ကလေးသွားကျန်းမာရေးအကြောင်း

ကလေးတွေရဲ့ သွားကျန်းမာရေးအကြောင်း သိသင့်သမျှကို Biogesic for Kid က ပြုလုပ်တဲ့ မေမေတို့အတွက် အွန်လိုင်းပေါ်က ဆွေးနွေးပွဲမှာ ဒေါက်တာဝေယံစိုး(သွားနှင့်ခံတွင်းဆရာဝန်-3M Dental Clinic)နဲ့ ဆွေးနွေးထားတာလေးတွေကို ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါတယ်။

သွားတိုက်ဆေးကို မျိုချမိရင် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ ကလေးတွေအတွက် ဖလိုရိုက်မပါတဲ့ သွားတိုက်ဆေးကို ရွေးဝယ်ရမှာလားဆရာ။

♦ ဖလိုရိုက်က သွားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သွားတွေခိုင်မာအောင် လုပ်ပေးတယ်၊ သွားပိုးမစားအောင် လုပ်ပေးတယ်။ အဲဒီလိုဆိုပေမယ့် တချို့မိဘတွေက စိုးရိမ်ကြတယ်။ ကလေးအသက် တစ်နှစ်နဲ့ သုံးနှစ်ကြား ကလေးက ပလုတ်မကျင်းတတ်ကြဘူး။ မျိုချတတ်တာကြောင့် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေကို သုံးဖို့ စိုးရိမ်ကြတယ်။ သုံးလို့ရပါတယ်။ ကျွန်တော်ရှေ့ မှာပြောခဲ့သလို ဆန်စေ့လောက်ပဲ သုံးမယ်ဆိုရင် ကလေးတွေအတွက် အန္တရာယ် မရှိနိုင်ပါဘူး။ စျေးကွက်ထဲမှာ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးရယ်၊ ခံတွင်းအနံ့ကောင်းစေပြီး ဖလိုရိုက်မပါတဲ့သွားတိုက်ဆေးရယ်ဆိုပြီး ရှိပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို ကိုယ့်ကလေးအတွက် သုံးမယ်ဆိုရင်တော့ ကလေးကို သင်ပေးရပါမယ်။ မိဘသင်ပေးတာကို လိုက်နာတဲ့ ကလေးတွေဆိုရင်တော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးသင့်ပါတယ်။ မလိုက်နာတဲ့ ကလေးတွေဆိုရင်တော့ ဖလိုရိုက်မပါတာကို သုံးပေးရပါမယ်။

သွားတိုက်တဲ့အခါ စနစ်မှန်သွားတိုက်နည်းဆိုတာနဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးပါဆရာ။

♦ စနစ်မှန်သွားတိုက်နည်းက ကလေးတွေအတွက် အရေးအကြီးဆုံးပါ။ စနစ်မှန်သွားတိုက်နည်းအတိုင်းသာ မတိုက်ဘူးဆိုရင် ကလေးတွေမှာ သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတွေ ဖြစ်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ သွားတိုက်ဖို့အတွက် သွားတိုက်တံ ရွေးချယ်ဖို့ လိုပါတယ်။ ကလေးတွေအတွက် ထုတ်ထားတဲ့ သွားတိုက်တံကို ရွေးချယ်ပါ။ စျေးကွက်ထဲမှာ ရှိနေတဲ့ သွားတိုက်တံတွေကို ကိုယ့်ကလေးနဲ့ ကိုက်ညီမှု ရှိ၊ မရှိ အရင်ကြည့်ရမယ်။ ၂ နှစ်အရွယ် သုံးရတဲ့ သွားတိုက်တံ၊ ၃ နှစ်ကနေ ၇ နှစ်အထိ သုံးရတဲ့ သွားတိုက်တံဆိုပြီး ရှိပါတယ်။ သွားတိုက်တံရဲ့ အရွယ်အစားနဲ့ သွားတိုက်တံအမွေးလေး တွေက အရမ်းနူးညံ့တယ်။ သူတို့ကိုင်ပြီး တိုက်ရတဲ့ သွားတိုက်တံက ကွေးကွေး လေးတွေ၊ ထိပ်ကလည်း သေးသေးလေး ဖြစ်နေတယ်။ အဲဒါမျိုးကို ရွေးချယ်ရပါ မယ်။ သွားတိုက်ဆေးကတော့ ဖလိုရိုဒ်ပါတာသုံးလို့ရသလို၊ မျိုချမိမှာ ကြောက်တဲ့မိဘတွေအနေနဲ့ ဖလူရိုဒ်မပါတာကို သုံးနိုင်တယ်။

