပါဘူး။ သင့်ကလေးကို စာဖတ်ဖို့ တိုက်တွန်းတာ သက်သက်မဟုတ်ဘဲ ကလေးတွေကိုယ် တိုင်က စာဖတ်ပျော်အောင် ဖန်တီးပေးဖို့ လိုပါတယ်။

(၁) စံပြဖြစ်အောင်နေပါ
ကလေးကို စာဖတ်ဝါသနာပါစေ ချင်ရင် သင်ကိုယ်တိုင်ကလည်း စာအုပ် စာပေတွေနဲ့ တရင်းတနှီး ရှိနေသင့်ပါ တယ်။ ကလေးကို သင်ကိုယ်တိုင် စာ ဖတ်ပြတာက သိသာထင်ရှားစေတဲ့ အ ချက်ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က စာ ဖတ်လေ့မရှိဘူးဆိုရင်၊ စာဖတ်ဖို့ အချိန် မပေးနိုင်ဘူးဆိုရင် သင့်ကလေးအနေနဲ့ လည်း ဘာကြောင့်စာဖတ်ရမှာလဲဆိုပြီး တွေးမိနိုင်ပါတယ်။

(၂) ကျယ်ကျယ်ဖတ်ပြပါ
မိဘတွေက ကလေးတွေကို စာဖတ် ပြတဲ့အခါ ကျယ်ကျယ်လေး ဖတ်ပြဖို့လို ပါတယ်။ ညအိပ်ရာဝင်ခါနီးမှာ ကလေး တွေကို ပုံပြင်တွေပြောပြတာ၊ ဖတ်ပြတာ က ကလေးငယ် စာပေကို စိတ်ဝင်စား စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၃) စာအုပ်တွေကို တန်ဖိုးထားတတ်အောင် သင်ပေးပါ
သင့်ကလေးကို စာအုပ်တွေ ဂရုတ စိုက်ကိုင်တွယ်ဖို့၊ စာအုပ်တွေကိုမဖြဲဖို့ နားလည်အောင် ရှင်းပြပေးပါ။ ဒါဆို ကလေးတွေက တန်ဖိုးထားရကောင်းမှန်း သိသွားပြီး သူ့ဘဝတစ်လျှောက်လုံး အ တွက် ကောင်းတဲ့အလေ့အကျင့်ကို ရရှိ သွားမှာပါ။

(၄) စာကြည့်တိုက်ကိုလိုက်ပို့ပေးပါ
သင့်ကလေးကို စာကြည့်တိုက်ကို နှစ်ပတ်တစ်ခါလောက်ခေါ်သွားပေးနိုင် ရင်အကောင်းဆုံးပါ။ စာကြည့်တိုက်မှာ အကြောင်းအရာစုံ စာအုပ်တွေရှိတာမို့ သင့်ကလေးက ဘာတွေ စိတ်ဝင်စားလဲ ဆိုတာ သိရှိနိုင်ပြီး စာဖတ်ဝါသနာ ပါလာ စေပါတယ်။

(၅) စာအုပ်တွေဝယ်ထားပေးပါ
သင့်အိမ်မှာလည်း စာအုပ်တွေ များ များသာ ဝယ်ထားပေးပါ။ ကလေးငယ် ပျင်းတဲ့အခါ စာအုပ်စင်ကို ခေါ်သွားပါ။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေကို ဖတ်စေပြီး စိတ်ပျော်ရွှင်တတ်အောင် လေ့ကျင့်ပေးပါ။ အသိပညာ ရသအစုံ ပါတဲ့ စာအုပ်တွေများများ ဝယ်ထားပါ။

(၆) အသံခွေတွေနားထောင်ပါ
ကလေးတွေနားထောင်ဖို့ ထုတ်ထား တဲ့ အခွေတွေရှိပါတယ်။ သင့်ကလေးနဲ့ အပြင်သွားတာဖြစ်ဖြစ်၊ စာအုပ်တွေပဲ ဖတ်ပြရတာပျင်းသွားရင်ဖြစ်ဖြစ် အသံ ခွေတွေကို ဖွင့်ပြလို့ရပါတယ်။

(၇) ပုံပြင်ကိုအခြေခံပြီးရုပ်ရှင်ကြည့်ပါ
ကလေးတွေက သူတို့ဖတ်ထားတဲ့ ပုံပြင်တွေကို ကာတွန်းရုပ်ရှင်အနေနဲ့ ပြန်ကြည့်ရတဲ့အခါ ဒီအကြောင်းနဲ့ ပတ် သက်ပြီး ပြန်လည်ဆွေးနွေးပြောဆိုလာ တာတွေရှိနိုင်ပါတယ်။ ဒါကလည်း သူတို့ လေးတွေ စာဖတ်တာကို ပိုပြီး ခုံမင်လာ စေပါတယ်။

(၈) အသက်နဲ့အလိုက်စာအုပ်ရွေးဝယ်ပါ
ကလေးတွေ သူ့အရွယ်နဲ့သူ ဖတ်ဖို့ စာအုပ်ရွေးချယ်ဝယ်ဖို့က အရမ်းအရေး ကြီးပါတယ်။ ဒါကြောင့် စာကြည့်တိုက်ကို လိုက်ပို့ရင်လည်း ကလေးအရွယ်နဲ့ သက် ဆိုင်တဲ့ စာအုပ်တန်းတွေရှိရာကိုပဲ ခေါ် သွားပေးပါ။

(၉) ပုံမှန်အချိန်သတ်မှတ်ပေးပါ
စာဖတ်ဝါသနာပါအောင် စာဖတ်ဖို့ အချိန်တစ်ခု သတ်မှတ်ပေးပြီး ပုံမှန်ဖတ် ဖြစ်အောင် ကလေးနဲ့အတူကြိုးစားပေးပါ။ အချိန်အကြာကြီးမလိုပါဘူး၊ စာဖတ်ချိန် တစ်ချိန်ကို ၁၅ – ၂၀ မိနစ်က အသင့် တော်ဆုံးပဲဖြစ်ပါတယ်။ ကလေးငယ် စိတ် ပါဝင်စားတဲ့စာအုပ်မျိုးဖြစ်ဖို့က ပိုအရေး ကြီးပါတယ်။

(၁၀) Reading Corner ဖန်တီးပေးပါ
ကလေးငယ်အတွက် စာဖတ်ဖို့နေ ရာ Reading Corner တစ်ခု သီးသန့် ဖန်တီးပေးပါ။ စာဖတ်ဖို့ နေရာလေးက သက်သောင့်သက်သာဖြစ်ဖို့လိုပြီး အ လင်းရောင်ကောင်းကောင်းရအောင် စီ စဉ်ပေးပါ။

♥ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal