ကလေးကျန်းမာသိကောင်းစရာ (၃) (၄)

ကလေးကျန်းမာသိကောင်းစရာ (၃)
အဖျားနှင့် ပါရာစီတမော
ကလေးတွေ ကိုယ်ခန္ဓာ တုံ့ပြန်မှု တစ်ခုဖြစ်လို့ ကိုယ်နည်းနည်းပူတိုင်း ပါရာစီတမော တိုက်စရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ်ပူချိန်တအားတက်ပြီး ကလေး နုံးမယ်၊ မှိန်းမယ်၊ ဂျီကျမယ်ဆိုရင်တော့ ကိုယ်ပူချိန်ကျအောင် ပါရာစီတမောတိုက် နိုင်ပါတယ်။ တချို့ကလေးတွေဟာ ဖျားပေမယ့် လန်းနေ၊ ဆော့နေရင် ဆေးမလိုပါ။ ဖျားမှာစိုးလို့ ကြိုတိုက်တာမျိုး၊ ၄ နာရီတိုင်း တိုက်နေတာမျိုးရှောင်သင့်ပါတယ်။ ၅-၆ နာရီတစ်ခါလောက်ပဲ တိုက်သင့်ပါတယ်။ ပါးစပ်ကတိုက်နိုင် သောက်နိုင်သားနဲ့ စအို ထဲ ထည့်တာမျိုးတော့ လုံးဝရှောင်သင့်ပါတယ်။
ပါရာစီတမောကြောင့် အဖျားဟာ လုံး၀ အမြစ်ပြတ်သွားနိုင်တာ မဟုတ်ဘဲ ကလေးယာယီသက်သာအောင်ပေးရတာသာဖြစ်တဲ့အတွက် သက်သာနေတဲ့ ကလေးကို ဆေးတိုက်စရာမလိုပါဘူး။
ပါရာစီတမောလိုဆေးတွေ တိုက်ရာ မှာ သတိပြုသင့်တာနောက်တစ်ခုက ဆေးရည်တွေရဲ့ပါရာစီတမောပါဝင်မှု အမျိုး အစားပါ။ ပါရာစီတမောတိုင်းကို ပုံသေ မှတ်ပြီး ပမာဏအတူတူ မသောက်သင့်ပါ ဘူး။ ညှစ်ပြီး အစက်ချတိုက်ရတဲ့ အမျိုး အစားက ပါရာစီတမောပါဝင်မှုပိုများလို့ နည်းနည်းပဲ တိုက်ရပါတယ်။ 1 ml မှာ 100mg ပါပါတယ်။ တခြားပုလင်းကြီးတွေ က 125/5 ml, 250/5ml စသည်ဖြင့် မျိုးစုံလာပါတယ်။ ၁၂၅ အားဆိုရင် 1 ml မှာ 25 mg ပါပြီး ၂၅၀ အားဆိုရင် 1 ml မှာ 50 mg ပါပါတယ်။ ဒါကြောင့် ပါရာစီ တမောမြင်တိုင်း ရမ်းမတိုက်သင့်ပါဘူး။ ဆေးပုလင်းမှာရေးထားတဲ့ အသက်အ လိုက်တိုက်တာလည်း မှားနိုင်ပါတယ်။
အမှန်ကန်ဆုံးကတော့ ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ချိန်ဆပြီး တိုက်တာပါ။ အောက်မှာ ကလေးရဲ့ ကိုယ်အလေးချိန်၊ ပါရာစီတမော အမျိုးအစားနဲ့ တိုက်သင့်တဲ့ ပမာဏတွေ ပူးတွဲပြထားပါတယ်။
Ibuprofen လို့ခေါ်တဲ့ ဆေးတစ် မျိုးကိုလည်း အဖျားကျဖို့ သုံးပါတယ်။အထူးသဖြင့် နိုင်ငံခြားတွေမှာ ပိုသုံးပါ တယ်။ မြန်မာပြည်မှာတော့ ကျွန်တော်တို့ သုံးရတာနည်းနည်း ကြောက်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သွေးလွန်တုပ်ကွေးမှာ သုံးမိရင်အန္တရာယ်ရှိလို့ပါ။ ဒါကြောင့် သွေး လွန်တုပ်ကွေးမဟုတ်မှန်း သေချာမှ သုံးသင့်ပါတယ်။