♦ စနစ်မှန်သွားတိုက်တာက တစ်နေ့ကို နှစ်ကြိမ်တိုက်ပေးရမယ်၊ မနက်စာစားပြီး တစ်ခါနဲ့ ည အိပ်ရာမဝင်ခင် တစ်ခါ တိုက်ပေးရပါမယ်။ တစ်နေရာကို ငါး ကြိမ်ကနေ ၁၀ ကြိမ်တိုက်ပေးရမယ်၊ သွားတိုက်တဲ့အခါ စနစ်မှန်သွားတိုက်နည်းကို သုံးပေးရတယ်ဆိုပေမယ့် ကလေးတွေမှာတော့ သိပ်မဖြစ်နိုင်ဘူးပေါ့။လူကြီးတွေဆိုရင်တော့ လျှာတွေပါ တိုက်ပေးရပါမယ်။

♦ စနစ်မှန်သွားတိုက်နည်းက သွားတိုက်တံကို သွားနဲ့ သွားဖုံးပေါ် တစ်ဝက်စီတင်ပြီး အဝိုင်းလိုက်ပွတ်တိုက်ကာ အောက်ဘက်ကို ဆွဲချတိုက်ပါ။ တစ်နေရာကို ငါးချက်ကနေ ၁၀ ချက်တိုက်ရမယ် ဆိုတာ ရှေ့မှာလည်း ပြောခဲ့ပါတယ်။ အောက်သွားတွေဆိုရင် အပေါ်သွားတွေ တိုက်သလိုပဲ သွားပွတ်တံကို သွားနဲ့သွားဖုံး တစ်ဝက်စီတင်ပါ။ စက်ဝိုင်းပုံဝိုက်ပြီး တိုက်ရာကနေ အပေါ်ဘက်ကို ဆွဲချတိုက်ပါ။ သွားရဲ့ အတွင်းဘက်မျက်နှာ ပြင်ကို တိုက်ဖို့အတွက် သွားပွတ်တံကို ပါးစပ်အ ပြင်ဘက်လှည့်ပြီး အပေါ်ကနေ အောက်ကို ဆွဲချတိုက်ပါ။ သွားပိုးစားတာ များတဲ့ အစာဝါးတဲ့အံသွားတွေကို အ လျားလိုက် တိုက်ပေးပါ။ ကလေးတွေ သွားတိုက်တဲ့အခါ သွားတိုက်တံမှာ သွားတိုက်ဆေးထည့်ပေးလိုက်တယ်၊ ခဏပဲ တိုက်ပြီး ထွေးထုတ်လိုက်တယ်ဆိုရင် ထိရောက်မှာ မဟုတ်ပါဘူး။ သွားတိုက်တဲ့အခါ တစ်နေရာကို ငါးချက်ကနေ ၁၀ ချက်အထိ တိုက်မယ်ဆိုရင် အားလုံးပြီးတဲ့အခါ အနည်းဆုံး ၂-၃ မိနစ်လောက် ကြာပါတယ်။

သွားတိုက်တဲ့အကြိမ်တိုင်းမှာ ၂-၃ မိနစ်ကြာအောင် တိုက်သင့်တာလားဆရာ။ နောက်ပြီး တချို့တွေက အစာစားပြီးတိုင်း သွားတိုက်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ အဲဒီလိုမျိုးကော လုပ်သင့်ပါသလား။

♦ သွားတိုက်တဲ့အကြိမ်တိုင်းမှာ ၂ မိ နစ်ကနေ ၃ မိနစ်ကြာအောင် တိုက်သင့်ပါတယ်။ ကလေးသွားတွေက နူးညံ့တာကြောင့် သွားတိုက်တဲ့အခါ တစ်နေ့ကို သုံးကြိမ်ထက်ပိုပြီး မတိုက်သင့်ပါဘူး။

ကလေးက အသက် ၈ နှစ်ရှိပါပြီ။ ငယ်သွားတွေမကျိုးဘဲ နောက်ထပ်သွားတွေ ထပ်ထွက်နေပါတယ်။ ဘယ်လိုလုပ်သင့်ပါသလဲ။

♦ ငယ်သွားလဲတဲ့အခါ တချို့ငယ်သွား တွေက ခိုင်နေတတ်တယ်။ သွားဖုံးထဲမှာ ခိုင်ပြီး မကျိုးတာကြောင့် ကြီးသွားပေါက်တဲ့အခါ လည်တာ၊ စောင်းတာတွေ ဖြစ် တတ်ပါတယ်။ အဲဒီလိုထပ်ပြီး ပေါက်လာ တာမျိုးဆိုရင်တော့ ငယ်သွားကို မဖြစ်မနေနုတ်ကို နုတ်ပေးရပါမယ်။ ဘာကြောင့် လဲဆိုတော့ ကြီးသွားရှိတာကြောင့် နုတ်လိုက်ရင် ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ ကြီးသွားတွေလည်း ညီညီညာညာ နဲ့ ပေါက်လာပါတယ်။ အခုလိုအခြေအ နေမျိုးဆိုရင်တော့ ဆေးခန်းသွားပြီး နုတ် လိုက်ပါလို့ အကြံပေးချင်ပါတယ်။

ကလေးရဲ့ ရှေ့သွားတွေ ပိုးစားလို့ တုံးတိဖြစ်နေပါတယ်။ ကြီးသွားလဲတဲ့အခါ အထပ်ထပ်တွေ ဖြစ်လာနိုင်ပါသလားဆရာ။

♦ ကလေးသွားတွေ ငုတ်တိုဖြစ်ရတဲ့ အဓိကအကြောင်းက သွားပိုးစားတာကြောင့်ပါ။ တချို့မေမေတွေက ကလေး နေအောင်ဆိုပြီး ပါးစပ်ထဲမှာ နို့ဘူးတွေ အကြာကြီး ထည့်ပေးထားတတ်ကြပါ တယ်။ အဲဒီလိုအကြာကြီးထည့်ထားတဲ့ အခါ ကြာလာတော့ သွားတွေ ပိုးစားလာ ပါတယ်။ နို့မှုန့်မှာပါတဲ့သကြားတွေက ပါးစပ်ထဲမှာရှိတဲ့ ဗက်တီးရီးယားတွေနဲ့ ပေါင်းပြီးရင် အက်စစ်ထုတ်ပါတယ်။ အဲဒီ အက်စစ်က ကလေးသွားနဲ့ထိတဲ့အခါ သွား တွေက ပိုးစားပြီး တုံးတိလေးတွေဖြစ် လာပါတယ်။ အဲဒါကြောင့် ကလေးသွား တွေ တုံးတိငုတ်တိုလေးတွေ မဖြစ်ရ အောင် နို့ဘဘူးအကြာကြီးတိုက်တာမျိုးကို ရှောင်ရပါမယ်။

♦ ကလေးရှေ့သွားလေးတွေက အ သက် ၇ နှစ်မှ ကြီးသွားပေါက်ပါတယ်။ နို့ ပိုးစားတာကတော့ အသက် ၇ နှစ်မ တိုင်ခင်မှာ ဖြစ်တာမို့လို့ ၇ နှစ်မတိုင်ခင် အထိတော့ ကြီးသွားတွေက ရှေ့က ထွက်လာတာလား၊ နောက်ကထွက်လာ တာလားဆိုတာ စောင့်ကြည့်ရပါမယ်။ ၇ နှစ်ပြည့်တဲ့အချိန်မှာ သွားတွေ ထပ် ပေါက်နေတယ်ဆိုရင်တော့ ဆေးခန်းလာ ပြသင့်ပါတယ်။

ကလေးက တစ်နှစ်နဲ့ ၇ လပါ။ သွားမတိုက်တတ်သေးတော့ သွားကျန်းမာရေးအတွက် စိုးရိမ်ရပါသလား ဆရာ။

♦ တချို့ကလေးတွေမှာ သွားမတိုက် ချင်တာမျိုး ရှိတတ်ပါတယ်။ ဒီအရွယ်မှာ သိပ်မသိသာသေးပါဘူး။ ကလေးအသက် ၃ နှစ်ကနေ ၅ နှစ်လောက်ဆိုရင်တော့ ပိုးစားလာတာ သိသာပါတယ်။ သွားမ တိုက်တတ်သေးရင် အဝတ်စ သန့်သန့် ဒါမှမဟုတ် ဂွမ်းစသန့်သန့်နဲ့ တိုက်ပေးပါ။ သွား တိုက်ဆေးနဲ့ တိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။

သမီးလေးက အသက် ၃ နှစ်ရှိပါပြီ။ သွားတိုက်ပေးပေမယ့် နေ့ရော၊ ညပါ မုန့်တွေစားလို့ သွားကိုက်နေပါတယ်။ ဘာတွေရှောင်ပြီး ဘာတွေ ဆောင်သင့် ပါသလဲ။

♦ မိခင် အတော်များများကတော့ က လေးက သွားပိုးစားပြီး သွားကိုက်နေရင် နုတ်ချင်ကြပါတယ်။ ကလေးတွေ သွား လဲတဲ့ အသက်အရွယ်အပိုင်းအခြားရှိပါ တယ်။ ရှေ့သွားတွေဆိုရင် အသက် ၇- ၈ နှစ်လောက်မှာ လဲပါတယ်။ အဲဒီအချိန် ရောက်မှ နုတ်လို့ရပါမယ်။ ကလေးရှေ့ သွားလေးတွေ အသက် ၃-၄ နှစ် အရွယ် ကတည်းက ငုတ်တိုလေးတွေ ဖြစ်နေရင် နုတ်မပေးပါဘူး။ ကြီးသွားပေါက်တဲ့အခါ အဆင်မပြေမှာစိုးလို့ သွားကိုက်တယ်ဆို တိုင်း နုတ်မပေးပါဘူး။ သွားကိုက်တယ် ဆိုရင် သွားဆေးခန်းလာပြီး ကုသတာ အကောင်းဆုံးပါ။ အိမ်မှာပဲ ကုမယ်ဆိုရင် ပါရာစီတမောပါတဲ့ ဆေးတွေ တိုက်လို့ရ တယ်။ ရှေ့သွားလေးတွေက ၇-၈ နှစ် လောက်ဆိုရင် နုတ်လို့ရပြီ။ သွားတွေ အားလုံးစုံတာကတော့ အသက် ၁၂ နှစ် မှာစုံပါတယ်။ ကလေးအံသွားလေးတွေ ကိုတော့ ၁၀ – ၁၁ နှစ်ဆိုရင် နုတ်လို့ ရပါပြီ။

♥ ဒေါက်တာဝေယံစိုး (သွားနှင့် ခံတွင်းဆရာဝန်)

Post Author: Good Health Journal