ကလေးကျန်းမာ သိကောင်းစရာ – ၄
အဖျားနှင့် ပဋိဇီဝဆေး (ပိုးသတ်ဆေး)
ကလေးတွေကို ဖျားစေတဲ့ ပိုးအများ စုဟာ ဗိုင်းရပ်စ်ပိုးတွေဖြစ်လို့ ဖျားတိုင်း ပိုးသတ်ဆေးမလိုပါ။ အများစုဟာ သူ့သ ဘာဝရောဂါပျောက်ကင်းတာကို ဆေးပေးလိုက်လို့ ပျောက်တယ်ထင်မိတာပါ။
ပိုးသတ်ဆေးမလိုအပ်ဘဲ သုံးတဲ့အ တွက် ဆိုးကျိုးများစွာရှိပါတယ်။ ပိုးတွေ ဟာ ပိုးသတ်ဆေးကို ခံနိုင်ရည် ပိုရှိလာပြီး တကယ်လိုလို့သုံးရင် ထိရောက်မှု နည်း လာပါတယ်။ ပိုးသတ်ဆေးရဲ့ ဆိုးကျိုးတွေ ခံရပါတယ်။ ဝမ်းပျက်တယ်၊ ဗိုက်နာတယ်၊ အန်တတ်ပါတယ်။ ပါးစပ်ထဲမှာ မှက္ခရု ထွက်လာတတ်ပါတယ်။
ပိုးသတ်ဆေးအများစုဟာ ဗက်တီး ရီးယားပိုးတွေကို သေစေတဲ့ဆေးတွေပါ။ ဒါကြောင့် ဗက်တီးရီးယားပိုးတွေကြောင့် ဖျားတယ်လို့ ယူဆမှပေးရပါမယ်။ ဥပမာ နားပြည်ယိုတာ၊ အာသီးပြည်တည်တာ၊ နမိုးနီးယားအဆုတ်ရောင်လက္ခဏာရှိတာ၊ ဆီးပိုးဝင်တာ ဝမ်းထဲမှာသွေးပါတာစတာ တို့ပါ။
ဖျားပြီးလည်ချောင်းနာတိုင်း၊ အာသီး နီပြီး ကြီးနေတိုင်း ပိုးသတ်ဆေးမလိုပါ။ အာသီးဟာ ကိုယ်ခံစွမ်းအားရဲ့ အရေးပါတဲ့ ရှေ့တန်းခံတပ် တစ်ခုပါ။ ဒါကြောင့် ပြင်ပ ရောဂါပိုးဝင်လာရင် ကိုယ်အပူချိန်တက် တာနဲ့အတူ အာသီးကြီးလာတတ်ပါတယ်။ အာသီးကြီးတိုင်း၊ ရောင်တိုင်း ပိုးသတ် ဆေးမလိုပါ။
ဖျားပြီးနှာစေးချောင်းဆိုး ဖြစ်တိုင်း လည်း ဗက်တီးရီးယားကြောင့်မဟုတ်ပါ။ ဒါပေမဲ့ ကလေးမှာနမိုးနီးယားလက္ခဏာမျိုး ဥပမာ အသက်ရှူ အလွန်မြန်လာမယ်၊ ရင်ဘတ်အောက်ပိုင်းချိုင့်ဝင်အောင် ရှူလာ မယ်စတာတို့တွေ့လာရင်တော့ ပိုးသတ် ဆေးလိုပါမယ်။
အလားတူပဲ ဖျားပြီးဝမ်းသွားတိုင်း ပိုးသတ်ဆေးမလိုပါ။ ပိုတောင် ဝမ်းပျက် နိုင်ပါတယ်။ သွေးပါမယ်၊ ချွဲတွေအရမ်း များပြီး ဗိုက်အရမ်းရစ်နာရင်တော့ ဝမ်း ကိုက်လက္ခဏာဖြစ်တဲ့အတွက် ပိုးသတ် ဆေးလိုနိုင်ပါတယ်။
ဒါပေမဲ့ ကလေးဟာ အသက်အရမ်း ငယ်မယ်၊ အရမ်းနုံးချည့်မှိန်းနေမယ်၊ အဖျား ကျတာတောင် မလန်းတော့ဘူးဆိုရင်တော့ ပိုးသတ်ဆေးတွေကိုစဉ်းစားရပါမယ်။ ဒီလို အခြေအနေမျိုးမှာ ပိုးသတ်ဆေးရမ်းပေး တာထက် သေချာအောင် သွေး၊ ဆီး စ တာတို့ စစ်ပြီးမှ ပေးသင့်ပါတယ်။ ဆေး ရုံတင်ပြီး သွေးကြောမှထိုးရတဲ့ ပိုးသတ် ဆေးမျိုးလိုနိုင်ပါတယ်။
ပါမောက္ခဒေါက်တာကျော်လင်း(ကလေးဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal